Healthy Life Ad
Q & A

ကိုယ်ဝန်ဆောင်ချိန်မှာ အရပ်လက်သည်နဲ့ ဗိုက်ပြင်တာ၊ ဗိုက်လှည့်တာလုပ်ရင် ဘာဖြစ်တတ်ပါသလဲ . . .

———၊ ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး) ၊———

Q. ကိုယ်ဝန်ဆောင်ချိန်မှာ အရပ်လက်သည်တွေနဲ့ ဗိုက်ပြင်တာ၊ ဗိုက်လှည့်တာက ကောင်းပါသလား ဆရာ။

A. ကိုယ်ဝန်ဆောင်ချိန်မှာ အရပ်လက်သည်တွေနဲ့ ဗိုက်ပြင်တာ၊ ဗိုက်လည့်တာတွေလို အလေ့အထတွေက ရန်ကုန်မြို ့မှာတောင် ရှိနေတုန်းပဲ။ တစ်နေ့ကဆိုရင် ဆရာ့လူနာတစ်ယောက်က လာပြောတယ်။ သူတို့အိမ်ဘေးက ကြီးတော်တစ်ဦးက ဗိုက်ကိုပြင်ပေးမယ်၊ လှည့်ပေးမယ်ဆိုပြီး ခေါ်လာတယ်တဲ့။သူက ခဏနေဦး၊ မဟုတ်သေးဘူး၊ ဆရာ့ကို သွားမေးဦးမယ်ဆိုပြီး ဆရာ့ဆီရောက်လာတယ်။ အဲဒီလိုလူတွေ ဘယ်လောက်တောင် လုပ်နေမလဲဆိုတာ မပြောနိုင်ဘူး။

အဲဒါ ဘာလဲဆိုတော့ ဟိုးအရင်တုန်းက ကိုယ်ဝန်ဆောင်မိခင်တွေကို ကလေးမွေးတဲ့အခါ ရိုးရိုးမွေးတာမှန်သမျှ ခေါင်းနဲ့ထွက်ရတယ်။ ခေါင်းနဲ့မဟုတ်ဘဲခြေထောက်နဲ့၊ တင်ပဆုံနဲ့ထွက်ရင် အန္တရာယ်အရမ်းများတယ်။ ဟိုးအရင် ရှေးခေတ်ကာလက လက်သည်တွေက အဲဒီအန္တရာယ်ကို အရမ်းကြောက်တယ်။ ကြောက်တဲ့အခါကျတော့ အစောကြီးကတည်းက ဗိုက်ကို စမ်းကြည့်လိုက်လို့ ကလေးက ကန့်လန့်ဖြစ်နေတာတို့၊ ကလေးရဲ ့ဖင်လုံးက အောက်ကိုရောက်နေပြီး ခေါင်းက အပေါ်ရောက်နေတာတို့ ဖြစ်ရင် အဲဒီလိုမွေးမှာကြောက်တော့ ဗိုက်ကိုလှည့်လှည့်ပစ်လိုက်ကြတယ်။ အဲဒီလို လှည့်ပြင်လိုက်တဲ့အခါ ခေါင်းလေးက အောက်ရောက်သွားပြီး မွေးဖွားရလွယ်တယ်၊ အန္တရာယ်နည်းတယ်လို့ ယူဆရတယ်ပေါ့လေ။ ဒါပေမဲ့ ဒါက ဗိုက်ကိုလှည့်လိုက်တဲ့အချိန်မှာ အန္တရာယ်ရှိတယ်။

“အချင်းက မတော်တဆ အောက်မှာရောက်နေတာကို မသိဘဲ သွားလှည့်လိုက်ရင် သွေးတွေဆင်းလာတတ်တယ်။ တစ်ခါတလေကျရင် ဗိုက်လှည့်ရင်းနဲ့ ရေမြွှာပေါက်သွားတာ၊ အချင်းကွာသွားတာ၊ အစောကြီး ဗိုက်နာသွားတာတို့ဖြစ်ရင် ပိုအန္တရာယ်များတယ်။ ဒီတော့ မေးစရာရှိတာက ဆရာတို့ အိုဂျီတွေကတော့ ဗိုက်ကို မပြင်တော့ဘူးလား၊ ဗိုက်ကို မလှည့်တော့ဘူးလားဆိုရင်” . . .

