Healthy Life Ad
Health Tips

အမျိုးသမီး စိတ်ကျန်းမာရေးစကားဝိုင်း

—–၊​ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး) ၊—–

အိမ်နီးနားချင်းး မိတ်ဆွေတွေ စုဝေးပြီး ကျင်းပတဲ့ ခရစ္စမတ်အကြိုညစာစားပွဲတစ်ခုမှာ ဖြစ်ပါတယ်။ စကားစပ်မိလို့ စာရေးသူက ပြောမိလိုက်တယ်။

“စိတ်ကျရောဂါနဲ့ စိုးရိမ်စိတ်လွန်ကဲရောဂါက အမျိုးအမီးတွေထဲမှာ ဖြစ်ပွားမှုနှုန်းများတယ်ဗျ”

ဥရောပတိုက်ဇာတိဖြစ်တဲ့ အိမ်နီးနားချင်းမိတ်ဆွေ နီကီတာက ဘဝင်မကျဘူး။ စာရေးသူကို စိုက်ကြည့်ပြီး မှတ်ချက်ချပါတယ်။

“အဲဒါက မိန်းမတွေကို အထင်အမြင်သေးတဲ့ ယောကျာ်း (Misogynist) တွေကပြောတာ မဟုတ်ဘူးလား။ ဒေါက်တာအုန်းက မိန်းမမုန်းသူများအဖွဲ့ဝင်လား”

“မဟုတ်ရပါဘူးဗျာ။ ဆေးပညာလေ့လာတွေ့ရှိချက်ကို ပြောတာပါ”

“ဘယ်လိုအထောက်အထားလဲ”

“နိုင်ငံအများအပြားမှာ လေ့လာတွေ့ရှိချက်တွေရှိပါတယ်။ ခြုံငုံပြီးပြောရရင်၊ အမျိုးအမီးတွေထဲမှာ ဘဝတစ်သက်တာအတွင်း စိတ်ကျရောဂါဖြစ်ပွားနိုင်ခြေ ၂၀ ရာခိုင်နှုန်းရှိတယ်။ ယောကျာ်းတွေထဲမှာ ၁၃ ရာခိုင်နှုန်းပဲရှိတယ်။ စိုးရိမ်စိတ်လွန်ကဲရောဂါ ဖြစ်ပွားနှုန်းက အမျိုးသမီးတွေထဲမှာ ယောကျာ်းတွေထက် ၂ ဆ – ၃ ဆ ပိုမိုများပြားတယ်။ ဘေးအန္တရာယ် ကြုံတွေ့ပြီးဖြစ်စိတ်ဖိစီးမှုရောဂါ (PTSD) က အမျိုးသမီးတွေထဲမှာ ဖြစ်ပွားမှုနှုန်း ၁၀ ရာခိုင်နှုန်းရှိတယ်။ ယောကျာ်းတွေထဲမှာ ၄ ရာခိုင်နှုန်းပဲ ရှိပါတယ်”

နီကီတာရဲ ့ ခင်ပွန်းက ပြုံစိစိမျက်နှာထားနဲ့ပြောတယ်။

“အဲဒါအမျိုးသမီးတွေ စိတ်ဓာတ်ပျော့ညံ့လို့ဖြစ်မှာပေါ့”

နီကီတာက သူယောကျာ်းကို မျက်စောင်းထိုးပြီး ပါးစပ်ရွဲ့ပြတယ်။

စာရေးသူက အလျင်အမြန် အဖြေပေးပါတယ်။

“အဲလိုမဟုတ်ပါဘူး။ လိင်ဟော်မုန်းသဘာဝကွဲလွဲမှုက ပထမအကြောင်းရင်းပါ။ နောက်ပြီး အမျိုးသမီးတွေရဲ ့ ဘဝအတွေ့အကြုံနဲ့ လူ့အဖွဲ့အစည်းရဲ ့ ဖိအားပေးမှုနဲ့လည်း သက်ဆိုင်ပါတယ်။

“မလိင်ဟော်မုန်း (Oestrogen)နဲ့ ဖိုလိင်ဟော်မုန်း (Testosterone) သဘာဝချင်းမတူတာကို ပြောတာလား”

