Healthy Life Ad
Health Tips

ဦးနှောက်လေ့ကျင့်ခန်း

—–၊ ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး) ဦးနှောက်လျှပ်စစ်လှိုင်း ၊—–

ဦးနှောက်တစ်ခုလုံးမှာ ဦးနှောက်ကလာပ်စည်း စုစုပေါင်း ၁၀ ဘီလီယံရှိတယ်လို့ ဆိုပါတယ်။ အဲဒီကလာပ်စည်းတွေက ဖြာထွက်လာတဲ့ အာရုံကြောမျှင်တွေကတော့ မရေတွက်နိုင်လောက်အောင် ရှိလိမ့်မယ်။ ဦးနှောက်ဇီဝသဘာဝလုပ်ငန်း ပြုလုပ်တိုင်း ဦးနှောက်ကလာပ်စည်းနဲ့ အာရုံကြောမျှင်တွေထဲမှာ လျှပ်စစ်ဓာတ် ဖြစ်ပေါ်လာပါတယ်။ ဦးနှောက်လျှပ်စစ်လှိုင်းကို ဦးခေါင်းပေါ်ကနေပြီး ဖမ်းယူတိုင်းတာနိုင်တယ်။ အဲဒီစက်ကိရိယာကို (Electroencepha­lography) (EEG) စက်လို့ခေါ်တယ်။ ဦးနှောက်လျှပ်စစ်လှိုင်းတိုင်း ကိရိယာဆိုပါတော့။ လူတစ်ဦးတစ်ယောက် ဆင်ခြင်စဉ်းစားမှု၊ စိတ်ခံစားမှုအခြေအနေပေါ် မူတည်ပြီး ဦးနှောက်လျှပ်စစ်လှိုင်း အမြန်ဆုံး ကွဲပြားမှုရှိပါတယ်။

လေ့လာတွေ့ရှိထားတဲ့ ဦးနှောက်လျှပ်စစ်လှိုင်း အမျိုးမျိုးရှိပါတယ်။

(၁) ဘီတာ(Beta) ဦးနှောက်လှိုင်းက အရွယ်ပမာဏသေးငယ်ပြီး လှိုင်းအမြန်နှုန်းက မြင့်မားတယ်။ တစ်စက္ကန့်မှာ ၁၄ မှ ၄၀ Hz ရှိတယ်။ စိတ်အာရုံပြင်းပြင်းထန်ထန် စူးစိုက်နေချိန်မှာ ဘီတာလှိုင်းအများအပြား ပေါ်ပေါက်လာတယ်။ ဥပမာ-အခြေအတင်စကားပြောနေခြင်း၊ ပြဿနာတစ်ခုကို စူးစိုက်စဉ်းစားနေခြင်း၊ ဆင်ခြင်တွေးတောနေခြင်း၊ ဆောင်ရွက်စရာရှိတဲ့ လုပ်ငန်းပြီးစီးအောင် အာရုံစူးစိုက်လုပ်ကိုင်နေခြင်း စတာတွေ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုခံစားနေရခြင်း၊ စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊ စိုးရိမ်သောကပွားများနေခြင်း စတဲ့သာယာမှုမရှိတဲ့ စိတ်ခံစားမရမှုရှိနေရင်လည်း ဦးနှောက်ဘီတာလှိုင်း များပြားလာပါတယ်။

(၂) အယ်ဖာ (Alpha) ဦးနှောက်လှိုင်းအမြန်နှုန်းက နည်းနည်းနှေးတယ်။ တစ်စက္ကန့်မှာ ၈ မှ ၁၄ Hz ရှိတယ်။ နိုးကြားပြီး စိတ်တည်ငြိမ်အေးချမ်းနေတဲ့အချိန်မှာ အယ်ဖာဦးနှောက်လှိုင်း အများအပြား တွေ့ရှိရတယ်။ ဥပမာ-တစ်ခုခုကို စိတ်ကူးယဉ်တွေးတောနေတဲ့အချိန်၊ ကမ္မဋ္ဌာန်းထိုင်နေချိန်၊ အကြောလျှော့လေ့ကျင့်ခန်း လုပ်နေတဲ့အချိန်တွေ ဖြစ်ပါတယ်။

