Healthy Life Ad
Health Tips

စိတ်ကျရောဂါနဲ့ သံလိုက်လှိုင်းကုထုံး

—–၊ ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား) ၊—–

စိတ်ကျန်းမာရေးဌာနမှာ တွဲဖက်ထားတဲ့ နောက်ဆုံးနှစ်ဆေးကျောင်းသားတိုင်း မိမိလေ့လာထားတဲ့ လူနာကို အုပ်စုထဲမှာ တင်ပြဆွေးနွေးရပါတယ်။

အလှည့်ကျတဲ့ ဆေးကျောင်းသားဂျွန်က စတင်ဆွေးနွေးပါတယ်။

“ဒီနေ့ ကျွန်တော်တင်ပြမယ့် လူနာကတော့ မစ်ရှီလာဖြစ်ပါတယ်။ အသက် ၃၅ နှစ်၊ အိမ်ထောင်ရှင်၊ ကလေးနှစ်ယောက်မိခင် ဖြစ်ပါတယ်။ မစ်ရှီလာက စိတ်ကျရောဂါ ခံစားနေရပါတယ်။ အခုတစ်ကြိမ် စိတ်ကျရောဂါ ခံစားနေရတာ ၆ လကျော်ပါပြီ။ အရင်ကလည်း တစ်နှစ်မှာတစ်ကြိမ် စိတ်ကျရောဂါ ပြန်လည်ဖြစ်ပွားတတ်တဲ့ မှတ်တမ်းရှိပါတယ်။ ဒီအကြိမ်မှာတော့ အပြင်လူနာအဖြစ် ကုသမှုက မထိရောက်လို့ ရောဂါအခြေအနေသုံးသပ်ဖို့ အတွင်းလူနာဆောင်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်”

“မစ်ရှီလာမှာ တွေ့ရှိရတဲ့ ရောဂါလက္ခဏာတွေကို ပြောပြပါ”

“ရောဂါလက္ခဏာတွေက အိပ်ရေးပျက်ခြင်း၊ သန်းခေါင်ကျော်နိုးပြီး ပြန်အိပ်မရခြင်း၊ အစားအသောက်ပျက်ခြင်း၊ ကိုယ်အလေးချိန်ကျဆင်းလာခြင်း၊ အိမ်မှုကိစ္စတွေကို အရင်ကလို လုပ်ကိုင်နိုင်မှုမရှိခြင်း၊ အလွယ်တကူမောပန်းလွယ်ခြင်း၊ အကြောင်းမဲ့စိတ်တိုလာခြင်း၊ သားသမီးတွေအပေါ်မှာ အရင်ကလို စိတ်မရှိခြင်းတို့ပါ”

“စိတ်ညစ်တဲ့လက္ခဏာတွေ မရှိဘူးလား”

“ရှိပါတယ်။ အလိုလိုနေရင်း ငြီးငွေ့သလို ခံစားရခြင်း၊ အကြောင်းမဲ့ စိတ်ညစ်ညူးနေခြင်း၊ အရင်ကလို သားသမီးတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ပြောဆိုနေထိုင်မှု လျော့နည်းလာခြင်း၊ အလိုလိုနေရင်း စိုးရိမ်ပူပန်စိတ် ပွားများနေခြင်း၊ မျှော်လင့်ချက်မရှိသလို စိတ်အားငယ်နေတတ်ခြင်း၊ တစ်နေရာရာကို ထွက်ခွာသွားချင်တဲ့စိတ် ပေါ်ပေါက်ခြင်းတို့ကိုလည်း တွေ့ရှိရပါတယ်”

စာရေးသူက လိုအပ်တဲ့အချက်ကို ဖြည့်စွက်မေးမြန်းတယ်။

“မစ်ရှီလာက စိတ်ကြွရောဂါဖြစ်ဖူးလား”

“မရှိပါဘူး ဒေါက်တာ၊ စိတ်ကျရောဂါဖြစ်ဖူးတာ ၄-၅ ကြိမ်ရှိပါပြီ”