“အာနိသင်ချင်းကွဲပြားမှုနဲ့ မဆိုင်ပါဘူး။ လစဉ်လတိုင်း ဟော်မုန်းပမဏအခြေအနေ ပြောင်းလဲတာနဲ့ သက်ဆိုင်ပါတယ်”

“အမျိုးသမီး မီးယပ်သွေးပေါ်တာနဲ့ သက်ဆိုင်သလား”

“မှန်ပါတယ်။ ရာသီသွေးမလာခင် တစ်ပတ်အလိုနဲ့ ရာသီသွေးဆင်းစမှာ မလိင်ဟော်မုန်းကျဆင်းသွားတယ်။ ခင်ဗျားတို့သိပြီးဖြစ်မှာပါ။ အမျိုးသမီးတွေထဲမှာ ၂၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ “ရာသီမလာမီ စိတ်ညစ်ညူးခြင်း ဝေဒနာ”(Premenstrual Syndrome) ခံစားရတယ်။ ဒါထက်ပိုပြီး အခြေအနေဆိုးရင် ရာသီမလာမီ စိတ်ကျရောဂါ” (Premenstrual Dysphoric Disorder)(PMDD) ရရှိနိုင်တယ်။ အမျိုးသမီး တွေထဲမှ ၃ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းအထိ PMDD ရောဂါရှိပါတယ်။ PMDD ရောဂါလက္ခဏာတွေက စိတ်ညစ်တာ၊ သာယာပျော်ရွှင်မှု မခံစားနိုင်တာ၊ စိုးရိမ်စိတ်/ကြောက်စိတ်လွန်ကဲလာတာ၊ စိတ်တိုလွယ်တာ စသဖြင့်ပေါ့။ ဒီတော့ စိတ်ကျရောဂါကို လစဉ်ခံစားနေရသလိုရှိပါတယ်။ ယောကျာ်းတွေမှာ ဖိုလိင်ဟော်မုန်း လစဉ် အတက်အကျ မရှိဘူး။ ဒါကြောင့်ပါ။ အသက် ၅၀ ကျော်ယောကျာ်းတွေထဲမှာ ဖိုလိင်ဟော်မုန်း ကျဆင်းလာလို့ စိတ်အပြောင်းအလဲရှိနိုင်ပါတယ်။ အမျိုးသမီးသွေးဆုံးချိန်မှာ ဖြစ်တတ်တဲ့ “သွေးဆုံးလက္ခဏာစု” (Menopausal Syndrome) လိုပေါ့။ ခန္ဓာကိုယ်မအီမသာလက္ခဏာတွေအပြင် စိတ်ညစ်တာ၊ စိုးရိမ်သောကများတာနဲ့ စိတ်တိုတာ စတဲ့ လက္ခဏာတွေလည်း ရှိပါတယ်”

ဒီတချီမှာ နီကီတာက စာရေးသူကို ထောက်ခံပြောကြားတယ်။

“မဆိုးပါဘူး”

“နောက်ပြီး ကိုယ်ဝန်ဆောင်သားဖွားခြင်းနဲ့ သက်ဆိုင်တဲ့ စိတ်ရောဂါကလည်း အမျိုးသမီးတွေမှာသာ ဖြစ်ပွားမှာပေါ့။ ကလေးမွေးဖွားပြီးစ ၃ ရက် ၅ ရက်အတွင်း ဖြစ်ပေါ်လာတတ်တဲ့ “မီးနေသည်စိတ်ညစ်ညူးခြင်း” (Baby Blue)က မီးနေသည် ၃၀ ရာခိုင်နှုန်းကျော်မှာ ဖြစ်ပွားတယ်။ ဒါထက်ဆိုးရွားရင် ကလေးမွေးဖွားပြီး ၂ ပတ်မှ ၆ ပတ်အတွင်း ဖြစ်ပွားတတ်တဲ့ “မီးနေသည်စိတ်ကျရောဂါ” (Post Partum Depression) ခံစားရမယ်။ မီးနေသည် ၁၀ ရာခိုင်နှုန်းကျော်မှာ တွေ့ရှိရမယ်။ ဒီတော့ အမျိုးသမီးတွေထဲမှာ စိတ်ကျရောဂါ ဖြစ်ပွားမှုနှုန်း များပြားတာပေါ့”

