Healthy Life Ad
Health Tips

ကိုယ်ဝန်ဆောင်ကာလ အဖြစ်များတဲ့ အိပ်မပျော်တဲ့ပြဿနာ . . .

—–၊ ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး) ၊—–

Q. ကိုယ်ဝန်ဆောင်ရင့်လာတဲ့အခါ အိပ်မပျော်တာက ပိုဆိုးလာပါတယ်၊ အဲဒါကကော ဘာကြောင့်ပါလဲ ဆရာ။ အိပ်ပျော်အောင် ဘယ်လိုနည်းလမ်းလေးတွေ လိုက်နာလို့ ရပါသလဲဆရာ။

A. ကိုယ်ဝန်ဆောင်မိခင်တွေ လရင့်လာရင် အိပ်မပျော်ဘူးဆိုတာ နေ့စဉ်နဲ့အမျှ ကိုယ်ဝန်ဆောင်မိခင်တွေကို ကြည့်ပေးနေရတဲ့ အိုဂျီတွေအများဆုံးတွေ့ရတဲ့ ပြဿနာတစ်ခုပါပဲ။

“အိပ်မပျော်ဘူး၊ အိပ်မပျော်ဘူး၊ အိပ်ပျော်အောင် ဘယ်လိုလုပ်ရမလဲ”ဆိုပြီး ကိုယ်ဝန်ဆောင်မိခင်တွေက လာလာမေးကြပါတယ်။ ဖြစ်နိုင်တာတွေကတော့ အများကြီးပဲ။ ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသမီးတစ်ယောက်ရဲ့ စိတ်ရယ်၊ ရုပ်ခန္ဓာရယ် ပြောင်းလဲမှုအများကြီး ဖြစ်တာကိုး။ စိတ်အနေနဲ့ ပြောမယ်ဆိုရင် ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်က ညအိပ်တော့မယ်ဆိုရင် စဉ်းစားတယ်၊ စဉ်းစားတဲ့အခါ ပူပင်သောကတွေ တွေးတတ်တယ်။ စဉ်းစားလိုက်ရင် မဆုံးနိုင်လောက်အောင် စဉ်းစားကြတယ်။ “ဒီကိုယ်ဝန်က အဆင်ပြေပြေ ချောချောမွေ့မွေ့ မွေးပါ့မလား”ကစလို့ မဆုံးနိုင်လောက်အောင် တွေးပူတတ်ကြတယ်။

တချို ့ကိုယ်ဝန်ဆောင် မိခင်တွေကျတော့ ကြောက်တာအရမ်းပဲ။ “မွေးရမှာကြောက်တယ်၊ ဘယ်လိုလုပ်ရမလဲ”၊ “မွေးတဲ့အခါ အဆင်ပြေပါ့မလား”၊ “မွေးပြီးရင် ဒီကလေးလေးကို နို့တိုက်လို့ရပါ့မလား”၊ “ဒီကလေးလေး ကြီးလာရင် ဘယ်ကျောင်းထားရကောင်းမလဲ” ဒီလို စဉ်းစားရုံတင်မကဘူး၊ တချို ့ဆိုရင် “ဒီကလေးလေးကြီးလာရင် ဘယ်သူနဲ့ပေးစားရင် ကောင်းမလဲ” အဲဒီလောက်အထိ တွေ့ရာတွေ လျှောက်စဉ်းစားနေတော့ ဘယ်လိုလုပ်ပြီး အိပ်ပျော်တော့မလဲ။

တစ်ခါတလေကျရင် ကိုယ်ဝန်ဆောင်မိခင်က ဗိုက်ထဲက ကလေးတင်မကဘူး၊ သူ့မိသားစုကိုပါ စိတ်ပူတာရှိတယ်၊ သူ့လင်ယောကျာ်းကိုလည်း ပြန်မလာသေးဘူး၊ ဗိုက်ကြီးလာကတည်းက ယောကျာ်းက ညညဆို ပြန်မလာဘူး၊ ဘယ်သွားနေလဲမသိဘူး စသဖြင့်ပေါ့ သူ့ရဲ ့အပြောင်းအလဲတွေကြောင့် သူ့မှာ စိတ်အားငယ်တာ၊ စိတ်ဖိစီးတာ၊ အတွေးတွေ လျှောက်တွေးပြီး စိတ်ပင်ပန်းတာကြောင့်လည်း အိပ်မပျော်တာ ဖြစ်တတ်ပါတယ်။

