Healthy Life Ad
Life Style

အကောင်းမြင်တတ်ခြင်းကြောင့် အသက်ရှည်ဟုဆိုသည့် ၁၀၄ နှစ်အရွယ်အဘွား

———၊ ကိုထက် ၊———

အမေရိကန်နိုင်ငံ၊ စိမ့်ချာလီမှာနေထိုင်တဲ့ ဗာဂျီနီလိုင်တ်နာဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ အသက် ၁၀၄ နှစ်ပြည့်ခဲ့တယ်လို့ သိရပါတယ်။ လူအများစုက အသက်ရှည်ဖို့အတွက် ကိုယ်လက်လှုပ်ရှားအားကစားတွေ ပြုလုပ်ဖို့ အရေးကြီးတယ်လို့ ဆိုကြပေမယ့် အဘွားလိုင်တ်နာ အခုအချိန်အထိ သက်ရှည်ကျန်းမာနေတာဟာ သင်ယူလေ့လာမှုတွေ၊ ဖန်တီးမှုတွေနဲ့ အကောင်းမြင်တတ်တဲ့ စိတ်တွေကြောင့် ဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။

အဘွားလိုင်တ်နာတို့ မိသားစုဟာ အလွန်ဆင်းရဲခဲ့တယ်လို့ သိရပါတယ်။ အဘွားဟာ ငယ်ငယ်ကတည်းက အချုပ်အလုပ်တွေ သင်ကြားခဲ့ပြီး အသက် ၂၂ နှစ်အရွယ် အိမ်ထောင်ကျစဉ်အထိ အဝတ်အစား တစ်ခါမှမဝယ်ဖူးဘဲ မိမိဘာသာ ချုပ်ဝတ်ကာ ငွေကိုချွေတာခဲ့ရတယ်လို့ ပြောပြခဲ့ပါတယ်။ အဘွားရဲ့ ၁၉၃၇ ခုနှစ်မှာ အမေရိကန်လေတပ်မှ တပ်ကြပ်တစ်ဦးနဲ့ အိမ်ထောင်ကျခဲ့ပါတယ်။

အိမ်ထောင်ကျခဲ့ပြီးနောက်ပိုင်း သူဟာ အိမ်မှာပဲ ရေဆေး၊ ဆီဆေးတွေနဲ့ ကြွေထည်တွေ၊ ပန်းကန်တွေမှာ ဆေးခြယ်ရတဲ့အလုပ် လုပ်ကိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ သူဟာ နှစ်ပေါင်း ၅၀ နီးပါး ပြင်ပလောကနဲ့ အဆက်ပြတ်နေခဲ့ပါတယ်။ ယောကျာ်းဖြစ်သူ ဆုံးသွားပြီးနောက် ၂၀ဝ၇ ခုနှစ်မှာ ပြင်ပလုပ်ငန်းခွင်တွေထဲကို ပြန်လည်ဝင်ရောက်ဖို့အတွက် စတင်ပြင်ဆင်ရပါတော့တယ်။

၈ တန်းသာအောင်ခဲ့တဲ့ အဘွားလိုင်တ်နာဟာ ခေတ်နဲ့အမှီလိုက်နိုင်ဖို့ အရေးကြီးတယ်လို့ ယူဆတဲ့အတွက် ကွန်ပျူတာသင်တန်း စတက်ခဲ့ပါတော့တယ်။ အဲဒီနောက် အပ်ချုပ်သင်တန်းတွေအပြင် ပန်းချီကားမှန်ဘောင်လုပ်နည်းတွေလည်း သင်ကြားခဲ့တယ်လို့ သိရပါတယ်။ “ပညာလို အိုသည်မရှိ ဆိုတဲ့အတိုင်းပါပဲ၊ သင်စရာတွေက အခုအချိန်ထိကို မကုန်နိုင်ပါဘူး၊ မသိတာရှိရင် ကျွမ်းကျင်တဲ့သူကို ရှာမေးတယ်၊ တစ်ခါတလေ စာကြည့်တိုက်တွေသွားပြီး ရှာဖတ်တယ်”လို့ သူကပြောပြခဲ့ပါတယ်။