နီကီတာက နှစ်ခြိုက်စွာ ပြုံးပြလိုက်တယ်။ ဒါပေမဲ့ စာရေးသူရဲ့မိတ်ဆွေကိုတာက စောဒကတက်ပါတယ်။

ဇနီးကိုယ်ဝန်ရှိရင် ခင်ပွန်းကလိုက်ပြီး ကိုယ်ဝန်ဆောင်နေရသလို ခံစားရတဲ့ ဝေဒနာရှိတယ်မဟုတ်ဘူးလား။

ရောဂါတစ်ခုအဖြစ် သတ်မှတ်ထားတာတော့ မရှိသေးဘူး။ ဆေးပညာဂျာနယ်တွေမှာ ရေးသားဖော်ပြတဲ့ဝေဒနာ တစ်ခုရှိပါတယ်။ Couvade Syndrome လို့ ခေါ်တယ်။ “သနားငဲ့ညှာစိတ်ဝေဒနာ” ဆိုပါတော့။ ဇနီးကိုယ်ဝန်ရှိချိန်မှာ ခင်ပွန်းက ပျို ့အန်ခြင်း၊ ဝမ်းဗိုက်ဖောင်းပွလာခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း စတဲ့ လက္ခဏာတွေ ခံစားရတယ်။ ဇနီးသားဖွားချိန်ရောက်ရင် ဇနီးနဲ့အတူပြိုင်ပြီး ဗိုက်နာတာခံစားရတယ်။ သြစတြီးလျနိုင်ငံမှာ ၃၁ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။ ရုရှားနိုင်ငံတောရွာတွေမှာ ခင်ပွန်းယောကျာ်း ၇၀ ရာခိုင်နှုန်းအထိ ဖြစ်ပွားတတ်တယ်တဲ့။ ယဉ်ကျေးမှုထုံးတမ်း အစဉ်အလာပေါ်မူတည်ပါတယ်။ အိန္ဒိယနိုင်ငံဇာတိ ဒေါက်တာရှန်ကာက ပါဝင်ဆွေးနွေးတယ်။ “ယဉ်ကျေးမှုဓလေ့ထုံးတမ်းဖိအားကြောင့် အမျိုးသမီးတွေထဲမှာ စိတ်ဖိစီးမှု ပိုမိုခံစားရတယ်လို့ ကျွန်မယုံကြည်တယ်။ ဥပမာ – “အမျိုးသမီးလိင်အင်္ဂါဖြတ်တောက်ခြင်း (Female Genital Mutilation)(FGM) ဆိုပါတော့။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အာဖရိကနိုင်ငံ၊ အာရပ်နိုင်ငံနဲ့ အာရှတိုက်နိုင်ငံပေါင်း ၃၀ မှာ စာရင်းယူထားတာရှိတယ်။ တစ်နှစ်အတွင်း မွေးကင်စအရွယ်မှ ၁၅ နှစ်အရွယ်အထိ မိန်းကလေး ၃ သန်းကျော် FGM ပြုလုပ်ခံထားရတယ်လို့ သိရတယ်။ (WHO 2020)။ FGM ပြုလုပ်ခြင်းခံရတဲ့ အမျိုးသမီး တွေထဲမှာ လိင်ဆက်ဆံရင် အခက်အခဲရှိခြင်း၊ သိမ်ငယ်စိတ်ကြီးမားခြင်း၊ စိတ်ကျရောဂါ၊ စိုးရိမ်စိတ်လွန်ကဲ ရောဂါနဲ့ ဖိစီးမှုဒဏ် စိတ်ရောဂါ (PTSD) တွေဖြစ်ပွားမှုများတယ်လို့ ဖတ်ရပါတယ်”