“ကိုယ်ဝန်ဆောင်မိခင်တွေကို ဆရာတို့က ဘယ်လိုအကြံပေးသလဲဆိုရင် ည ည အိပ်ခါနီးမှာ လျှောက်မစဉ်းစားနဲ့။ ဟိုတွေး၊ ဒီတွေး ပူပင်သောကများရင် အိပ်မပျော်ဘူး။ နောက်တစ်ခုက အိပ်ခါနီးမှာ ရေအများကြီးမသောက်ရပါဘူး။ ရေကို ည ၆ နာရီကျော်သွားရင် အများကြီးမသောက်နဲ့၊ လိုသလောက်ပဲသောက်ပါ၊ သောက်ချင်ရင်” . .

နောက်တစ်ခုက ကိုယ်ဝန်ဆောင်မိခင်က သူရဲ ့ဗိုက်ကြီးက တဖြည်းဖြည်းကြီးလာတော့ သူ့ဗိုက်အပြောင်းအလဲကြောင့် ဘယ်လိုအိပ်ရရင် အဆင်ပြေမယ်ဆိုတာ သူမသိတော့ဘူး။ ပက်လက်အိပ်ရင် ပိုဆိုးတယ်၊ အသက်ရှူကျပ်ပြီး လန့်နိုးတာတွေ ဖြစ်တတ်တယ်။ ဒါကြောင့် ဆရာတို့က ကိုယ်ဝန်ဆောင်ချိန်မှာ ဘေးစောင်းပြီး အိပ်ရမယ်လို့ ပြောရတာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလ အစောပိုင်းကတည်းက ဘယ်ဘက်စောင်းလိုက်၊ ညာဘက်စောင်းလိုက်နဲ့ အိပ်စက်ပုံအနေအထားကို ကျင့်ထားဖို့လိုပါတယ်။

နောက်တစ်ချက်က ဗိုက်ထဲကကလေးလေးက အငြိမ်မနေပါဘူး။ အမေအိပ်နေသလား၊ ဘာလား ကလေးကဘယ်သိမလဲ၊ သူက အမှောင်ကမ္ဘာလေးထဲမှာနေပြီး အမေအိပ်တဲ့ညကျမှ ဘောလုံးတွေဘာတွေ ထကန်ချင်ကန်နေမှာ။ ဒါကလည်း ကိုယ်ဝန်ဆောင်မိခင် အိပ်လို့မရတဲ့ အချက်တစ်ခု ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလ တဖြည်းဖြည်း လရင့်လာတဲ့အခါ အထဲကကလေးဟာ ခြေထောက်တွေနဲ့ကန်၊ လက်သီးတွေထိုး . .လှုပ်နေတော့ အမေက အိပ်လို့မရတတ်ပါဘူး။

နောက်တစ်ချက်အနေနဲ့ ကိုယ်ဝန်ဆောင်လရင့်လာရင် ဗိုက်ကကြီးလာတော့ ဆီးအိမ်တင်းတာကို မခံနိုင်ဘူး၊ ရှူရှူးခဏခဏပေါက်ချင်တယ်။ ညဘက်အိပ်နေရင်းနဲ့ ရှူရှူးပေါက်ချင်လို့ ထပေါက်ရင်း၊ ပေါက်ရင်းနဲ့ တစ်ညတည်းမှာပဲ ရှူရှူးက လေး-ငါး- ၁၀ ခါလောက် ထပေါက်ရတာမျိုး ရှိတတ်ပါတယ်။ အဲဒီတော့ အိပ်လို့မရတတ်ပါဘူး။

ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေကို ဆရာတို့က ဘယ်လိုအကြံပေးသလဲဆိုရင် ညညအိပ်ခါနီးမှာ လျှောက်မစဉ်းစားနဲ့။ ဟိုတွေး၊ ဒီတွေး ပူပင်သောကများရင် အိပ်မပျော်ဘူး။

