Healthy Life Ad
Life Style

အသားအရေ နုပျိုတင်းရင်းလိုသူတိုင်း မဖြစ်မနေ လုပ်ဆောင်သင့်သည့် အရာ ၁၀မျိုး

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

သင့်အသားအရေက သင့်အကြောင်းကို ပြောပြနိုင်ပါတယ်။ သင့်အသားအရေကိုကြည့်ပြီး သင်ရေဓာတ်ပြည့်ဝရဲ့လား၊ အစားအသောက်ကို အာဟာရညီညွတ်အောင် စားရဲ ့လား၊ နေရောင်ခြည်ဒဏ် မခံရအောင် ရှောင်ရဲ ့လား စတဲ့အချက်တွေကို သင့်အသားအရေကိုကြည့်ပြီး သိရှိနိုင်ပါတယ်။ အရေပြားဆရာဝန်က သင့်အသားအရေကို ကြည့်ရှုစစ်ဆေးပြီး အချိန်တစ်မိနစ်၊ နှစ်မိနစ်အတွင်းမှာပဲ သင့်ကျန်းမာရေးအခြေအနေကို မှန်းဆနိုင်ပါတယ်။ အရေပြားကျန်းမာရေးဟာ ခန္ဓာကိုယ်အတွက် ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်မှု ရှိ၊ မရှိ ဆိုတဲ့ အချက်အပေါ်မှာ အများကြီး မူတည်နေလို့ပါ။ သင့်အသားအရေ ကျန်းမာလှပရေးအတွက် မဖြစ်မနေ လုပ်ဆောင်သင့်တဲ့ အချက်တွေကို လမ်းညွှန်ဖော်ပြလိုက်ရပါတယ်။

(၁) မိတ်ကပ်တွေနဲ့ ဘယ်တော့မှ မအိပ်သင့်ပါ

မိတ်ကပ်လိမ်းခြယ်ထားတဲ့ မျက်နှာကို သန့်စင်ဆေးကြောတာမျိုး မလုပ်ဘဲ အိပ်စက်တာက အဖုအပိမ့်ပေါက်တာနဲ့ နီမြန်းတာတွေကို ဖြစ်စေပြီး အချိန်ကြာလာတဲ့အခါမှာ အသားအရေကို ထိခိုက်စေနိုင်ပါတယ်။ မိတ်ကပ်အကြွင်းအကျန်တွေကြောင့် ချွေးပေါက်ပိတ်တာ၊ အရေပြားရောင်ရမ်းတာနဲ့ ထိခိုက်တာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ညအိပ်ရာမဝင်ခင်မှာ အရေပြားကို နူးညံ့တဲ့ဆပ်ပြာနဲ့ ဆေးကြောသန့်စင်ပေးပါ။

(၂) တာရှည်ခံအောင် ပြုပြင်ထားတဲ့ အစာတွေကို လျှော့စားပါ

တာရှည်ခံအောင် ပြုပြင်ထားတဲ့ အစားအသောက်တွေက သကြား၊ ဆား၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီနဲ့ ပြုပြင်ထားတဲ့ ကောက်နှံစာတွေနဲ့ ပြည့်နေပါတယ်။ ဒီအရာတွေကို စားသုံးလိုက်လို့ ခန္ဓာကိုယ်ထဲ ရောက်သွားချိန်မှာ အရေပြားရဲ ့ ကျန်းမာရေးကို ကောင်းကျိုးမပေးနိုင်ပါဘူး။ ပြုပြင်ထားတဲ့ အစာတွေစားမယ့်အစား သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ အခွံချွတ်မထားတဲ့ ကောက်နှံစာတွေကို စားပေးမှသာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ တခြားမရှိမဖြစ် အာဟာရဓာတ်တွေ ရရှိပြီး အသားအရေနဲ့ ခန္ဓာကိုယ်ကို ကျန်းမာစေပါတယ်။

(၃) ဆော်ဒါအချိုရည်နဲ့ တခြားအချိုရည်တွေကို ရှောင်ပါ

ဆော်ဒါနဲ့ တခြားအချိုရည်တွေမှာ ကယ်လိုရီပါဝင်မှု များတာကြောင့် ကိုယ်အလေးချိန် များစေနိုင်သလို အရေပြားကိုပါ နွမ်းနယ်စေပါတယ်။ ရေကို အလုံအလောက်သောက်ပြီး ရေဓာတ်ပြည့်ဝအောင်နေတာက အသားအရေကို ကျန်းမာလှပစေပါတယ်။

