Healthy Life Ad
Health Tips

COVID-19 ကာကွယ်ဖို့ ဘာကြောင့် PPE ဝတ်ကြတာလဲ၊ မျက်စိ၊ နှာခေါင်းနဲ့ ပါးစပ်ကို ကာကွယ်ရင် မပြီးဘူးလား

—–၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။ ၊—–

ကိုဗစ်လူနာတွေကို ကျန်းမာရေးစောင့်ရှောက်ရတဲ့ ကျန်းမာရေးဝန်ထမ်းတွေက ကူးစက်နိုင်ခြေ သိပ်များပါတယ်။ အမှုန်အမွှားက ကူးစက်တယ်။ သေဆုံးမှု (၃) ရာခိုင်နှုန်း ရှိတဲ့အတွက်ကြောင့် လူနာနဲ့ထိတွေ့မယ်လူမှန်သမျှက PPE (Personal Protective Equipment) ဝတ်စုံဝတ်ပြီးမှ လူနာနားသွားလို့ရမယ်။ ဆေးပေးတာ၊ ဆေးထိုးတာ၊ စမ်းသပ်တာအားလုံးက ကာကွယ်ဝတ်စုံ PPE ဝတ်ပြီးမှ ထိတွေ့လို့ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ မကူးစက်အောင်လို့။ ကိုဗစ်က နှာခေါင်း၊ ပါးစပ်ကနေပြီး အဓိက ကူးစက်တာပါ။ အခုနောက်ပိုင်းမှာ မျက်စိကို ပွတ်မိရင် မျက်စိကနေ ကူးစက်တာတွေ့တော့ ခန္ဓာကိုယ်ထဲကို အဓိကဝင်တဲ့ အပေါက်ကြီးသုံးပေါက်ရှိပါတယ်။ အဲဒီအပေါက်ကြီး ၃ ခုဖြစ်တဲ့ နှာခေါင်း၊ ပါးစပ်နဲ့ မျက်စိကို ကာကွယ်ရင် မပြီးဘူးလား၊ အရေပြားကနေရော ကိုဗစ်ဝင်ရောက်နိုင်သလားဆိုတော့ အရေပြားကနေ ဝင်ရောက်နိုင်ခြင်း မရှိပါဘူး။

ကျန်းမာရေးဝန်ထမ်းတွေရဲ ့ PPE ဆိုတာ ခန္ဓာကိုယ်တစ်ခုလုံးက အရေပြားနေရာလွတ်မကျန် အရေပြားမပေါ်အောင် တစ်ကိုယ်လုံး ကာကွယ်ဝတ်ဆင်ရတဲ့ ဝတ်စုံကိုခေါ်ပါတယ်။ PPE ဝတ်စုံဝတ်တဲ့အခါ အရေပြားမပေါ်အောင် လုံလုံခြုံခြုံ ဝတ်ရတယ်။ လုံခြုံအောင်ဝတ်ထားတဲ့အတွက် လူနာနဲ့ထိတွေ့တဲ့အခါမှာ အမှုန်အမွှားတွေ ပြုတ်ကျတဲ့အခါမှာပဲဖြစ်ဖြစ် ကိုယ့်အရေပြားနဲ့ မထိတွေ့တော့ဘူး။ ဆိုလိုတာက လူနာရဲ ့အခန်းထဲကို သွားတဲ့အခါ PPE ဝတ်စုံကို လုံလုံခြုံခြုံဝတ်မယ်၊ N95 Mask ကို စနစ်တကျဝတ်ထားမယ်ဆိုရင် မကူးစက်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဗိုင်းရပ်စ်တွေက PPE ဝတ်စုံတွေမှာ အပြင်မှာကပ်နေလိမ့်မယ်။ နှာခေါင်းမှာ စနစ်တကျဝတ်ဆင်ထားတဲ့ N95 Mask ရဲ့အပြင်မှာ ဗိုင်းရပ်စ်တွေ ကပ်နေနိုင်တယ်၊ အရေပြားနဲ့ မထိတွေ့ဘူး၊ မရှူရှိုက်မိဘူး။ ဒါပေမဲ့ လူနာနဲ့တွေ့ပြီး ပြန်ထွက်လာတဲ့အချိန်မှာ ကိုယ်ရဲ ့အဝတ်အစားတွေရဲ ့အပြင်မှာ ဗိုင်းရပ်စ်တွေ တွယ်ကပ်လာတယ်လို့ ယူဆရမယ်။ ဒါဟာ PPE ဝတ်စုံဝတ်တဲ့လူတိုင်းအတွက် သတိပြုရမယ့် အချက်တစ်ချက်ဖြစ်တယ်။ ဒီ PPE ဝတ်စုံချွတ်တဲ့အချိန်မှာ ဒီဝတ်စုံပေါ်မှာရှိတဲ့ ဗိုင်းရပ်စ်အမှုန်အမွှားတွေကို ပြန်ပြီး ရှူရှိုက်မိနိုင်တယ်။ ပြီးရင် စနစ်တကျနဲ့ စွန့်ပစ်ရပါမယ်။ နှာခေါင်းစည်းကို နောက်ဆုံးမှချွတ်ရမယ်။ ဒါတွေကို ဂရုစိုက်ရပါမယ်။ အဝတ်လဲခန်းက ထွက်လာတာနဲ့ ကိုယ့်အဝတ်အစား အရေပြားပေါ်အမှုန်အမွှားတွေ မပါလာဘူးဖြစ်နေရမယ်။ ဒါမှ အောင်မြင်မယ်။

Most Popular

Healthy Life Ad
To Top