“အဲဒီလိုဆိုရင် မစ်ရှီလာခံစားနေရတဲ့ စိတ်ကျရောဂါက ဘယ်လိုစိတ်ကျရောဂါမျိုးလဲ”

“စိတ်ကြွရောဂါဖြစ်ဖူးတဲ့ မှတ်တမ်းမရှိဘဲ စိတ်ကျရောဂါသာ အကြိမ်ကြိမ်ဖြစ်ပေါ်ဖူးလို့ “ဝင်ရိုးစွန်းတစ်ဖက်-စိတ်ကျရောဂါ”( Unipolar Depression) လို့ ခေါ်ပါတယ်”

“စိတ္တဇရောဂါလက္ခဏာတွေကော တွေ့ရှိသလား”

“အကြောင်းမဲ့ နားထဲမှာ အသံကြားတာတို့၊ ယုံမှားမှုလွန်ကဲစိတ်ရှိတာတို့ကို ပြောတာလား”

“အဲဒီလို စိတ္တဇရောဂါလက္ခဏာတွေ မရှိပါဘူး။ စိတ်ဓာတ်ကျပြီး မျှော်လင့်ချက်ကုန်ဆုံးတဲ့ အတွေးမျိုးတော့ ရှိပါတယ်”

“သူ့ကိုယ်သူ အန္တရာယ်ပြုချင်တဲ့ စိတ် ရှိ၊ မရှိ မေးကြည့်လား”

“ကျွန်တော် စစ်ဆေးမေးမြန်းပါတယ်။ တစ်ခါတစ်ရံတော့ စိတ်ထဲမှာ ပေါ်ပေါက်လာတယ်လို့ ပြောပါတယ်။ အဲဒီလိုပြုလုပ်ဖို့ ကြံစည်နေတာ၊ ရည်ရွယ်ချက်ထားတာတော့ မရှိဘူးလို့ ပြောပါတယ်”

“မစ်ရှီလာရဲ ့ရောဂါကို အကျဉ်းချုံးပြီး ပြောပြပါ”

“အသက် ၃၅ နှစ်၊ အိမ်ထောင်ရှင်၊ ကလေးနှစ်ယောက် မိခင်ဖြစ်ပါတယ်။ မစ်ရှီလာက စိတ်ကျရောဂါ ခံစားနေရပါတယ်။ အခုတစ်ကြိမ် စိတ်ကျရောဂါ ခံစားနေရတာ ၆ လကျော်ပါပြီ။ အရင်ကလည်း တစ်နှစ်မှာတစ်ကြိမ် စိတ်ကျရောဂါ ပြန်လည်ဖြစ်ပွားတတ်တဲ့ မှတ်တမ်းရှိပါတယ်။ ဒီအကြိမ်မှာတော့” . . .

“စိတ္တဇရောဂါလက္ခဏာမရှိတဲ့၊ အကြိမ်ကြိမ်ဖြစ်ပွားတဲ့ ဝင်ရိုးစွန်းတစ်ဖက် စိတ်ကျရောဂါပါ။ အခုအကြိမ်မှာတော့ ဆေးမတိုးတဲ့ စိတ်ကျရောဂါ (Unipolar Depression)လို့လည်း သတ်မှတ်နိုင်ပါတယ်”

ဆေးကျောင်းသူတစ်ယောက်က ချီးကျူးစကားပြောတယ်။

“တယ်တော်ပါလား”

“ငါက လူနာရဲ့ ဆေးမှတ်တမ်းဖိုင်ထဲမှာ ရေးထားတာကို ပြောပြတာပါဟ”

စာရေးသူက ဆက်လက်ဆွေးနွေးပါတယ်။

“အဲဒီလို ဆေးမတိုးတဲ့ စိတ်ကျရောဂါကို ကုသဖို့အတွက် အသုံးပြုနိုင်တဲ့ ကုထုံးတစ်ခုရှိတယ်။ ဘယ်သူသိသလဲ”

