Healthy Life Ad
Health Tips

အရိုးပါး၊ အရိုးပွရောဂါ ကာကွယ်ပါ

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

အရိုးသိပ်သည်းမှုပမာဏက အသက် ၂၅-၃၀ နှစ်အရွယ်မှာ အမြင့်ဆုံးဖြစ်ပြီး အဲဒီအသက်အရွယ် နောက်ပိုင်းရောက်လာရင် အရိုးအတွင်းရှိ ကယ်လ်စီယမ်ဓာတ်ဆွေ တဖြည်းဖြည်း လျော့နည်းသွားကာ အရိုးဖွဲ့စည်းတည်ဆောက်ပုံကို အားနည်းသွားစေပါတယ်။ ဒီလိုပြောလိုက်လို့ မိတ်ဆွေက အသက် ၃၀ ကျော်အရွယ် ဖြစ်နေရင်လည်း စိုးရိမ်စရာမလိုပါဘူး။ အာဟာရစုံလင်အောင် စားသောက်တာ၊ လေ့ကျင့်ခန်းပြုလုပ်တာတွေက အရိုးကျန်းမာရေးကို ထိန်းထားနိုင်ပါတယ်။ အရိုးက သက်ရှိတစ်သျှူးဖြစ်လို့ နေထိုင်စားသောက်မှုမှန်ရင် အရိုးပြန်လည် အသစ်အစားထိုးခြင်းဖြစ်စဉ် ပုံမှန်ဖြစ်ပေါ်နေပါတယ်။ ကယ်လ်စီယမ်ဓာတ်လိုပဲ ဗီတာမင်ဒီ၊ ဖော့စ်ဖရပ်စ်၊ မဂ္ဂနီစီယမ်နဲ့ ဗီတာမင်အေကလည်း အရိုးသန်စွမ်းရေးအတွက် အရေးပါပါတယ်။

♦ ကယ်လ်စီယမ်

နေ့စဉ်လိုအပ်တဲ့ ကယ်လ်စီယမ်ပမာဏ ပြည့်မီအောင် ရရှိတာက အရိုးမှာ ရှိရင်းစွဲ ကယ်လ်စီယမ် ထိန်းထားနိုင်ဖို့ရာ အထောက်အကူဖြစ်စေပါတယ်။ အရွယ်ရောက်လူကြီးတွေမှာ တစ်နေ့ ကယ်လစီယမ် ၁၀ဝဝ မီလီဂရမ် (အသက် ၅၀ ကျော်ရင် ၁၅၀ဝ မီလီဂရမ်)လိုအပ်ပါတယ်။

♣ နွားနို့တစ်ခွက် ဒါမှမဟုတ် ပဲနို့တစ်ခွက်မှာ ကယ်လ်စီယမ် (၃၀ဝ) မီလီဂရမ်

♣ ဒိန်ချဉ်တစ်ခွက်၊ တို့ဟူးခွက်တစ်ဝက်၊ ကိုက်လန် (၁) ခွက်ခွဲ ဒါမှမဟုတ် ပန်းဂေါ်ဖီ (၂)ခွက်မှာလည်း ကယ်လစီယမ် (၃၀ဝ) မီလီဂရမ်

တကယ်လို့ လိုအပ်တဲ့ ကယ်လစီယမ်ရရှိရေးအတွက် ကယ်လစီယမ် ဖြည့်စွက်ဆေးကို မှီဝဲမယ်ဆိုရင် ကိုယ်ခန္ဓာမှ စုပ်ယူမှုအကောင်းဆုံးဖြစ်စေဖို့ ကယ်လ်စီယမ်ကို တစ်ကြိမ်သောက်သုံးရင် ၅၀ဝ မီလီဂရမ်ထက် မကျော်သင့်ပါဘူး။ ဗီတာမင်ဒီနဲ့ တွဲဖက်မှီဝဲသင့်ပြီး သံဓာတ်ကြွယ်ဝတဲ့ အစားအစာ/ သံဓာတ်အားဆေးတွေနဲ့ တွဲမစားရပါ။ ကယ်လ်စီယမ်ကာဘွန်နိတ်ပါတဲ့ အားဆေးကို အစာနဲ့အတူ မမှီဝဲသင့်ပါ။ ကယ်လ်စီယမ်စစ်ထရိတ်ပါတဲ့ အားဆေးကို အစာနဲ့ဖြစ်ဖြစ်၊ ဆေးချည်းဖြစ်ဖြစ် မှီဝဲနိုင်ပါတယ်။

