Healthy Life Ad
Life Style

နေ့စဉ် အိမ်မှုကိစ္စပြုလုပ်ခြင်းက စောစီးစွာသေဆုံးနိုင်ခြေကို လျော့ကျစေနိုင်

———၊ ကိုထက် ၊———

ဒီနေ့ခေတ် လူငယ်အများစုကတော့ အိမ်မှုကိစ္စတွေပြုလုပ်ရမှာကို အလွန်ပျင်းရိကြမယ်လို့ ထင်ပါတယ်။ နေ့စဉ် ၅ မိနစ်ခန့် အိမ်မှုကိစ္စ ပြုလုပ်တာက အသက်အလယ်အလတ်ပိုင်းအရွယ်မှာ သေဆုံးနိုင်ခြေကို လျော့ကျစေတယ်လို့ သိပံ္ပပညာရှင်တွေက ထုတ်ပြန်လိုက်ပါတယ်။

နော်ဝေနိုင်ငံရှိ လေ့လာသူတွေက အိမ်တွင်းဖုန်စုပ်ခြင်း၊ ခြံထဲမြက်ရိတ်ခြင်းတွေ ပြုလုပ်တာဟာ လမ်းခပ်သွက်သွက်လျှောက်ခြင်းကြောင့် ရနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေအတိုင်း ရနိုင်တယ်လို့ ဆိုပါတယ်။ အခုလေ့လာမှုမှာတော့ ပေါ့ပေါ့ပါးပါး အိမ်မှုကိစ္စတွေဖြစ်တဲ့ ပန်းကန်ဆေးတာ၊ ဟင်းချက်တာတွေကို တစ်နေ့ ၁ နာရီခန့်ပြုလုပ်ခြင်းကလည်း ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတယ်လို့ ဆိုပါတယ်။

နော်ဝေရှိ အားကစားသိပံ္ပကျောင်းမှ လေ့လာသူတွေဟာ အရွယ်ရောက်ပြီးသူ ၃၆၀ဝ၀ ခန့်ကို စစ်တမ်းကောက်ယူပြီး တွက်ချက်မှု ၈ ခုခန့် ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ လေ့လာမှုမှာ ပါဝင်သူတွေက အသက် ၄၀ နဲ့အထက်ရှိကြပြီး ၄င်းတို့ရဲ ့နေ့စဉ်လှုပ်ရှားမှုတွေကို မှတ်တမ်းတင်ထားနိုင်ဖို့ ခန္ဓာကိုယ်ပေါ်မှာ စက်ပစ္စည်းတချို ့ကို ဝတ်ဆင်ခိုင်းထားခဲ့ကြတယ်လို့ သိရပါတယ်။ လေ့လာသူတွေဟာ အဖွဲ့လေးဖွဲ့နဲ့ ပျမ်းမျှအချိန် ၆ နှစ်ကြာအောင် မှတ်တမ်းပြုစုပြီး လေ့လာမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

လေ့လာနေစဉ်ကာလအတွင်းမှာပဲ လေ့လာမှုမှာ ပါဝင်သူ ၂၁၄၉ ဦး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ စစ်တမ်းရလဒ်များကို တွက်ချက်ကြည့်ပြီးနောက် နေ့စဉ် ၅ နာရီခန့် ပေါ့ပေါ့ပါးပါးလှုပ်ရှားမှုတွေ ပြုလုပ်ပြီး ၂၄ မိနစ်ခန့် အားစိုက်လုပ်ရတဲ့ လှုပ်ရှားမှုတွေ ပြုလုပ်သူတွေဟာ စောစီးစွာသေဆုံးနိုင်ခြေကို ၇၃ ရာခိုင်နှုန်း လျော့နည်းတယ်လို့ ဆိုပါတယ်။ ပေါ့ပေါ့ပါးပါးလှုပ်ရှားမှု ၁ နာရီခန့်နဲ့ အနည်းငယ် အားစိုက်ရတဲ့လှုပ်ရှားမှု ၅ မိနစ်လောက် ပြုလုပ်သူတွေကတော့ စောစီးစွာသေဆုံးနိုင်ခြေကို ၅၂ ရာခိုင်နှုန်း လျော့ကျစေတယ်လို့ ထုတ်ပြန်ထားပါတယ်။

သက်ရှည်ကျန်းမာဖို့အတွက် နေ့စဉ် ကိုယ်လက်လှုပ်ရှား အားကစားတွေပြုလုပ်ပေးဖို့ တိုက်တွန်းချက်တွေကို လူတိုင်းသိနားလည်ကြပါတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုး ဒီလို ကိုယ်လက်လှုပ်ရှားမှုတွေ မပြုလုပ်နိုင်သူတွေ၊ အချိန်မပေးနိုင်သူတွေအတွက် ပေါ့ပေါ့ပါးပါးကိစ္စလေးတွေ ပြုလုပ်တာကလည်း လေ့ကျင့်ခန်းလုပ်သလို အကျိုးကျေးဇူးရှိတယ်ဆိုတာကို သိစေချင်တာဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

“ဘယ်လိုကိုယ်လက်လှုပ်ရှားမှုမဆို ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးတွေရှိနေပါတယ်။ နည်းတာ၊ များတာပဲ ကွာတာပါ၊ ဒီလေ့လာမှုက ဘာမှမလုပ်တာထက်၊ တစ်ခုခုလုပ်နေတာက ပိုကောင်းပါတယ်ဆိုတဲ့ စကားကို သက်သေပြနိုင်ခဲ့ပါတယ်၊ ဒီလို လှုပ်ရှားမှုလေးတွေက အသက်ရှည်စေမယ့် အကျိုးကျေးဇူး ဖြစ်စေနိုင်သလို အချိန်ပေးပြီး အားကစားတွေ၊ ယောဂ၊ ထိုက်ကျိကစားခြင်းတွေသာ ပြုလုပ်မယ်ဆိုရင် ဘယ်လောက်အထိ ကောင်းကျိုးတွေရှိမယ်ဆိုတာကို သိနိုင်မှာပါ”လို့ စာတမ်းပြုစုရာတွင် ပါဝင်ခဲ့သူ ဒေါက်တာချာလော့တီအယ်ဝါဆန်က ပြောပြခဲ့ပါတယ်။

(Ref;DM 21-8-19)

Most Popular

Healthy Life Ad
To Top