ဆေးကျောင်းသူတစ်ယောက်က ဂုဏ်ယူတဲ့ မျက်နှာထားနဲ့ အဖြေပေးတယ်။

“လျှပ်စစ်ဓာတ်အတက်ကုထုံး ECT ကုထုံးပါ။ ရှော့ရိုက်ကုထုံးပါ ဒေါက်တာအုန်း”

“မှန်ပါတယ်။ မစ်ရှီလာက ECT ကုထုံးနဲ့ ကုသခံဖို့ သဘောမတူဘူး။ ဒါကြောင့် ECT ကုထုံးနဲ့ အတင်းအဓမ္မ ကုသပေးခွင့်မရှိပါဘူး”

“ဒီတော့ . . .”

“ဒီတော့ ဆရာနဲ့ မစ်ရှီလာ သဘောတူထားတဲ့ ကုထုံးတစ်မျိုးနဲ့ ကုသပေးဖို့ စီစဉ်ထားပါတယ်”

“ဘာကုထုံးလဲ ဒေါက်တာအုန်း”

“ဦးခေါင်းအတွင်း သံလိုက်လှိုင်းဖြတ်သန်းလှုံ့ဆော်ကုထုံး”( Repitive Transcranial Magn-etic Stimulation)( rTMS)လို့ခေါ်တယ်”

“rTMS ကို ရှင်းပြပါ”

“ကျွန်တော်တို့ ကုသပေးနေတဲ့ စိတ်ကျရောဂါ လူနာရှင်တွေထဲမှာ ပုံမှန်ကုထုံး (စိတ်ကျရောဂါကုသဆေး+စိတ်ကုထုံး)နဲ့ ကုသသူတိုင်း ရောဂါသက်သာပျောက်ကင်းမှု မရှိဘူး။ ၅၀ ရာခိုင်နှုန်းသာ စိတ်ကျရောဂါ လုံးဝပျောက်ကင်းသွားပါတယ်။ ၃၀ ရာခိုင်နှုန်းကတော့ စိတ်ကျရောဂါသက်သာပေမယ့် ရောဂါလက္ခဏာတွေ ကျန်ရှိနေတတ်တယ်။ အကင်းမသေဘူး။ ၁၀ ရာခိုင်နှုန်းနဲ့ ၂၀ ရာခိုင်နှုန်းကတော့ ပုံမှန်ကုထုံးနဲ့ လုံးဝမသက်သာဘူး။ ဆေးမတိုးဘူး။ ဒုတိယအုပ်စုနဲ့ တတိယအုပ်စုမှာ ပါဝင်တဲ့ လူနာတချို ့ကို rTMS ကုထုံးနဲ့ ကုသပေးနိုင်တယ်။ rTMS ကုထုံးကို တရားဝင်ကုသနိုင်တဲ့ စိတ်ကျရောဂါကုထုံးအဖြစ် ခွင့်ပြုထားပါတယ်”

ဆေးကျောင်းသူတစ်ယောက်က မှတ်စုစာအုပ် လှန်ကြည့်ပြီး မေးမြန်းတယ်။

“ကျွန်မတို့ဦးနှောက်နဲ့ အာရုံကြောဌာနမှာ သင်တန်းတက်တုန်းက DBS ဦးနှောက်အတွင်းသား လျှပ်စစ်လှုံ့ဆော်နှိုးဆွကုထုံး”ကို သင်ရပါတယ်။ rTMS မှာ အဲဒီလို ဦးနှောက်ထဲကို လျှပ်စစ်ခဲသီးကလေး ထည့်ပေးလို့ရသလား”

