Healthy Life Ad
Life Style

ဘယ်အရွယ်ရောက်ရောက် ကျက်သရေရှိရှိ လှပစေရန် ရှောင်သင့်သည့်အချက်များ

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

အသက်ကြီးတဲ့အထိ မပျက်စီး မယိုယွင်းတဲ့ အလှမျိုးနဲ့ ကျက်သရေရှိရှိ တင့်တယ်နေစေဖို့ အောက်ပါအချက်တွေကို ရှောင်ဖို့လိုပါတယ်။

(၁) အရက်အလွန်အကျွံသောက်ခြင်း

အားလပ်ရက်တွေမှာ ခါတိုင်းအချိန်တွေမှာထက် အရက်ကို ပိုပြီးသောက်ဖြစ်နေပါသလား။ အရက်အလွန်အမင်းသောက်တာဟာ အိုမင်းတဲ့ဖြစ်စဉ်ကို မြန်ဆန်စေပြီး အရက်နာကျတဲ့အခါတွေမှာ မျက်တွင်းချိုင့်ကာ နွမ်းနယ်နေတဲ့အသွင်မျိုး ဖြစ်စေပါတယ်။ အရက်မသောက်တာကတော့ အကောင်းဆုံးပါ။ အဲဒီလိုမဟုတ်ဘဲ အရက်ကို သောက်ချင်တယ်ဆိုရင် စပျစ်ဝိုင်နီတစ်ဖန်ခွက်၊ အလွန်ဆုံး နှစ်ဖန်ခွက်လောက်ကိုပဲ သောက်ပေးပါ။ ဝိုင်နီထဲမှာပါဝင်တဲ့ အင်တီအောက်ဆီးဒင့်များစွာဟာ အိုမင်းမှုကို တကယ်တားဆီးပေးနိုင်ပါတယ်။

(၂) အသားအရေနှင့် အလှကုန်ပစ္စည်း တည့်၊ မတည့် မစမ်းဘဲသုံးခြင်း

ပါတီပွဲကြီးကြီးမတိုင်ခင်မှာ အသားအရေဆိုင်ရာ ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်မယ်လို့ ဆုံးဖြတ်ပြီး အလှကုန်အမျိုးအစားအသစ်တွေကို သုံးတော့မလို့လား။ သင့်အနေနဲ့ အရင်တုန်းက တစ်ကြိမ်တစ်ခါမှ မသုံးခဲ့ဖူးဘူးဆိုရင်တော့ ဒီအချိန်မှာ စတင်မသုံးသင့်သေးပါဘူး။ အလှကုန်ပစ္စည်းတွေရဲ ့ မမြင်ရတဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် အသားအရေပေါ်မှာ ဓာတ်မတည့်တာမျိုးတွေကို ဖြစ်စေနိုင်လို့ပါ။ အရေးကြီးတဲ့ အခမ်းအနားတွေ၊ ခရီးတွေ၊ ပွဲလမ်းသဘင်တွေမတိုင်ခင် အချိန်နှစ်ပတ်အလိုမှာ အလှကုန်ပစ္စည်းအသစ်တွေကို စမ်းသပ်သုံးကြည့်သင့်ပါတယ်။ သင်နဲ့ တည့်တယ်ဆိုမှသာ ဆက်လက်အသုံးပြုပေးသင့်ပါတယ်။

(၃) ညမအိပ်ဘဲနေခြင်း

လေ့လာမှုအရ ညမှာ အိပ်ရေးဝ၀ အိပ်စက်အနားယူထားတဲ့သူတွေကသာ ဆွဲဆောင်မှုရှိပြီး လန်းဆန်းနေကြောင်း သိရပါတယ်။ ပင်ပန်းနွမ်းနယ်ကာ အိပ်ရေးပျက်နေချိန်မှာ အရေပြားလှပစေတဲ့ အင်ဇိုင်းတွေဟာ အဆီဓာတ်ကို ကောင်းကောင်းမထုတ်ပေးနိုင်တာကြောင့် အသားအရေ ခြောက်သွေ့တာနဲ့ အသားအရောင်မည်းညစ်တာတွေကို ဖြစ်စေနိုင်ပါတယ်။ အိပ်ရေးပျက်တာကြောင့် အထွက်များလာတဲ့ ကော်တီစောပမာဏဟာလည်း အရေးကြောင်း ထင်စေတတ်ပါတယ်။