(၃) သီတာ (Theta) ဦးနှောက်လှိုင်းက ပိုပြီးနှေးတယ်။ တစ်စက္ကန့်မှာ ၄ မှ ၈ Hz နှုန်းရှိတယ်။ သီတာဦးနှောက်လှိုင်းအများအပြား တွေ့ရှိရတဲ့ စိတ်ဖြစ်စဉ်အခြေအနေတွေကိုလည်း တွေ့ရှိထားပါတယ်။ ဥပမာ-အိပ်ပျော်စအချိန်၊ အိပ်မက်မက်နေတဲ့အချိန်၊ ကမ္မဋ္ဌာန်းထိုင်တာ ကျင့်သားရလာလို့ စိတ်လုံးဝပြေလျော့နေတဲ့အချိန်၊ ထိုးထွင်းသိမြင်ခြင်း၊ တီထွင်ဉာဏ်အသစ်ဖြစ်ပေါ်ခြင်း ခံစားရတဲ့အချိန် စတာတွေ ဖြစ်ပါတယ်။

“နိုးကြားပြီး စိတ်တည်ငြိမ်အေးချမ်းနေတဲ့အချိန်မှာ အယ်ဖာဦးနှောက်လှိုင်းအများအပြား တွေ ့ရှိရတယ်။ ဥပမာ-တစ်ခုခုကို စိတ်ကူးယဉ်တွေးတောနေတဲ့အချိန်၊ ကမ္မဋ္ဌာန်းထိုင်နေချိန်၊ အကြောလျှော့လေ့ကျင့်ခန်း လုပ်နေတဲ့အချိန်တွေ ဖြစ်ပါတယ်။”

(၄) ဒယ်တာ (Delta) ဦးနှောက်လှိုင်းက အလွန်နှေးတယ်။ လှိုင်းပုံသဏ္ဍာန်က ကြီးမားတယ်။ တစ်စက္ကန့်မှာ ၁ မှ ၄ Hz နှုန်းပဲရှိတယ်။ အလွန်အမင်း အိပ်မောကျနေတဲ့အချိန် (Deep Sleep) မှာ ဒယ်တာလှိုင်းကို တွေ့ရှိရပါတယ်။
အဲဒီလို စိတ်ဖြစ်စဉ်ပေါ် မူတည်ပြီး ဖြစ်ပေါ်လာတဲ့ ဦးနှောက်လျှပ်စစ်လှိုင်းကို အသိစိတ်နဲ့ ထိန်းချုပ်ပြောင်းလဲပေးလို့ မရဘူး။ ဒါက ပုံမှန်သဘာဝတရားဖြစ်တယ်။ ဒါပေမဲ့ ဦးနှောက်လျှပ်စစ်လှိုင်း လိုအပ်သလို ဖြစ်ပွားဖို့ တီထွင်ထားတဲ့ ဦးနှောက်လေ့ကျင့်ခန်းတော့ ရှိပါတယ်။

ဦးနှောက်ဇီဝတုံ့ပြန်မှု လေ့ကျင့်ခန်း(EEG Biofeedback) လို့ခေါ်တယ်။ ဦးနှောက်အာရုံတုံ့ပြန်မှု လေ့ကျင့်ခန်း (Neurofeedback) လို့လည်း ခေါ်ပါတယ်။ သဘောကတော့ ဦးနှောက်ထဲမှာ မိမိလိုချင်တဲ့ လျှပ်စစ်လှိုင်းပုံစံရရှိအောင် လေ့ကျင့်ပေးတာဖြစ်တယ်။ လေ့ကျင့်ခန်းပြုလုပ်ပုံကို အကျဉ်းချုံးပြီး ရှင်းပြမယ်။

ဦးနှောက်ထဲမှာ လှုပ်ရှားနေတဲ့ လျှပ်စစ်လှိုင်းကို ဖမ်းယူဖို့ ဦးခေါင်းပေါ်မှာ လျှပ်စစ်ခဲသီး (Electrodes) တပ်ဆင်ပေးထားတယ်။ အဲဒီလျှပ်စစ်ခဲသီးကို EEG စက်နဲ့ ဆက်သွယ်ထားတယ်။ EEG စက်က ဖမ်းယူရရှိထားတဲ့ ဦးနှောက်လှိုင်းကို အမျိုးအစားခွဲခြားဖို့ ကွန်ပျူတာထဲမှာ “ပရိုဂရမ်” ထည့်ထားပေးတယ်။ ဖမ်းယူရရှိတဲ့ လှိုင်းအမျိုးအစားပေါ် မူတည်ပြီး အချက်ပေးသံအမျိုးမျိုး ဒါမှမဟုတ် ကွန်ပျူတာမှန်ချပ်ပြားပေါ်မှာ ပုံရိပ်အမျိုးမျိုး ထုတ်လွှင့်ပေးပါတယ်။