“rTMS ကုထုံးမှာ ခွဲစိတ်ကုသရတဲ့ အပိုင်းမရှိပါဘူး။ လျှပ်စစ်ဓာတ်ကနေပြီး သံလိုက်ဓာတ် ပြောင်းပေးနိုင်တဲ့ စက်ကိရိယာသာ လိုအပ်ပါတယ်။ အဲဒီစက်ကိရိယာနဲ့ ဆက်သွယ်ထားတဲ့ နားအုပ်နားကျပ်လိုအစွပ်ကို ဦးခေါင်းပေါ်မှာ အရေပြားနဲ့ မထိတထိတင်ပေးထားရတယ်။ စက်ဖွင့်လိုက်ရင် လျှပ်စစ်ဓာတ်က သံလိုက်လှိုင်းဖြစ်ပေါ်လာပြီး ဦးခေါင်းကို ထိုးဖောက်ပြီး ဦးနှောက်ထဲကို စီးဝင်သွားတယ်။ လိုအပ်တဲ့ ဦးနှောက်ပိုင်းကို တိုက်ရိုက်ထိအောင် ချိန်ကိုက်ပေးရတယ်။ သံလိုက်လှိုင်းက ဦးနှောက်ကလာပ်စည်းကို ဖြတ်သွားတဲ့အခါ ဦးနှောက်ကလာပ်စည်းထဲမှာ လျှပ်စစ်ဓာတ်အဖြစ် ပြောင်းလဲသွားတယ်။ ဒါကြောင့် နောက်ဆုံးရလဒ်က လိုအပ်တဲ့ ဦးနှောက်ကလာပ်စည်းကို လျှပ်စစ်ဓာတ်နဲ့ လှုံ့ဆော်နှိုးဆွပေးခြင်းပါပဲ”

“စိတ်ကျရောဂါကို ကုသဖို့အတွက် ဘယ်ဦးနှောက်အင်္ဂါပိုင်းကို လှုံ့ဆော်နှိုးဆွပေးသလဲ”

DLPFC လို့ခေါ်တဲ့ နဖူးအောက်ရှိ ဦးနှောက်နောက်ဘ်ပိုင်း (Prefrontal Lobe)ကို ပစ်မှတ်ချိန်ပြီး လှုံ့ဆော်ပေးပါတယ်။ အဲဒီဦးနှောက်ပိုင်းလုပ်ငန်းက စိတ်ကျရောဂါမှာ ချို ့ယွင်းအားနည်းနေပါတယ်။ ဒါကြောင့် အဲဒီလိုအားနည်းချို့ယွင်းနေတဲ့ ဦးနှောက်ပိုင်းကို နှိုးဆွလှုံ့ဆော်ပေးရင် စိတ်ကျရောဂါ သက်သာလာနိုင်ပါတယ်”

“rTMS ကုထုံးက ထိရောက်မှုရှိသလား”

“အကုရခက်ခဲနေတဲ့ ဆေးမတိုးစိတ်ကျရောဂါရှင်တွေထဲမှာ ၇၅ ရာခိုင်နှုန်းအထိ သိသိသာသာ ရောဂါသက်သာမှု ရရှိနိုင်ပါတယ်”

“ဒီလိုဆိုရင် မစ်ရှီလာအတွက် မျှော်လင့်ချက်ရှိတာပေါ့”

“မှန်ပါတယ်။ မစ်ရှီလာမှာ နှလုံးရောဂါမရှိဘူး။ နှလုံးခုန်နှုန်းထိန်းစက် Pacemaker မထည့်ထားတာလည်း မရှိဘူး။ သတ္တုဓာတ်ပါရှိတဲ့ပစ္စည်း-ဥပမာ နားတုကိရိယာ၊ မျက်စိတုကိရိယာတွေကိုလည်း အသုံးမပြုဘူး။ နောက်ပြီး မစ်ရှီလာရဲ ့ ဦးခေါင်းထဲမှာ ကျည်ဆံစ၊ သံစ စတဲ့ သံလိုက်ဓာတ်ကို တုံ့ပြန်မယ့် သတ္တုလည်းမရှိဘူး။ နောက်ပြီး မျက်နှာမှာ သံဓာတ်ပါတဲ့ မင်ရည်ထိုးကွင်းထိုးထားတာလည်း မရှိဘူး။ မစ်ရှီလာမှာ အတက်ရောဂါမရှိဘူး။ ကိုယ်ဝန်မရှိဘူး”

