Healthy Life Ad
Q & A

Covid-19 နဲ့ပတ်သက်ပြီး ဘယ်လိုလက္ခဏာတွေတွေ့ရင် စိုးရိမ်ရသလဲ

—–၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ၊—–

မေး-Covid -19 ရဲ့ လက္ခဏာတွေက ဘာတွေလဲ။ ဘာလက္ခဏာတွေ့ရင် စိုးရိမ်ရလဲ။

ဖြေ- Covid-19 ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ခန္ဓာကိုယ်ထဲဝင်ရောက်ပြီး ၂ ရက်က ၁၄ ရက်အတွင်း လက္ခဏာပြတတ်ပြီး အများစုမှာ ၄ ရက်- ၅ ရက်အကြာမှာ လက္ခဏာစပေါ်တတ်ပါတယ်။ ချောင်းဆိုးခြင်း၊ ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ နုံးနယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မောခြင်း၊ လည်ချောင်းနာခြင်း၊ ဝမ်းလျောခြင်း၊ ပျို့အန်ခြင်း၊ အနံအရသာပျက်ခြင်းတို့ ဖြစ်စေပြီး မျက်စိနာခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ဗိုက်နာခြင်း၊ နှာရည်ယိုခြင်းတို့ကိုလည်း ဖြစ်စေနိုင်ပါတယ်။ နေရာဒေသအလိုက်ဖျားခြင်းနှင့် အနံပျောက်ခြင်းတို့ကို အများဆုံး တွေ့ရတတ်ပါတယ်။

အောက်ပါလက္ခဏာများ ခံစားရရင်တော ့စိုးရိမ်ရပြီး ဆေးရုံသို့ အမြန်သွားရောက်ပြသရမှာ ဖြစ်ပါတယ်။ အသက်ရှူမဝခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ မောခြင်း၊ ရင်ဘတ်အောင့်ခြင်း/လေးခြင်း၊ မထနိုင်လောက်အောင်နုံးနယ်ခြင်း၊ နှုတ်ခမ်းပြာခြင်း၊ကယောင်ကတမ်းဖြစ်ခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ဓာတ်လျော့နည်းခြင်းတို့ ဖြစ်ပါတယ်။

မေး- Covid-19 ရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုး ဘာတွေဖြစ်နိုင်ပါသလဲ။

ဖြေ- လတ်တလော နောက်ဆက်တွဲဆိုးကျိုးတွေကို ရောဂါပိုးဝင်ရောက်ပြီး ၅ ရက်မှ ၈ ရက်အတွင်း အများဆုံးတွေ့ရပါတယ်။ ပြင်းထန်အဆုတ်ရောဂါဖြစ်ပွားမှု အများဆုံးတွေ့ရပြီး နှလုံးခုန်မမှန်ခြင်း၊ သွေးလန့်ခြင်း၊ နှလုံးထိခိုက်ခြင်း၊ အဆုတ်သွေးကြောပိတ်ဆို့ခြင်း၊ လေဖြတ်ခြင်း၊ အာရုံကြောထိခိုက်၍ အောက်ပိုင်းမလှုပ်နိုင်ဘဲ ချိသွားခြင်း၊ ဦးနှောက်ရောင်ခြင်း၊ ဦးနှောက်အမြှေးပါးရောင်ခြင်း၊ဘက်တီးရီးယားနဲ့ မှိုပိုးများဝင်ရောက်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ ရောဂါပျောက်ကင်းပြီးနောက်ပိုင်း နုံးနယ်ခြင်း၊ မောခြင်း၊ အဆစ်ရောင်ခြင်း၊ ချောင်းဆိုးခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အနည်းငယ်ဖျားနာခြင်းတို့ကို ၁ လ မှ ၂ လထိ ခံစားရနိုင်ပါတယ်။ ရေရှည်ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်ခြင်းကို လေ့လာချက်အနည်းငယ်အရ အဆုတ်ထိခိုက်ခြင်း၊ နှလုံးထိခိုက်ခြင်းတို့အပြင် အထူးကြပ်မတ်ကုသဆောင် (ICU)ထဲမှာ ကုသခံရသူတွေမှာ ခန္ဓာကိုယ်နုံးနယ်ခြင်းအပြင် ဦးနှောက်နှင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း တွေ့ရှိထားပါတယ်။

မေး-ဘယ်လိုလူမျိုးတွေမှာ သေဆုံးနိုင်ခြေများလဲ။

A – အသက်အရွယ်ကြီးလေ သေဆုံးနိုင်ခြေများလေဖြစ်ပြီး နှလုံးရောဂါ ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ ကင်ဆာရောဂါ၊ နာတာရှည်ကျောက်ကပ်ရောဂါ ၊ ကိုယ်တွင်းအင်္ဂါအစားထိုးထားသူများ၊ သွေးရောဂါ၊ အဝလွန်ရောဂါရှိသူနဲ့ ဆေးလိပ်သောက်သူများ၊ အသည်းရောဂါ၊ HIV ပိုးရှိသူတွေမှာ ရောဂါပြင်းထန်မှုများပြီး သေဆုံးမှုမြင့်မားကြောင်း တွေ့ရှိထားပါတယ်။ အီတလီနိုင်ငံမှ လေ့လာမှုတစ်ခုအရ သေဆုံးသူ ၃၅၅ ဦးမှာ ရောဂါအခံမရှိသူ ၃ ဦးသာရှိကြောင်း တွေ့ရှိထားပါတယ်။

Most Popular

Healthy Life Ad
To Top