ဒီလိုနဲ့ ၂၀၁၂ ခုနှစ်မှာ လိုင်တ်နာဟာ သူရဲ ့ပထမဦးဆုံး ပန်းချီပြပွဲလေးကို စိမ့်ချာလီမှပဲ အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာလည်း အမေရိကန် ပန်းချီပြပွဲတစ်ခုမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ ဆုမရခဲ့ပေမယ့် မိတ်ဆွေကောင်း ၁၁ ယောက်ရခဲ့တာက သူ့အတွက် အကောင်းဆုံးဆုပဲလို့ ပြောပြခဲ့ပါတယ်။

အဲဒီပြိုင်ပွဲမှတစ်ဆင့် သတင်းထဲမှာပါခဲ့ပြီး အသက် ၁၀ဝ ကျော်သူတွေကို လေ့လာမှုပြုလုပ်နေတဲ့ နယူးအင်္ဂလန်မှပညာရှင်တွေနဲ့ အဆက်အသွယ်ရကာ လေ့လာမှုတွေကို ကူညီပေးလျက်ရှိတယ်လို့ သိရပါတယ်။

ကမ္ဘာတစ်ဝန်းမှာ အသက် ၁၀ဝ ကျော်ဦးရေဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ ခန့်မှစပြီး နှစ်စဉ် ပိုမိုများလာနေတယ်လို့ သိရပါတယ်။ ၂၀၁၅ ခုနှစ်အထိ မှတ်တမ်းတွေအရ အသက်ရာကျော်ရှည်သူ ဦးရေ ၅ သိန်းခန့်ရှိတယ်လို့ သိရပြီး ၂၀၅၀ ပြည့်နှစ်မှာ ၃၇ သိန်းခန့်ထိ များလာနိုင်မယ်လို့ လေ့လာသူတွေက ခန့်မှန်းထားကြပါတယ်။

အဘွားလိုင်တ်နာရဲ ့ မိဘ၊ ဦးလေးနဲ့ ညီအစ်မတွေအကုန်လုံးဟာ အသက် ၉၀ ကျော်ထိ ကျန်းကျန်းမာမာ ရှိခဲ့ကြတဲ့အတွက် သူဟာ အသက်ရှည်တဲ့မျိုးရိုး အခြေခံတော့ရှိနေတယ်လို့ လေ့လာသူများက ဆိုပါတယ်။ သူဟာ မနက်တိုင်းလည်း လေ့ကျင့်ခန်းအနည်းငယ်လုပ်တယ်၊ နေ့စဉ်လုပ်ငန်းတွေကိုလည်း ကိုယ်တိုင်လုပ်တယ်၊ စက်ပစ္စည်းတွေကို သိပ်အားမကိုးဘဲ လက်နဲ့ပဲလုပ်တယ်ဆိုတဲ့ အချက်တွေကလည်း ကျန်းမာနေဖို့ အထောက်အပံ့ဖြစ်စေတယ်လို့ ဆိုပါတယ်။ လေ့လာမှုတွေအရ ပျော်ပျော်နေတတ်ပြီး အပေါင်းအသင်းဝင်ဆံ့တာကလည်း ၂၂ ရာခိုင်နှုန်း အသက်ပိုရှည်စေတယ်လို့ သိရပါတယ်။

“အိမ်တွင်းအောင်းနေခဲ့တဲ့ နှစ်တွေမှာ ကိစ္စတိုင်းကို အကောင်းဘက်ကပဲ မြင်တတ်အောင် ကြိုးစားရင်းနဲ့ အကောင်းမြင်တတ်လာပါတယ်၊ ဒါက သက်ရှည်ကျန်းမာဖို့ အဓိကပဲလို့ ထင်တယ်၊ နောက်တစ်ခုကတော့ အမြဲလေ့လာသင်ယူနေပါ၊ ဒါကလည်း အကျိုးရှိမယ်လို့ ထင်ပါတယ်။ အခုလည်း မနှစ်ကဝယ်ထားတဲ့ iPhone သုံးနည်းကို လေ့လာနေတယ်၊ အခုထိတော့ ဘာမှကောင်းကောင်း မလုပ်တတ်သေးပါဘူး”လို့ သူမက ပြောပြခဲ့ပါတယ်။

(Ref;DM 17-7-19)

Most Popular

Healthy Life Ad
To Top