(၄) အမွေးရိတ်ရာက အရေပြားလောင်ကျွမ်းခြင်း

သင့်အနေနဲ့ ရက်တီးနွိုက် (Retinoid) ပါတဲ့ လိမ်းဆေးကို လိမ်းပြီး ၁၀ ရက်ကြာမှသာ အမွှေးရိတ်ပေးပါ။ ရက်တီနော(Retinol)ပါတဲ့ လိမ်းဆေးတွေဟာ အရေပြားရဲ ့ အကာအကွယ်ပေးတဲ့ အပြင်အလွှာကို ကွာကျစေတာကြောင့် ဆဲလ်သေတွေ ကွာကျနေတဲ့အချိန်ပါ။ ဒါကြောင့် အဲဒီအချိန်မှာ အမွှေးရိတ်ရင် အရေပြားလောင်ကျွမ်းမှုကို အဖြစ်များစေတာကြောင့် အဲဒီဆေးလိမ်းပြီး အချိန် ၁၀ ရက်ကြာမှသာ အမွှေးရိတ်ပေးပါ။

(၅) သကြားများများ စားခြင်း

အချိုပွဲနဲ့ ဝေးဝေးမှာနေတာ အကောင်းဆုံးပါ။ အကြောင်းကတော့ သကြားတွေကို များများစားတာက ဝက်ခြံကို ပိုဆိုးစေပြီး အရွယ်မတိုင်ခင် အရေးကြောင်းထင်တာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သကြားနဲ့ပြုလုပ်ထားတဲ့ မုန့်တွေကိုလည်း များများမစားပါနဲ့။

(၆) အသားအရေအမျိုးအစားနှင့် မသင့်တော်သော အလှကုန်ပစ္စည်းများ အသုံးပြုခြင်း

သင့်အနေနဲ့ အလှကုန်ပစ္စည်းတွေကို လက်ဆောင်အဖြစ် လက်ခံရရှိရင် သင့်အသားအရေအမျိုးအစားနဲ့ သင့်တော်သလား၊ မသင့်တော်ဘူးလားဆိုတာကို မစဉ်းစားဘဲ အသုံးပြုတတ်သလား။ ဒါမှမဟုတ် ကိုယ်ရဲ့အသားအရေ အမျိုးအစားကိုတောင် မသိဘူးလား။ ဒါဆိုရင်တော့ အဆင်မပြေသေးပါဘူး။ အသားအရေ လှပနုပျို ကြည့်ကောင်းချင်တယ်ဆိုရင် ကိုယ့်အသားအရေ အမျိုးအစားကို သိရှိပြီး အဲဒီအမျိုးအစားနဲ့ လိုက်ဖက်တဲ့ အလှကုန်အမျိုးအစားတွေကိုသာ အသုံးပြုပေးသင့်ပါတယ်။

(၇) စိတ်ဖိစီးမှုများခြင်း

နေ့စဉ် ကြုံနေကျ အသေးအမွှားကအစ စိတ်ဖိစီးမှုများတတ်တဲ့ အကျင့်ကို ဆင်ခြင်ပါ။ “စိတ်ညစ်တယ်”ဆိုတာမျိုး ဘယ်တော့မှ မညည်းညူပါနဲ့။ စိတ်ဖိစီးမှုကို တတ်နိုင်သမျှလျှော့ချပြီး ကြည်လင်တဲ့စိတ်ထားနဲ့ နေထိုင်ရင် အသားအရေကလည်း လှပကြည်လင်စင်ကြယ်နေမှာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top