အချက်ပေးသံ ဒါမှမဟုတ် ရုပ်ပုံက စမ်းသပ်ခံသူ လိုလားနှစ်ခြိုက်တဲ့ အသံနဲ့ ရုပ်ပုံကားချပ်တွေ ဖြစ်စေရမယ်။ စမ်းသပ်ခံသူက စိတ်ဖြေလျှော့ထားပြီး အချက်ပေးသံနဲ့ ပေါ်လာမယ့် ရုပ်ပုံကားချပ်ကို အာရုံပြုနေရတယ်။ ဥပမာ-ဦးနှောက်ထဲမှာ အယ်ဖာလှိုင်း ပွားများလာစေချင်တဲ့ လေ့ကျင့်ခန်းဆိုပါတော့။ အဲဒီလေ့ကျင့်ခန်းမှာ ဦးနှောက်ထဲ အယ်ဖာလှိုင်းပေါ်ပေါက်လာတိုင်း ကွန်ပျူတာက အချက်ပေးသံနဲ့ ရုပ်ပုံကားချပ် ထုတ်လွှင့်ပေးတယ်။

ဒီတော့ ဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲ၊ အယ်ဖာလှိုင်းဖြစ်ပေါ်လာတိုင်း စမ်းသပ်ခံသူက နှစ်ခြိုက်ကျေနပ်မှု ရရှိမယ်။ (နှစ်ခြိုက်တဲ့အသံကို ကြားရလို့ ဒါမှမဟုတ် နှစ်ခြိုက်တဲ့ ရုပ်ပုံကားချပ်ကို မြင်ရလို့ပါ)။ ဒါကြောင့် ဦးနှောက်ထဲမှာ အယ်ဖာလှိုင်းဖြစ်ပေါ်လာတိုင်း စမ်းသပ်ခံသူက နှစ်ခြိုက်ကျေနပ်မှု “ဆု”( Reward) ရရှိပါတယ်။ အပြုအမူတစ်ခု ဆောင်ရွက်ပြီးလို့ “ဆု” ရရှိရင် အဲဒီအပြုအမူက အကျင့်လိုဖြစ်လာပါတယ်။ ဆုပေးပြီး ပြုပြင်ခိုင်းတဲ့ သဘောဖြစ်ပါတယ်။ အဲဒီတော့ ဦးနှောက်တုံ့ပြန်မှုလေ့ကျင့်ခန်းကို အကြိမ်ကြိမ်ပြုလုပ်ရင် ကြာလာတော့ လိုအပ်တဲ့အချိန်မှာ ဦးနှောက်အယ်ဖာလှိုင်း များပြားလာအောင် ထိန်းချုပ်နိုင်တဲ့ စိတ်စွမ်းအင် ရရှိလာလိမ့်မယ်။

အရင်တစ်ပတ်က စာရေးသူရဲ ့မိတ်ဆွေ ကိုတာရဲ ့အိမ်မှာ စာမူကြမ်းရေးထားတဲ့ မှတ်စုစာအုပ်လေး ကျန်နေခဲ့ပါတယ်။ အဲဒီမှတ်စုစာအုပ်ကို ပြန်ယူချင်လို့ ကိုတာတို့အိမ်ကို အလည်ရောက်သွားတယ်။

“လာဗျာ ကိုအုန်းကျော်”

“လမ်းကြုံလို့ ဝင်လာတာပါ။ ကျွန်တော့်မှတ်စုစာအုပ်လေးကို ပြန်ရချင်တာလည်းရှိလို့”

“ကျွန်တော်သိမ်းဆည်းထားပါတယ်။ ခင်ဗျားရေးလက်စ ရှင်းပြပါဆရာ (၁၀၁) စာမူကိုလည်း ဖတ်မိပါတယ်”

“စာမူနိဒါန်းပါ။ ခင်ဗျားဘယ်လိုထင်လဲ”

“စိတ်ဝင်စားစရာပါပဲ။ စိတ်နဲ့ရုပ်အပြန်အလှန် အကျိုးသက်ရောက်မှုပေါ့။ ဦးနှောက်တုံ့ပြန်မှု လေ့ကျင့်ခန်းကို စိတ်ရောဂါကုသမှုမှာ အသုံးပြုသလား”

“ဦးနှောက်အာရုံတုံ့ပြန်မှု လေ့ကျင့်ခန်းကို တီထွင်ခဲ့တာ နှစ်ပေါင်း ၅၀ ကျော်ပါပြီ။ စိတ်ရောဂါတချို ့ ကုသမှုမှာ အထောက်အကူပြု တွဲဖက်လေ့ကျင့်ခန်းအဖြစ်တော့ အသုံးပြုပါတယ်။ အပြင်ဆေးခန်းတွေမှာတော့ စိတ်ရောဂါမျိုးစုံကို ကုသနိုင်တယ်ဆိုပြီး စီးပွားရှာနေတာလည်း ရှိပါတယ်”

