Healthy Life Ad
Life Style

သင့်အသားအရေ ထိခိုက်စေသည့် ပတ်ဝန်းကျင်အခြေအနေများ

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

တခြားမြို ့ရပ်တွေကို အလည်သွားပြီး ပြန်လာချိန်မှာ အသားအရေနီမြန်းတာ၊ အဖုအပိမ့်ပေါက်တာ စတဲ့ အပြစ်အနာအဆာတွေ ပေါ်တာမျိုး ဖြစ်တတ်ပါသလား။ ဒီလိုအခြေအနေမျိုး ကြုံနေရတာက ပတ်ဝန်းကျင်အခြေအနေတွေကြောင့် ဖြစ်ရတာပါ။ အသားအရေကို အိုမင်းထိခိုက်စေတဲ့ ပတ်ဝန်းကျင်အခြေအနေတွေကတော့ ခရမ်းလွန်ရောင်ခြည်၊ ဆေးလိပ်ငွေ့၊ ညစ်ညမ်းတဲ့လေထု စတာတွေပဲ ဖြစ်ကြပါတယ်။

ခရမ်းလွန်ရောင်ခြည်

နေ့စဉ် နေပူထဲသွားတာကြောင့် ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့ရာက အသားအရေကို စတင်ညစ်နွမ်းစေပါတယ်။ ခရမ်းလွန်ရောင်ခြည်အေ (UVA) ကြောင့် အရေပြားတင်းရင်းစေတဲ့ ကော်လာဂျင်ကို ထိခိုက်စေပြီး အရေပြားရဲ ့တင်းအားကို လျော့ကျစေပါတယ်။ ဒါ့အပြင် အရေပြားအရောင်ပြောင်းလဲမှုဖြစ်ကာ မှဲ့ခြောက်ထွက်တာ၊ အရေပြားလျော့တွဲကျတာ၊ အရေးကြောင်းထင်တာနဲ့ ပါးရေတွန့်တာတွေ ဖြစ်လာတတ်ပါတယ်။

ဆေးလိပ်ငွေ့

ဆေးလိပ်သောက်တတ်ရင် ဒီနေ့ပဲ ဆေးလိပ်ကိုဖြတ်လိုက်ပါ။ မနက်ဖြန်မှာ သင့်အသားအရေ တောက်ပလာပါလိမ့်မယ်။ ဆေးလိပ်သောက်တာကြောင့် ခန္ဓာကိုယ်ထဲမှာ ဖရီးရယ်ဒီကယ်တွေ အထွက်တိုးလာစေပြီး အရေပြားမှ အင်တီအောက်ဆီးဒင့်တွေ လျော့သွားပါတယ်။ ဆေးလိပ်သောက်တာကြောင့် သွေးကြောတွေကို ကျဉ်းသွားစေပြီး အရေပြားဆီကို သွေးစီးဆင်းမှု လျော့ကျစေပါတယ်။ ဗီတာမင်အေလို အင်တီအောက်ဆီးဒင့်အဆင့် လျော့ကျသွားတာကြောင့် အရေပြားကို တင်းရင်းစေတဲ့ အီလက်စတင်အမျှင်တွေ ပျက်စီးသွားပါတော့တယ်။ အဲဒီအခါ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အရေးကြောင်းတွေ ပိုထင်လာနိုင်ပါတယ်။ ဆေးလိပ်ငွေ့ရှူမိရင်လည်း အသားအရေကို ထိခိုက်စေနိုင်ပါတယ်။

ညစ်ညမ်းသောလေထု

လေထုညစ်ညမ်းမှုကလည်း အသားအရေကို ထိခိုက်စေတဲ့ အချက်တစ်ချက်ပါပဲ။ ညစ်ညမ်းတဲ့လေထုဟာ နေရောင်ခြည်လိုပဲ အရေပြားကို နွမ်းနယ်စေနိုင်ပါတယ်။ ကြမ်းတမ်းတဲ့ ရာသီဥတုအခြေအနေကြောင့် အရေပြားရှိ မရှိမဖြစ်အရေးပါတဲ့ အစိုဓာတ်ဆုံးရှုံးသွားပြီး အသားအရေ ကြမ်းတမ်းခြောက်သွေ့ကာ အရေးကြောင်းထင်လွယ်လာပါတယ်။ အလွန်ပြင်းထန်တဲ့ လေထုညစ်ညမ်းမှုကြောင့် ငယ်ရွယ်တဲ့သူတွေမှာ အရေပြားကင်ဆာ ဖြစ်စေနိုင်ပါတယ်။ လေထုညစ်ညမ်းမှုကြောင့် အရေပြားထိခိုက်မှုကင်းအောင် နံနက်ခင်းနဲ့ ညနေခင်းမှာ အရေပြားပေါ်က အညစ်အကြေးတွေ၊ ဖုန်မှုန့်တွေကို ဆပ်ပြာနဲ့ ဆေးကြောသန့်စင်ပေးပြီး အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းပေးသင့်ပါတယ်။

စိတ်ဖိစီးမှု

အလုပ်အကိုင်အခြေအနေ၊ ကျန်းမာရေးအခြေအနေနဲ့ မိသားစုအရေးကိစ္စတွေကြောင့် စိတ်ဖိစီးမှုတွေ များနေရင်လည်း အသားအရေကို ထိခိုက်စေနိုင်ပါတယ်။ ဥပမာပြောရရင် ဆိုရီယေးစစ်(ဂျွတ်ပေါက်တာ)က စိတ်ဖိစီးမှုကြောင့် ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ စိတ်ဖိစီးမှုကို ကောင်းကောင်းထိန်းချုပ်ကာ တွန်းလှန်နိုင်ရင်တော့ အရေပြားကို ထိခိုက်မှုမဖြစ်စေနိုင်ပါဘူး။

အသားအရေကျန်းမာစေမည့် နည်းလမ်းများ

အရွယ်မတိုင်ခင် အသားအရေအိုမင်းမှုမဖြစ်အောင်နဲ့ အရွယ်တင်နုပျိုနေအောင် အောက်ပါနည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

• နေရောင်ကာနိုင်စွမ်း အနည်းဆုံး SPF ၁၅ ဆပါဝင်တဲ့ နေရောင်ကာခရင်မ်ကို လိမ်းပေးပါ။ နေရောင်ကာခရင်မ်လိမ်းရုံနဲ့ အပြည့်အဝကာကွယ်မှု ပေးနိုင်ပြီလို့ မထင်ပါနဲ့။ အနားကျယ်တဲ့ ဦးထုပ်ဆောင်းတာ၊ လက်ရှည်အင်္ကျီနဲ့ ဘောင်းဘီရှည်ဝတ်တာ၊ နေကာမျက်မှန်တပ်တာ စတဲ့ နည်းတွေနဲ့ ကာကွယ်သင့်ပါတယ်။

• နေကာမျက်မှန်ကို တပ်တာကလည်း အရွယ်မတိုင်ခင် အိုမင်းမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး မျက်ဝန်းထောင့်အရေးကြောင်း မထင်စေပါဘူး။

• မျက်နှာအရေပြားဟာ ဓာတုပစ္စည်းတွေနဲ့ အဆက်မပြတ် ထိတွေ့နေရရင် အရေပြားခြောက်သွေ့နိုင်ပါတယ်။ ဒီလိုမဖြစ်စေဖို့ ဗီတာမင်အီး၊ ရှားစောင်း(Aloe)နဲ့ Shea butter တို့ အများအပြားပါဝင်တဲ့ ခရင်မ်ကို လိမ်းပေးသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top