“အဲဒီအချက်အလက်တွေရှိရင် rTMS ကုထုံးကို အသုံးမပြုရဘူးလား”

“ဟုတ်ပါတယ်။ ဒါကြောင့် rTMS စက်ကိရိယာရှိတဲ့ ဘရစ်ဘိန်းမြို့က ဆေးရုံမှာ ကုသမှုခံယူဖို့ မစ်ရှီလာကို လွှဲပြောင်းပေးဖို့ စီစဉ်နေပါတယ်”

“rTMS ကုသမှုက ဘယ်လောက်ကြာမလဲ”

“သံလိုက်လှိုင်းလှုံ့ဆော်မှု ကုထုံးကို တစ်ကြိမ်မှာ မိနစ် ၂၀ မှ မိနစ် ၄၀ အထိ ကြာရှည်ပါတယ်။ rTMS ကုသမှုနဲ့ ရောဂါသက်သာပျောက်ကင်းသွားပေမယ့် လပိုင်းအတွင်း စိတ်ကျရောဂါ ပြန်လည်ဖြစ်ပွားလာနိုင်ပါတယ်။ ဒါကြောင့် rTMS ကုထုံးနဲ့ ကုသပြီးရင် စိတ်ကျရောဂါကုသဆေးကို ဆက်လက်ပြီးမှီဝဲဖို့ လိုအပ်ပါတယ်။ ဒါမှမဟုတ် စိတ်ကျရောဂါဖြစ်ပွားစ လက္ခဏာရှိလာရင် rTMS ကုထုံးတစ်ဖုံ (Course) ထပ်ပေးရမယ်။ ဘေးထွက်ဆိုးကျိုးတွေကတော့ ကုသမှုခံယူနေစဉ်မှာ ဦးခေါင်းအရေပြား ထုံကျဉ်တာတို့၊ ဦးခေါင်းကို လက်နဲ့တောက်နေသလို ခံစားရတာမျိုးရှိတယ်။

ကုသမှုခံယူနေတဲ့ အချိန်ကာလအတွင်းမှာ ခေါင်းမူးတာ၊ ခေါင်းကိုက်တာ ရှိနိုင်တယ်။ ပြင်းပြင်းထန်ထန် မဟုတ်ပါဘူး။ တချို့လူနာတွေမှာတော့ မှတ်ဉာဏ်လျော့နည်းတာ၊ အတက်ရောဂါရရှိတာ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဖြစ်ပွားမှုနှုန်းက အလွန်နည်းပါးပါတယ်”

ဆေးကျောင်းသားတစ်ယောက်က မှတ်ချက်ချပါတယ်။

“ဒီလိုဆိုတော့ စိတ်ကျန်းမာရေးဌာနတိုင်းမှာ rTMS ကုစက်ရှိသင့်တာပေါ့”

“မှန်ပါတယ်။ ရင်းနှီးဖို့တော့ လိုအပ်ပါတယ်။ လိုအပ်တဲ့ စက်ကိရိယာအပြည့်အစုံ တပ်ဆင်ဖို့ သြစတြေးလျ ဒေါ်လာတစ်သိန်းလောက် ကုန်ကျပါတယ်။ စက်ကိရိယာအသုံးပြုနိုင်ဖို့ ကျွမ်းကျင်လုပ်သားနဲ့ ကျွမ်းကျင်သူဆရာဝန်လည်း လိုအပ်ပါတယ်။ ဒါပေမဲ့ ရေရှည်မှာ rTMS နဲ့ ကုသမှုကုန်ကျစရိတ်က စိတ်ကျရောဂါကုဆေးဖိုး ကုန်ကျစရိတ်ထက်သိပ်ပြီး မပိုဘူးလို့ လေ့လာတွေ့ရှိရတယ်”

Most Popular

Healthy Life Ad
To Top