“ဘယ်လိုစိတ်ရောဂါမျိုးအတွက် အကျိုးရှိသလဲ”

“စိတ်တည်ငြိမ်အေးချမ်းမှုအတွက် လေ့ကျင့်ပေးပါတယ်။ စိတ်တည်ငြိမ်အေးချမ်းမှု ရရှိဖို့ လေ့ကျင့်ပေးချင်ရင် အယ်ဖာလှိုင်းနဲ့ သီတာလှိုင်း တိုးပွားများပြားလာအောင် လေ့ကျင့်ပေးပါတယ်။ စမ်းသပ်ကုသကြည့်နေတဲ့ စိတ်ရောဂါတွေကတော့ နာတာရှည်နာကျင်ကိုက်ခဲရောဂါ၊ မူးယစ်ဆေးစွဲရောဂါ၊ စိုးရိမ်စိတ်လွန်ကဲရောဂါ၊ စိတ်ကျရောဂါ၊ အိပ်မပျော်ရောဂါ၊ နာတာရှည်ခေါင်းကိုက်ရောဂါ၊ အော်တစ်ဇင်ရောဂါ(Autism)နဲ့ အာရုံစိုက်မှု ချို ့ယွင်းလှုပ်ရှားမှု လွန်ကဲရောဂါ (ADHD) တွေ ဖြစ်ပါတယ်”

“ထိရောက်မှုရှိသလား”

“အခုအချိန်အထိ အတိအကျ မပြောနိုင်သေးပါဘူး။ သုတေသနပြုလုပ်ခဲ့တဲ့ လူနာဦးရေက နည်းပါးတယ်။ ကုသမှုအချင်းချင်း နှိုင်းယှဉ်ကုသတဲ့ သုတေသနပြုမှုတွေလည်း ရှားပါးတယ်။ ဒါကြောင့် ဦးနှောက်အာရုံတုံ့ပြန်မှု လေ့ကျင့်ခန်းကို “အထောက်အထားအခြေပြုကုထုံး”လို့ မပြောနိုင်သေးဘူး။ နောက်ပြီး ကုန်ကျစရိတ်များသလာက် တူညီတဲ့ အကျိုးကျေးဇူးလည်း မရှိသေးဘူးလို့ ပြောရမယ်။ စိတ်က ခန္ဓာကိုယ်ဇီဝသဘာဝဖြစ်စဉ်ကို ထိန်းချုပ်နိုင်အောင်ကြိုးစားတဲ့ တခြား “ဇီဝတုံ့ပြန်မှုလေ့ကျင့်ခန်း”( Biofeed Back)တွေလည်း ရှိသေးတယ်။ ဥပမာ- နှလုံးခုန်နှုန်းတိုင်းစက် (ECG) ဇယားကို ကြည့်ပြီး နှလုံးခုန်နှုန်းလျော့နည်းအောင် လေ့ကျင့်နည်း။ ကြွက်သားတင်းကျပ်တဲ့ အနေအထားကို ဖော်ပြတဲ့ EMG ဇယားကိုကြည့်ပြီး အကြောဖြေလျှော့ လေ့ကျင့်ခန်းပြုလုပ်နည်း၊ ချွေးထွက်လို့ အရေပြားစိုထိုင်းလာရင် တိုင်းတာတဲ့စက်က အချက်ပေးတာကို အာရုံပြုပြီး ချွေးထွက်ခြင်းလျော့နည်းလာအောင် လေ့ကျင့်ခြင်းတွေ ဖြစ်ပါတယ်။

“စိတ်ကရုပ်ကို လွှမ်းမိုးနိုင်ဖို့ အားထုတ်ကြိုးစားတာလို့ ပြောနိုင်သလား”

“ဆိုပါတော့။ ဒါပေမဲ့ စရိတ်စကများလို့ အဲဒီလို စက်ကိရိယာတွေကို အသုံးမပြုနိုင်ရင် အားငယ်စရာမလိုပါဘူး”

“ဘာကြောင့်လဲ”

“ကမ္မဋ္ဌာန်းထိုင်ရင်လည်း ဦးနှောက်လျှပ်စစ်လှိုင်းတွေ အကောင်းဘက်ကို ပြောင်းလဲလာနိုင်ပါတယ်”

Most Popular

Healthy Life Ad
To Top