Healthy Life Ad
Q & A

မျက်စိရောဂါများကို သန္ဓေသားအချင်းဖြင့် အစားထိုးကုသခြင်း

—၊ ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး) ပါမောက္ခ၊ ဌာနမှူး ရန်ကုန်မျက်စိဆေးရုံကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—

Q. မျက်ကြည်လွှာမရခင်မှာ သုံးလေ့ရှိတဲ့ သန္ဓေသားအချင်း အစားထိုးတဲ့နည်း (Aminotic Membrane) ကကော တုန့်ပြန်မှုဖြစ်တာမျိုး ရှိပါသလား ဆရာ။

A. ပင်မဆဲလ် (Stem Cell) နဲ့ ကုသမှုကို မျက်စိရောဂါတွေ ကုသရာမှာတော့ အများကြီးအသုံးပြုပါတယ်။ ၂၀ဝ၁ ကတည်းက စတင်လုပ်ခဲ့တာ အောင်မြင်ခဲ့တယ်ဆိုတော့ ဆရာတို့အနေနဲ့ အများကြီးဝမ်းသာပါတယ်။ သန္ဓေသားအချင်း (Aminotic Membrane) ကိုယ်တိုင်ကို Immunosupression အာနိသင်ရှိတယ်လို့ ခိုင်မာတဲ့ ဓာတ်ခွဲခန်းလေ့လာမှုတွေ ရှိပြီးသားဖြစ်ပါတယ်။ တကယ်လို့ ရောင်ရမ်းမှုတွေဖြစ်ရင် သန္ဓေသားအချင်းကို ကပ်လိုက်တာနဲ့ ရောင်ရမ်းတာက လျော့ကျသွားပါတယ်။ ဒါကြောင့် ၂၀ဝ၁ ခုနှစ်ကစပြီး လုပ်လာတဲ့ ဆရာရဲ့ အတွေ့အကြုံအရ သန္ဓေသားအချင်း အစားထိုးကုသမှုက တုန့်ပြန်မှုမရှိဘူးဆိုတာကို တွေ့ရပါတယ်။ ဒါပေမဲ့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ပြောရရင် စာအုပ်တွေထဲမှာ ဖော်ပြထားတာကတော့ သန္ဓေသားအချင်း အစားထိုးကုသတာကြောင့် တုံ့ပြန်မှုဖြစ်တာ နှစ်ယောက်တွေ့ဖူးတယ်လို့ သိရပါတယ်။ ဒါကြောင့် သန္ဓေသားအချင်း အစားထိုးတာကြောင့် တုံ့ပြန်မှုဖြစ်နိုင်ခြေ ရှိပေမယ့် အလွန်ရှားတယ်လို့ ပြောရမှာဖြစ်ပါတယ်။

Q. သန္ဓေသားအချင်း အစားထိုးကုသတာက ဘယ်အရွယ်ပဲဖြစ်ဖြစ် အသုံးပြုနိုင်ပါသလား ဆရာ။

A. ဘယ်အရွယ်ပဲဖြစ်ဖြစ် ထည့်လို့ရပါတယ်။ ဒါပေမဲ့ အသက်တစ်နှစ်သားကလေးတွေမှာ လိုအပ်ရင် ထည့်မလားဆိုတော့ ထည့်လို့ရတယ်ဆိုပေမယ့် ဒီတစ်နှစ်သားကလေးကို ထုံဆေးနဲ့ထည့်လို့တော့ မဖြစ်နိုင်ပါဘူး။ ဒီတစ်နှစ်သားကလေးရဲ ့အရွယ်နဲ့ ကျန်းမာရေးအခြေအနေက မေ့ဆေးဒဏ်ခံနိုင်ရည် ရှိသလားဆိုတာကို ထည့်စဉ်းစားဖို့ လိုလာပါပြီ။ မေ့ဆေးဆရာဝန်နဲ့ ပြရတယ်။ ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ရတယ်။ သူ့အရွယ်နဲ့ သူ့ကျန်းမာရေး အခြေအနေအရ လုပ်ဖို့မသင့်သေးဘူးဆိုရင် ဆရာတို့က အချိန်ဆိုင်းထားရပါတယ်။ ဖြစ်နိုင်ရင်တော့ ရှစ်နှစ်သားမတိုင်ခင်မှာ အစားထိုးကုသတာ အကောင်းဆုံးပါပဲ။ မျက်စိအထူးကုဆရာဝန်တွေက မျက်စိတစ်ခုတည်းကိုပဲကြည့်ပြီး ခွဲစိတ်လို့မရဘူး။ လူနာရဲ ့ ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာရေးအခြေအနေကိုပါ ကြည့်ပြီးမှ ဆုံးဖြတ်ရပါတယ်။

“မျက်ကြည်လွှာမှာ သန္ဓေသားအချင်းအစားထိုးတာကိုတော့ ၂၀ဝ၁ ကတည်းက လုပ်နေတာ အောင်မြင်နေပြီ။ အမြင်အာရုံတိုးတက်မှုရှိတာကို တွေ့ရပါတယ်။ မျက်စိထဲထုံးဝင်တာကြောင့် မျက်ကြည်လွှာထိခိုက်တဲ့ အခြေအနေတွေမှာ အများဆုံးသုံးဖြစ်ပါတယ်။ သန္ဓေသားအချင်း အစားထိုးလိုက်တဲ့အခါ ရောင်ရမ်းမှုက လျော့ကျသွားပါတယ်” . . .

