Healthy Life Ad
Health Tips

ကိုဗစ်-၁၉ လူနာတို့အား ဆေးရုံဆင်းသတ်မှတ်ချက်ကို ပြောင်းလဲလိုက်သဖြင့် အောက်တိုဘာ ၁၁ ရက်နေ့ တစ်ရက်တည်းတွင် ဆေးရုံဆင်းလူနာဦးရေ (၂၆၉၂) ဦးရှိလာ

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

အောက်တိုဘာလ ၁၁ ရက်နေ့ ည (ဂ) နာရီ ထုတ်ပြန်ချက်အရ တစ်ရက်တည်းတွင် ဆေးရုံဆင်းလူနာဦးရေ (၂၆၉၂) ဦးရှိလာခဲ့ပြီး ဆေးရုံဆင်းလူဦးရေ များပြားရသည်မှာ ဆေးရုံဆင်းသတ်မှတ်ချက် ပြောင်းလဲလိုက်သဖြင့် ဖြစ်ကြောင်း ဆေးတက္ကသိုလ်(၁) ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာဇော်ဝေစိုးက အောက်တိုဘာ ၁၁ ရက်နေ့တွင် ပြောကြားခဲ့သည်။

“အာခေါင်တို့ဖတ်ယူပြီးတဲ့နေ့ကနေ ၁၀ ရက်မြောက်မှာ ဆေးရုံဆင်းပေးတာ ဖြစ်ပါတယ်။ စစ်ဆေးမှုတွေ များပြားတဲ့အတွက် အဖြေထွက်တာ နောက်ကျပါတယ်။ ဒီတော့ အဖြေထွက်တဲ့နေ့က စတွက်မယ်ဆိုရင် အမှန်တကယ်ပိုးရှိတဲ့နေ့နဲ့ မကိုက်ပါဘူး။ အမှန်တကယ်ပိုးရှိတာက အာခေါင်တို့ဖတ်ယူတဲ့နေ့မှာ ပိုးရှိတာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာမှာ သုံးသလိုပဲ အာခေါင်တို့ဖတ်ယူတဲ့နေ့စပြီး ၁၀ ရက်မြောက်မှာ ဆေးရုံဆင်းပေးတဲ့ သတ်မှတ်ချက် ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။ အခုဆင်းပေးလိုက်တဲ့သူတွေက ရောဂါကင်းပြီး ကူးစက်နိုင်ခြင်းမရှိတော့တဲ့ သူတွေဖြစ်ပါတယ်” ဟု ပါမောက္ခဒေါက်တာဇော်ဝေစိုးက ပြောသည်။

ကိုဗစ်ဓာတ်ခွဲအတည်ပြုလူနာအား ဆေးရုံဆင်းခွင့်ပြုရန် သတ်မှတ်ချက်များအနေဖြင့် ရောဂါလက္ခဏာပေါ်မူတည်ပြီး ခွဲခြားသတ်မှတ်ထားကြောင်း၊ ရောဂါလက္ခဏာမရှိသော လူနာများအား ပိုးတွေ့ရှိသော ဓာတ်ခွဲနမူနာယူသည့်ရက်မှ ၁၀ ရက်ပြည့်ပြီးပါက ဆင်းခွင့်ပြုကြောင်း သိရသည်။

“ချောင်းဆိုး၊ ရင်ကျပ်၊ အသက်ရှူမဝ စတဲ့ လက္ခဏာတွေရှိနေတဲ့သူတွေကို ဆေးရုံဆင်းမပေးပါဘူး။ ဆင်းပေးတဲ့သူတွေက လက္ခဏာလည်း မရှိတော့ဘူး၊ ကိုယ်ခံအားလည်းကောင်းတယ်၊ ကူးစက်နိုင်ခြင်းမရှိတော့တဲ့သူတွေ ဖြစ်ပါတယ်”ဟု ပါမောက္ခဒေါက်တာဇော်ဝေစိုးက ပြောသည်။

အသင့်အတင့် ရောဂါလက္ခဏာရှိသည့် ဓာတ်ခွဲအတည်ပြုလူနာများ (ကိုယ်ခံအားကျဆင်းနေသော လူနာများ မပါဝင်)အား ရောဂါလက္ခဏာပြသည့်ရက်မှစပြီး (၁၀) ရက်နှင့် ရောဂါလက္ခဏာပျောက်ကင်းပြီးနောက် (၁) ရက် (ဆေးရုံတင်ရက် အနည်းဆုံး ၁၁ ရက်)၊ ပြင်းထန်သော ရောဂါလက္ခဏာရှိသည့် လူနာများအား ရောဂါလက္ခဏာ ပြသည့်ရက်မှ ၁၀ ရက်နှင့် ရောဂါလက္ခဏာ ပျောက်ကင်းပြီးနောက် ၄ ရက် (ဆေးရုံတင်ရက်အနည်းဆုံး ရက် ၂၀)တို့တွင် ကိုယ်ပူကျဆေး အကူအညီမပါဘဲ ဖျားနာခြင်းမရှိ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာနှင့် ကိုဗစ်-၁၉ လက္ခဏာများမရှိပါက ဆေးရုံဆင်းခွင့်ပြုမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အောက်တိုဘာ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်၊ အောက်တိုဘာ ၁၂

Most Popular

Healthy Life Ad
To Top