စာရေးသူက ဖြည့်စွက်ပြောတယ်။

“အမျိုးသမီးတွေကို စိတ်ဖိစီးမှုဖြစ်စေတဲ့ တခြားရိုးရာဓလေ့ထုံးတမ်းတွေ ရှိသေးတယ်။ ဥပမာ – အသက်မပြည့်မီအရွယ် မိန်းကလေးကို အိမ်ထောင်ချပေးတဲ့စနစ်၊ အဆင့်အတန်းခွဲခြားဆက်ဆံတဲ့ မျိုးရိုးဇတ်အဆင့်ခွဲမှု လိုက်နာကျင့်သုံးတဲ့ (CASTE) စနစ်တွေပါ။ တချို ့နိုင်ငံတွေမှာ ရိုးရာဓလေ့နဲ့ ဘာသာရေးယုံကြည်ချက်အရ၊ ယောကျာ်းတစ်ယောက်က မိန်းမတစ်ဦးထက်ပိုပြီး လက်ထပ်ယူခွင့်ရှိတယ်။ ဒီလိုအိမ်ထောင်ရေးအခြေအနေမှာ ဖွင့်မပြောဝံ့ပေမယ့်၊ စိတ်ဖိစီးမှုဒဏ် ခံရမှာပါပဲ”

ဆေးရုံတစ်ခုမှာ အလုပ်လုပ်တဲ့ လူမှုရေးအရာရှိ ဂျမ်မာက ပါဝင်ဆွေးနွေးတယ်။

“အမျိုးသမီးစိတ်ကျန်းမာရေးကို ထိခိုက်စေတဲ့ အကြောင်းရင်းတွေကို ပြောရင် မိသားစုအတွင်း အကြမ်းဖက်မှု (Domestic Violence) ကို မေ့ထားလို့မရဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO 2013) ကထုတ်ဝေတဲ့ စာတမ်းတစ်ခုကို ကျမဖတ်ဖူးတယ်။ ကမ္ဘာတဝှန်းအတိုင်းအတာနဲ့ကြည့်ရင် အမျိုးသမီး ၁၀ဝ မှာ ၃၅ ယောက်က၊ မိသားစုအတွင်း အကြမ်းဖက်မှုဒဏ်ကို ခံစားကြရတယ်တဲ့။ စိတ်ဓာတ်အားဖြင့် ညှင်းပန်းနှိပ်စက်တာ၊ နှုတ်နဲ့ဖြစ်စေ၊ ကိုယ်ထိလက်ရောက်ဖြစ်စေ အကြမ်းဖက်တာ၊ လိင်အဓမ္မပြုကျင့်တာ စသဖြင့်ပေါ။ အမျိုးသမီး ၇ ရာခိုင်နှုန်းက သူစိမ်းယောကျာ်းက လိင်အဓမ္မပြုကျင့်တာ ခံရတယ်။ မိသားစုအတွင်း အကြမ်းဖက်မှုခံစားရတဲ့ အမျိုးသမီးတွေထဲမှာ စိတ်ကျရောဂါ ဖြစ်ပွားနှုန်းက၊ လူထုအတွင်း ဖြစ်ပွားနှုန်းထက် ၂ ဆခွဲကျော်ရှိတယ်။ မုဒိမ်းကျင့်တာခံခဲ့ရတဲ့ အမျိုးသမီးတွေထဲမှာ စိတ်ကျရောဂါနဲ့ စိုးရိမ်စိတ်လွန်ကဲရောဂါ ဖြစ်ပွားနှုန်းက၊ လူထုအတွင်းဖြစ်ပွားနှုန်းထက် ၂ ဒဿမ ၆ ဆ ပိုမိုများပြာတယ်လို့ ဖတ်ရပါတယ်”

