Healthy Life Ad
Life Style

ကြောင်ကလေး

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

တစ်ခါတုန်းက ကျော်ကျော်နဲ့ ထွေးထွေးဆိုတဲ့ မောင်နှမနှစ်ယောက်ရှိခဲ့ကြတယ်။ သူတို့မှာ ကြောင်လေးတစ်ကောင် ပါရှိသတဲ့။ ဆောင်းဦးကာလတစ်ခုမှာ သူတိုရဲ့ကြောင်လေး ပျောက်သွားပါလေရော။ ကလေးတွေလည်း သူတို့ကြောင်လေးကို သူတို့ရှာနိုင်သမျှ နေရာအနှံ့ လိုက်ရှာကြပေမယ့် မတွေ့ခဲ့ရဘူး။

တစ်နေ့မှာတော့ သူတို့ဆော့ကစားနေတဲ့ နေရာအမိုးကနေ “မီးညောင်”ဆိုပြီး တိုးညင်းတဲ့ ကြောင်အော်သံလေးတွေ ကြားလိုက်ရပါသတဲ့။ ကျော်ကျော်က အဲဒီခေါင်မိုးကို တက်ရှာခဲ့တဲ့အခါ သူတို့ကြောင်လေးက ချစ်စရာကောင်းတဲ့ ကြောင်ပေါက်စလေးငါးကောင်ကို မွေးထားတာ တွေ့လိုက်ရပါလေရော။ ကျော်ကျော်လည်း ဝမ်းသာပျော်ရွှင်စွာနဲ့ ညီမလေးဖြစ်တဲ့ ထွေးထွေးကို လှမ်းအော်ပြောလိုက်တယ်။

“ကြောင်လေးပြန်တွေ့ပြီ ညီမလေး၊ အခု ကြောင်သေးသေးလေး ငါးကောင်မွေးထားတယ်။ သိပ်ကို ချစ်စရာကောင်းတယ်၊ မြန်မြန်လာကြည့်”

ကျော်ကျော်နဲ့ ထွေးထွေးက နေ့တိုင်း အဲဒီခေါင်မိုးပေါ်တက်ပြီး မိခင်ကြောင်မလေးကို အစာကျွေးတယ်၊ ကြောင်လေးတွေကို နွားနို့တိုက်ကြတယ်။ ဒီလိုနဲ့ ခေါင်မိုးက ကြောင်လေးတွေရဲ့နေအိမ်ဖြစ်လာပါတော့တယ်။

ကြောင်လေးငါးကောင်က ခပ်မြန်မြန်ကြီးလာတော့ ကျော်ကျော်နဲ့ထွေးထွေးက ကြောင်လေးတစ်ကောင်ကို သူတို့အိမ်ခေါ်လာခဲ့တယ်။ အဲဒီကြောင်လေးက အညိုရောင်အမွှေးတွေရှိပြီး လက်သည်းတွေကတော့ အဖြူလေးတွေ။ ကျော်ကျော်တို့အမေက တခြားကြောင်လေးတွေကို လိုချင်တဲ့ မိတ်ဆွေတွေဆီ ပေးလိုက်တယ်။

တစ်နေ့ကျတော့ ကျော်ကျော်နဲ့ ထွေးထွေးက အိမ်ရှေ့မှာ အညိုရောင်ကြောင်လေးနဲ့ အတူဆော့ကစားနေတယ်။ ကျော်ကျော်နဲ့ထွေးထွေးက ထူးဆန်းတဲ့သစ်ပင်ကိုမြင်တော့ အရွက်တွေကို ခူးနေတာနဲ့ ကြောင်ပေါက်စလေးကို မေ့သွားခဲ့တယ်။

အဲဒီမှာ ထူးဆန်းတဲ့အသံကို ကြားခဲ့ရတယ်။

“ပြန်လာ၊ ပြန်လာ”

ကြည့်လိုက်တဲ့အခါ နွားကျောင်းသားလေးက ခွေးနှစ်ကောင်နောက်ကို လိုက်နေခဲ့တယ်။ အဲဒီခွေးနှစ်ကောင်က အပြေးအလွှားနဲ့ အညိုရောင်ကြောင်လေးဆီ ဦးတည်သွားခဲ့တယ်။ ခွေးတွေက ကြောင်လေးဆီရောက်တော့ ကြောင်လေးက ထွက်မပြေးဘဲ ကြောက်လန့်တကြား ကြည့်နေခဲ့တယ်။

ထွေးထွေးလည်း အဲဒီမြင်ကွင်းကြောင့် စူးစူးရှရှအော်ပြီး ကျော်ကျော်က ကြောင်လေးဆီကို အမြန်ဆုံးပြေးသွားကာ ပွေ့ဖက်လိုက်တယ်။ ကံကောင်းစွာနဲ့ နွားကျောင်းသားလေးက သူ့ခွေးတွေဆီ အမြန်ရောက်လာပြီး အဝေးကို ခေါ်သွားနိုင်ခဲ့တော့တယ်။ ကလေးတွေက ကြောင်ပေါက်စလေးကို အိမ်ထဲပြန်ခေါ်သွားပြီး ကိုယ့်ကိုယ်ကိုယ် မကာကွယ်နိုင်သေးသရွေ့ အိမ်ပြင်မခေါ်တော့ဘူးလို့ ဆုံးဖြတ်လိုက်တော့တယ်။

(သင့်ကလေးတွေက လူကြီးတစ်ယောက်လို ပြုမူချင်တဲ့အခါ ဒီပုံပြင်လေးကို ပြောပြပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိအောင် အရင်ကြိုးစားသင့်တယ်ဆိုတာ ပညာပေးနိုင်ပါတယ်။)

Most Popular

Healthy Life Ad
To Top