Q. သန္ဓေသားအချင်း အစားထိုးကုသလို့ရတဲ့ မျက်စိအခြေအနေတွေကို ရှင်းပြပေးပါ ဆရာ။

A. မျက်စိဆေးပညာရပ်မှာ အခြေအနေသုံးမျိုးမှာ သုံးနိုင်ပါတယ်။ ပထမဆုံး မျက်ကြည်လွှာ(ကြည်လင်နေတဲ့ အမည်းဝိုင်းနဲ့ ဘေးပတ်ဝန်းကျင်) (Cornea and Ocular Surface)၊ နောက်တစ်ခုက ရေတိမ်ရောဂါ (Glaucoma)နဲ့ တတိယတစ်ခုက မျက်စိအာရုံခံလွှာ (Retina) တို့မှာ သုံးလေ့ရှိပါတယ်။ လက်တွေ့မှာတော့ မြန်မာပြည်မှာ မျက်ကြည်လွှာနဲ့ ဘေးပတ်ဝန်းကျင်မှာပဲ သုံးနိုင်ပါသေးတယ်။ တကမ္ဘာလုံးမှာလည်း မျက်ကြည်လွှာနဲ့ ဘေးပတ်ဝန်းကျင်မှာပဲ သန္ဓေသားအချင်း အစားထိုးတာကို ကျယ်ကျယ်ပြန့်ပြန့် လုပ်နေပါသေးတယ်။ ကျန်တဲ့နှစ်ခုက စမ်းသပ်ဆဲအဆင့် (Trial ) မှာပဲ ရှိနေပါသေးတယ်။ စင်ကာပူမှာမလုပ်နိုင်သေးဘူး။ ဂျပန်နိုင်ငံဆိုရင် Moorfield မျက်စိဆေးရုံမှာ လုပ်နိုင်တယ်။ အမေရိကန်မှာတော့ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ပါတယ်။ ဒါတွေက စမ်းသပ်ဆဲအဆင့်ဆိုတော့ လူနာကို တိုင်ပင်ဆွေးနွေးပြီး လူနာရဲ ့သဘောတူညီချက်ကို ယူပြီးမှ လုပ်ဆောင်ရပါတယ်။

မျက်ကြည်လွှာမှာ သန္ဓေသားအချင်းအစားထိုးတာကိုတော့ ၂၀ဝ၁ ကတည်းက လုပ်နေတာ အောင်မြင်နေပြီ။ အမြင်အာရုံ တိုးတက်မှုရှိတာကို တွေ့ရပါတယ်။ မျက်စိထဲ ထုံးဝင်တာကြောင့် မျက်ကြည်လွှာထိခိုက်တဲ့ အခြေအနေတွေမှာ အများဆုံးသုံးဖြစ်ပါတယ်။ သန္ဓေသားအချင်းအစားထိုးလိုက်တဲ့အခါ ရောင်ရမ်းမှုက လျော့ကျသွားပါတယ်။ အမာရွတ်က အတော်ပါးသွားတယ်။ အဲဒါကြောင့် အမြင်အာရုံတိုးတက်မှုတော့ ရှိပါတယ်။ ပုံမှန်တော့ ပြန်မရနိုင်ပါဘူး။ အဲဒီလိုလူတွေက လက်လှုပ်တာကိုတော့ မြင်ရတယ်။ ၁၀ ပေလောက်အထိ မြင်နိုင်တယ်။ စာတွေကို အနီးကပ်ဖတ်ဖို့တော့ မဖြစ်နိုင်ပါဘူး။ ပုံမှန်ပြန်ဖြစ်ဖို့ဆိုရင်တော့ နောက်တစ်ကြိမ် မျက်ကြည်လွှာအစားထိုးရပါတယ်။

Q. သန္ဓေသားအချင်းကို ဘယ်ကနေရရှိနေပါသလဲ ဆရာ။

A. ရန်ကုန်အရိုးဆေးရုံကြီးမှာ တစ်သျှူးဘဏ် (Tissue Bank) ရှိပါတယ်။ အဲဒီမှာ မိခင်ကလေးဆေးရုံနဲ့ အထွေထွေအမျိုးသမီးဆေးရုံတို့ကနေ အဆင်သင့်ပြင်ဆင်ထားပြီးသား သန္ဓေသားအချင်းတွေ ရှိပါတယ်။ ရောဂါပိုးတွေကင်းစင်အောင် ကာကွယ်မှုတွေ အဆင့်ဆင့်လုပ်ထားပြီး သိမ်းထားပါတယ်။ သန္ဓေသားအချင်းက မီးလောင်တဲ့လူနာတွေမှာ အနာပေါ်ကပ်လိုက်ရင် အနာကျက်မြန်သလို အမာရွတ်လည်းသိပ်မကျန်တော့ပါဘူး။ ဒါကြောင့် အရိုးဆေးရုံက သိမ်းထားတာဖြစ်ပါတယ်။ နောက်တစ်ခုက ဆီးချိုရောဂါသည်တွေရဲ့ ခြေထောက်အနာမကျက်တဲ့ အခြေအနေတွေမှာ သုံးလို့ရပါတယ်။

Most Popular

Healthy Life Ad
To Top