♦ ဗီတာမင် ဒီ

သွေးထဲရှိ ဖော့စဖာရပ်နဲ့ ကယ်လ်စီယမ်တို့ သင့်တော်တဲ့ပမာဏရှိအောင် ထိန်းသိမ်းထားရာမှာ ဗီတာမင် ဒီက အရေးကြီးပါတယ်။ အသက် (၅၀) အောက် လူတွေက နေ့စဉ် ဗီတာမင်ဒီ ၄၀ဝ-၁၀ဝဝ အိုင်ယူရရှိဖို့ လိုအပ်ပြီး အသက် (၅၀) ကျော်ရင် (၈၀ဝ-၂၀ဝဝ) အိုင်ယူလိုအပ်ပါတယ်။

♦မဂ္ဂနီစီယမ်

မဂ္ဂနီစီယမ် အလုံအလောက်မရရှိရင် ကယ်လ်စီယမ်ချို့တဲ့မှုဖြစ်စေသလို အရိုးဖြစ်စေတဲ့ ဟော်မုန်းတွေနဲ့ ဗီတာမင်ဒီရဲ့ အစွမ်းကို လျော့ကျစေပါတယ်။ အသက် ၃၀ ကျော်အထိ အမျိုးသားက မဂ္ဂနီစီယမ် ၄၀ဝ မီလီဂရမ်နဲ့ အမျိုးသမီးက ၃၁၀ မီလီဂရမ် လိုအပ်ကာ ဒီ့ထက်အသက်ကြီးလာရင် အမျိုးသားက ၄၂၀ မီလီဂရမ်နဲ့ အမျိုးသမီးက ၃၂၀ မီလီဂရမ် လိုအပ်ပါတယ်။ ဂျုံ၊ အစေ့အဆန်၊ ငါးနဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ မဂ္ဂနီစီယမ် ပါဝင်ပါတယ်။ မဂ္ဂနီစီယမ်ကို အားဆေးမှရယူလိုရင် ၅၀ မီလီဂရမ် မကျော်သင့်ပါ။ ဘေးထွက်ဆိုးကျိုးအနေနဲ့ ဝမ်းလျှောတတ်လို့ပါ။

♦ ဖော့စ်ဖရပ်စ်

အရိုးဖွဲ့စည်းတည်ဆောက်ရာမှာ ဖော့စ်ဖရပ်စ်ကလည်း အရေးပါပါတယ်။ အရွယ်ရောက်လူကြီးတွေအတွက် တစ်ရက်တာ ဖော့စ်ဖရပ်စ် လိုအပ်ချက်မှာ ၇၀ဝ မီလီဂရမ်ဖြစ်ပြီး နို့တစ်ခွက်၊ ဒိန်ချဉ်တစ်ခွက်၊ ဒိန်ခဲအမာ ၂ အောင်စတို့မှာ ဖော့စပါရပ် ၂၃၀ မီလီဂရမ် ပါဝင်သလို တခြားအစားအစာ အတော်များများမှာလည်း ပါဝင်ပါတယ်။

♦ ဗီတာမင်အေ

ဗီတာမင်အေက ဆီးမှာ ကယ်လ်စီယမ်နဲ့ အရိုးဖြစ်ပေါ်စေနိုင်တဲ့ အရာတွေ စွန့်ထုတ်မူကို ကန့်သတ်ကာ အရိုးဖြစ်စေတဲ့ ပရိုတင်းဓာတ်တွေကို အထောက်အကူပေးတဲ့နည်းနဲ့ သွေးထဲမှာ ကယ်လ်စီယမ် လုံလုံလောက်လောက်ရှိနေအောင် ထိန်းသိမ်းမှုကို ပါဝင်လုပ်ဆောင်ပါတယ်။

ဗီတာမင်အေက ကိုက်လန်၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီ၊ ပဲစိမ်း၊ ထောပတ်သီး၊ လက်ဖက်စိမ်းလက်ဖက်နဲ့ ဒိန်ခဲတွေမှာ ပါရှိပါတယ်။ ယေဘုယျအားဖြင့် တစ်နေ့တာ ဗီတာမင်အေ လိုအပ်ချက် အမျိုးသမီး (၉၀) မီလီဂရမ်နှင့် အမျိုးသား (၁၂၀) မီလီဂရမ်ကို အစားအစာကပဲ ရနိုင်ပါတယ်။

♦ အရိုးကျန်းမာဖို့ လေ့ကျင့်ခန်းလုပ်ကြစို့

အရိုးတွေက သက်ရှိတစ်သျှူးတွေ ဖြစ်တာကြောင့် ကြွက်သားကို သန်မာအောင် လုပ်သလိုပဲ အရိုးတွေကိုလည်း သန်မာအောင် လေ့ကျင့်ခန်းပုံမှန် ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ တစ်ပတ်မှာ အနည်းဆုံး ၄ ရက်နဲ့ တစ်ကြိမ်မှာ မိနစ် ၃၀ ကြာ လေ့ကျင့်ခန်း ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

Most Popular

Healthy Life Ad
To Top