စာရေသူက ဖြည့်စွက်ဆွေးနွေးပါတယ်။

“ကလေးသူငယ် လိင်အဓမ္မပြုကျင့်ခံရတာကိုလည်း ထည့်သွင်းစဉ်းစားရမယ်။ သြစတြီးလျနိုင်ငံမှာ ကလေးသူငယ်တွေထဲမှာ လိင်အဓမ္မပြုကျင့်ခံရတာကို နှစ်မျိုးခွဲခြားထားတယ်။ လိင်ဗလက္ကာရပြုခြင်း (Non-penetrative Abuse) နဲ့ မုဒိမ်းကျင့်ခြင်း (Penetrative Abuse) ဖြစ်တယ်။ အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေထဲမှာ လိင်ဗလက္ကာရပြုခြင်းခံရတာက ၁၄ မှ ၂၆ ရာခိုင်နှုန်းရှိတယ်။ မုဒိမ်းကျင့်ခံရတာက ၄ မှ ၁၂ ရာခိုင်နှုန်းရှိပါတယ်။ ကလေးသူငယ် လိင်စော်ကားခံရရင်၊ ကြီးပြင်းလာတဲ့အခါ စိတ်ရောဂါမျိုးစုံ ဖြစ်ပွားနိုင်တယ်။ စိတ်ကြောင့်ဖြစ်ပွားတဲ့ အာရုံကြောရောဂါ (Conversion Disorder) စိတ်လှုပ်ရှားတုံ့ပြန်မှုလွန်ကဲ ကိုယ်ရည်ကိုယ်သွေးချို ့ယွင်းရောဂါ (Borderline Personality Disorder) စိတ်ကျရောဂါ၊ စိုးရိမ်စိတ်ကြောက်စိတ်လွန်ကဲရောဂါ၊ အန္တရာယ်ကြုံတွေ့ပြီး ဖြစ်ပွားစိတ်ဖိစီးမှုရောဂါ (PTSD) နဲ့ အရက်စွဲမူးယစ်ဆေးစွဲ ရောဂါတွေဖြစ်ပါတယ်။ လိင်အဓမ္မပြုကျင့်ခံရတဲ့နှုန်းက မိန်းကလေးတွေထဲမှာ ယောကျာ်းကလေးတွေထက် ၂ ဆလောက် များပြားတယ်။ ဒါကြောင့် အဲ့လိုစိတ်ရောဂါတွေက အမျိုးသမီးတွေထဲမှာ ဖြစ်ပွားမှုနှုန်း ပိုမိုးများပြားရတဲ့ အကြောင်းရင်းတစ်ခုပါ”

နီကီတာက ကျေနပ်တဲ့ အမူအရာနဲ့ မှတ်ချက်ချတယ်။

“စိတ်ကျရောဂါနဲ့ စိုးရိမ်စိတ်လွန်ကဲရောဂါက အမျိုးသမီးတွေမှာ ဖြစ်ပွားမှုများတယ်ဆိုတဲ့ စကားကို ကျွန်မနားလည်ပေးနိုင်ပါပြီး။ (Misogynist) အယူအဆလို့ မစွပ်စွဲတော့ပါဘူး”

“ဒီလိုရောဂါတွေ ဖြစ်ပွားမှုနှုန်းနည်းပါးအောင် ဆောင်ရွက်နိုင်ပါတယ်”

“ပြောပြပါ”

“PMS ၊ PMDD စတဲ့ရောဂါအတွက် ဟော်မုန်းဆေးနဲ့ ကြိုတင်ကာကွယ်ပေးနိုင်တယ်။ မီးနေသည် စိတ်ကျရောဂါ လက္ခဏာကို ရောဂါနုစမှာ သိရှိဖော်ထုတ်နိုင်ရင်၊ အချိန်မီကုသလို့ရတယ်။ အမျိုးသမီးကို ခွဲခြားဆက်ဆံတဲ့ ရိုးရာဓလေ့ထုံးတမ်းတွေကို ပြုပြင်ပေးဖို့ ပညာပေးနိုင်တယ်။ မိသားစုအတွင်း အကြမ်းဖက်မှုနဲ့ ကလေးသူငယ် ညှင်းပန်းနှိပ်စက်ခြင်း လိင်အဓမ္မပြုကျင့်ခြင်းအတွက် ပညာပေးနိုင်တယ်။ တရားဥပဒေနဲ့ ကာကွယ်ပေးနိုင်တယ်။ အကြမ်းဖက်ခံရတာရှိရင်၊ လိင်အဓမ္မ ပြုကျင့်ခံရတာရှိရင် ကူညီပံ့ပိုးပေးခြင်းနဲ့ အချိန်မီ ကုသပေးခြင်း စတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ပေးနိုင်တယ်”

Most Popular

Healthy Life Ad
To Top