(၄) ကောင်းတဲ့အဆီကို စားပါ

အိုမီဂါသရီး ဖက်တီးအက်စစ်ဆိုတဲ့ အဆီကတော့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်တာကြောင့် အသားအရေကို ကျန်းမာလှပစေပါတယ်။ ငါးနဲ့ ငါးအဆီပါဝင်တဲ့ အစာတွေကို စားတာက အသားအရေကို ကျန်းမာလှပစေပါတယ်။ သံလွင်ဆီကလည်း ကောင်းတဲ့အဆီဖြစ်တာကြောင့် ဟင်းလျာတွေကို ချက်ပြုတ်တဲ့အခါမှာ ထည့်သုံးသင့်ပါတယ်။

(၅) အလှကုန်ပစ္စည်းများအတွက် ငွေများစွာမဖြုန်းပါ

နုပျိုလှပဖို့အတွက် ဈေးကွက်ထဲမှာ အသားအရေထိန်းပစ္စည်းတွေ မျိုးစုံရှိနေပါတယ်။ ဈေးကြီးတိုင်းကောင်းတယ်ထင်ပြီး အများကြီး လျှောက်မဝယ်ပါနဲ့။ သင့်အသားအရေအမျိုးအစားကို ကျွမ်းကျင်သူနဲ့ စမ်းသပ်စစ်ဆေးပြီး သင့်အသားအရေ အမျိုးအစားနဲ့ သင့်တော်တဲ့ အသားအရေထိန်းပစ္စည်းကိုသာ ရွေးဝယ်ပါ။

(၆) ဘယ်သောအခါမှ နေပူဆာမလှုံ့သင့်ပါ

ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မှုကြောင့် အရေပြားကင်ဆာနဲ့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုတို့ကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နေရောင်ခြည်ဒဏ်ကို အလွန်အမင်း မခံယူပါနဲ့။ အပြင်သွားတိုင်း နေကာခရင်မ်ကို လိမ်းပြီးမှ အပြင်သွားပါ။ တစ်နှစ်မှာတစ်ကြိမ် ဦးခေါင်းမှ ခြေဖျားအထိ အရေပြားကို စမ်းသပ်စစ်ဆေးပါ။

(၇) ဝက်ခြံနဲ့ မျက်နှာပေါ်က အပြစ်အနာအဆာတွေကို လက်နဲ့မထိသင့်ပါ

မျက်နှာပေါ်က အဖုတွေကို လက်နဲ့ပွတ်သပ် ထိတွေ ့တာကြောင့် အဖုအပိမ့်တွေကို ပိုဆိုးစေပြီး အနာကျက်သွားချိန်မှာ အမာရွတ်ထင်ကျန်စေပါတယ်။ ဒါကြောင့် မျက်နှာပေါ်မှာ ဝက်ခြံနဲ့အဖုအပိမ့်တွေ ရှိနေရင် အရေပြားအထူးကု ဆရာဝန်ညွှန်ကြားတဲ့ ဝက်ခြံပျောက်ဆေးကို သုံးသင့်ပါတယ်။

(၈) ရေအမြန်ချိုးပြီး အစိုဓာတ်ထိန်းပါ

ရေကို အချိန်အကြာကြီးချိုးတာနဲ့ ရေပူနဲ့ ချိုးတာတွေဟာ အရေပြားကို ရေဓာတ်ခမ်းခြောက်စေပါတယ်။ ဒါကြောင့် အချိန်တိုတိုအတွင်း ရေချိုးပြီး အစိုဓာတ်ရှိနေအောင် အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းပေးသင့်ပါတယ်။

(၉) ကိုယ်အလေးချိန်ကို အမြဲထိန်းပါ

အရေပြားက ကျုံ ့နိုင်၊ ဆန့်နိုင်စွမ်း ရှိပါတယ်။ ဒါပေမဲ့ ကိုယ်အလေးချိန်က အလွန်အမင်းတက်သွားချိန်မှာ အရေပြားကို ဆွဲဆန့်လိုက်သလို ဖြစ်စေတာကြောင့် အရေပြားမှာ အကြောပြတ်ရာတွေ ဖြစ်ကျန်ခဲ့တတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာဆိုရင် ဗိုက်ပူလာတာကြောင့် အကြောပြတ်ရာ အဖြစ်များပါတယ်။ အလားတူ ကိုယ်အလေးချိန် မကြာခဏ မြင့်တက်တာနဲ့ ရုတ်တရက် ပြန်ကျတာတွေကြောင့် မျက်နှာအရေပြားရဲ ့ တင်းအားလျော့ကျပြီး အိုမင်းတယ်လို့ ထင်ရစေပါတယ်။

(၁၀) ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါ

ကိုယ့်ကိုယ်ကိုယ် လှတယ်ဆိုတဲ့ ယုံကြည်မှုကို ထားရှိပေးပါ။ ယုံကြည်မှုကြောင့် သင့်အလှက ပိုတောက်ပနေပါလိမ့်မယ်။

Most Popular

Healthy Life Ad
To Top