နောက်တစ်ခုက အိပ်ခါနီးမှာ ရေအများကြီးမသောက်ရပါဘူး။ ရေကို ည ၆ နာရီကျော်သွားရင် အများကြီး မသောက်နဲ့၊ လိုသလောက်ပဲသောက်ပါ၊ သောက်ချင်ရင် မနက်နဲ့ နေ့လယ်မှာ ရေများများသောက်ပါလို့ ပြောရပါမယ်။ ကော်ဖီ၊ လက်ဖက်ရည်၊ ကိုကာကိုလာတို့လို ကဖင်းဓာတ်ပါတဲ့ အရည်တွေကိုလည်း နေ့လယ်ပိုင်းကစပြီး ညဘက်မသောက်သင့်ပါဘူး။

နောက်တစ်ချက်က အိပ်ခါနီးမှာ အစားအသောက်တွေကို ဗိုက်ပြည့်တဲ့အထိ မစားရပါဘူး။ ဗိုက်ကြီးပြည့်ကယ်နေရင် လေထ၊ လေတက်ပြီး ညအိပ်ပျော်နေရင်တောင် လန့်နိုးလာတာ ရှိပါတယ်။ တစ်ခါတလေ အန်ချင်တာတွေ ရှိပါတယ်။ ညဘက်ဗိုက်ဆာရင် နွားနို့၊ ပေါင်မုန့်လို အစားအသောက်နည်းနည်းပဲ စားရပါမယ်။

အရမ်းပူတယ်၊ အရမ်းအေးတယ်ဆိုရင်လည်း အိပ်မပျော်တာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အခန်းကလည်း မပူမအေး အနေတော်လေး ဖြစ်နေဖို့လိုတယ်။ နောက်တစ်ခုက အိပ်ခါနီးမှာ အင်တာနက်၊ ဖေ့စ်ဘွတ်ခ်တွေ သွားမကြည့်ရပါဘူး။ အိပ်ခါနီး တီဗီအစီအစဉ်တွေကို သွားမကြည့်သင့်ပါဘူး။ အိပ်ခါနီးမှာ တိတ်တိတ်ဆိတ်ဆိတ် ငြိမ်ငြိမ်သက်သက်နဲ့နေပြီး အိပ်သင့်ပါတယ်။ ပိုကောင်းတာက ရေနွေးလေးနဲ့ရေချိုးပြီး နွေးနွေးထွေးထွေး အိပ်သင့်ပါတယ်။ တစ်ခါတလေ အိပ်ခါနီး အနှိပ်ခံလိုက်ရင ်ပိုအိပ်ပျော်တတ်ပါတယ်။ ပိုကောင်းတာက တရားခွေလေးဖွင့်ပြီး တရားနဲ့ အိပ်ပျော်အောင်လုပ်ဖို့ လိုအပ်ပါတယ်။

အိပ်မပျော်ဘူးဆိုပြီး အိပ်ဆေးကိုတော့ လုံးဝမသောက်သင့်ပါဘူး။ ဒီညအိပ်မပျော်လို့ အိပ်ဆေးသောက်မယ်ဆိုပြီး သောက်လိုက်ရင် နောက်ညမှာလည်း အိပ်ဆေးသောက်ရတတ်တယ်။ ဒီအိပ်ဆေးက ဗိုက်ထဲကကလေးဆီကို ရောက်သွားရင် ကလေးက မွေးလာကတည်းက အိပ်ဆေးရဲ ့ အကျိုးဆက်တွေနဲ့ မွေးလာတတ်ပါတယ်။ လေးလံထိုင်းမှိုင်းပြီး ဉာဏ်ရည်ထိခိုက်သွားတာတွေ ဖြစ်တတ်ပါတယ်။ ကလေးက မွေးဖွားလာချိန်မှာ ကောင်းကောင်းငိုရမယ်၊ လန်းဆန်းတက်ကြွနေရမယ်။ အဲဒီလိုမဟုတ်ဘဲ အိပ်ဆေးကြောင့် ထိုင်းမှိုင်းလေးလံနေတတ်တဲ့အတွက် ကိုယ်ဝန်ဆောင်ချိန်မှာ ဒီအိပ်ဆေးတွေကို သွားမသောက်ဖို့ ဆရာက အကြံပေးချင်ပါတယ်။

Most Popular

Healthy Life Ad
To Top