တစ်ခါတလေကျရင် အချင်းက မတော်တဆ အောက်မှာရောက်နေတာကို မသိဘဲ သွားလှည့်လိုက်ရင် သွေးတွေဆင်းလာတတ်တယ်။ တစ်ခါတလေကျရင် ဗိုက်လှည့်ရင်းနဲ့ ရေမြွှာပေါက်သွားတာ၊ အချင်းကွာသွားတာ၊ အစောကြီး ဗိုက်နာသွားတာတို့ဖြစ်ရင် ပိုအန္တရာယ်များတယ်။ ဒီတော့ မေးစရာရှိတာက ဆရာတို့ အိုဂျီတွေကတော့ ဗိုက်ကို မပြင်တော့ဘူးလား၊ ဗိုက်ကို မလှည့်တော့ဘူးလားဆိုရင် ဆရာတို့အိုဂျီတွေလည်း ဗိုက်ပြင်ပါတယ်၊ ဗိုက်လှည့်ပါတယ်။ ဒါပေမဲ့ တွေ့ရာနေရာ၊ တွေ့ရာအချိန်မှာ ဗိုက်ကိုလှည့်တာ၊ ပြင်တာမျိုး မလုပ်ရပါဘူး။ အထူးသဖြင့် ကိုယ်ဝန်အစောပိုင်းအချိန်ဆိုရင် ဘယ်လိုပဲနေနေ ပုံမှန်ပဲ။ ပြဿနာမရှိပါဘူး။ ကလေးလေးက ရေမြွှာအိတ်လေးထဲမှာ လည်နေတာ၊ ကိုယ်ကသွားလှည့်လည်း ခဏနေသူ့ဘာသာသူ ပြန်လည်မှာပဲ။ ဒီလိုအချိန်မှာသွားလှည့်တာ၊ သွားပြင်တာ မလုပ်ရပါဘူး။

ကိုယ်ဝန်ဆောင်ချိန်မှာ ကလေးလေးက မိခင်ရဲ ့ဗိုက်ထဲမှာ အစောပိုင်းဆိုရင် နေချင်သလိုနေတယ်။ တစ်ခါတလေ ကန့်လန့်လေးဖြစ်ရင်ဖြစ်မယ်၊ အနေအထားမှားနေတာရှိရင် ရှိမယ်။

ဆရာတို့တွေ ဗိုက်လှည့်တယ်၊ ဗိုက်ပြင်တယ်ဆိုတာက ကလေးက ရိုးရိုးမွေးမယ်၊ ခေါင်းက အောက်မှာရှိရမှာကို မရှိဘဲနဲ့ အပေါ်ရောက်နေတာ၊ ကန့်လန့်ဖြစ်နေတာတို့ဆိုရင် ဆရာတို့လည်း ဗိုက်လှည့်ပေးပါတယ်။ ဒါပေမဲ့ အဲဒီအခြေအနေက စောစောကပြောတဲ့ အန္တရာယ်တွေမရှိရပါဘူး။ အချင်းက အောက်မှာပိတ်မနေရပါဘူး၊ အရင်ခွဲထားတာတွေ မရှိရပါဘူး၊ တခြားပြဿနာတွေ မရှိရပါဘူး။ လှည့်တဲ့ ပြင်တဲ့နေရာက ဆေးရုံဖြစ်ရပါတယ်။ မတော်တဆပြင်ရင်း တစ်ခုခုဖြစ်သွားခဲ့ရင် ချက်ချင်းမွေးလို့ရအောင် ပြင်ဆင်ထားရပါတယ်။ ကိုယ်ဝန်နုချိန်မှာ သွားမလှည့်ရပါဘူး။

ဗိုက်လှည့်ခြင်းအားဖြင့် ရမယ့်အကျိုးက သိပ်မရှိဘဲ အန္တရာယ်တွေက ရှိနေပါတယ်။ သွားလှည့်တဲ့အချိန်မှာ ကလေးချက်ကြိုးက လည်ပင်းမှာပတ်နေတာကို သွားလှည့်မိရင် ကလေးဆီ နှလုံးသွေးသွားတာရပ်ပြီး ကလေးသေသွားတတ်ပါတယ်။ ရေမြွှာပေါက်သွားတတ်ပါတယ်၊ စောစောစီးစီး ဗိုက်နာသွားတတ်ပါတယ်။ အချင်းကွာသွားတတ်ပါတယ်။ ဒါကြောင့် အရပ်လက်သည်တွေနဲ့ ကိုယ့်အိမ်မှာ ဗိုက်ပြင်တာ၊ ဗိုက်လှည့်တာတွေက သိပ်အန္တရာယ်များလို့ လုံးဝမလုပ်သင့်ဘူးလို့ ပြောလိုပါတယ်။

Most Popular

Healthy Life Ad
To Top