Healthy Life Ad
Q & A

ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လိုအစားအသောက်တွေကို ရှောင်သင့်ပါသလဲ

—–၊ ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—–

Q. ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ အစားအသောက်တွေကို ရှောင်ရမယ်လို့ ပြောကြပါတယ်။ ရှောင်ရမယ်ဆိုရင် ဘယ်လိုအစားအသောက်တွေကို အဓိက ရှောင်သင့်ပါသလဲ ဆရာ။

A. ကိုယ်ဝန်ဆောင်ချိန်မှာ အစားအသောက်က သိပ်အရေးကြီးတာပေါ့။ မိခင်စားလိုက်တဲ့ အစားအသောက်တွေက သွေးကနေတဆင့် ကလေးဆီကို အကုန်လုံးရောက်သွားတာကိုး။ အဲဒီတော့ မိခင်စားလိုက်တဲ့ အစာက ကလေးပေါ်မှာ ကောင်းကျိုးကော ဆိုးကျိုးပါ ဖြစ်စေနိုင်ပါတယ်။ မိခင်ကောင်းရင် ကလေးလည်းကောင်းတယ်၊ မိခင်အစားမှားလို့ ဝမ်းပျက်ဝမ်းလျှောရင် ကလေးလည်းထိခိုက်နိုင်တယ်။ အစားအသောက်က သိပ်ကိုအရေးကြီးပါတယ်။ အဲဒီမှာ အစားအသောက်ကို ဉာဏ်နဲ့ယှဉ်ရပါမယ်။ ဆရာတို့က ဘယ်လိုပြောလေ့ရှိသလဲဆိုတော့ အစားအသောက်စားတဲ့အခါ စုံလင်ရမယ်၊ မျှတရမယ်၊ လတ်ဆတ်ရမယ်။ အစာကိုတရားလွန်မရှောင်ရပါဘူး။ အသား၊ ဥ၊ နို့၊ ဟင်းသီးဟင်းရွက်၊ အသီးတွေ စသဖြင့် စုံလင်မျှတအောင် စားသောက်ရပါမယ်။ တစ်ခုတော့ရှိတာပေါ့။ စားတဲ့အစားအသောက်က သန့်ရှင်းလတ်ဆတ်ဖို့လည်း လိုအပ်ပါတယ်။ တချို ့က အစားအသောက်နဲ့ ပတ်သက်လာရင် တစ်ဖက်စွန်းတွေ ရောက်သွားတာရှိကြတယ်။ တချို့က အစားအသောက်ရှောင်ရမယ်ဆိုပြီး တရားလွန်ရှောင်တာ။ ဗမာအယူအဆတွေရှိတယ်၊ ကလေးက အမေစားသမျှ အစားအသောက်တွေ ကလေးဆီရောက်တာ၊ အဲဒီအထိမှန်တယ်။ အဲဒီမှာ ဘာတွေထပ်ပါလာသလဲဆိုတော့ အသားတွေမစားနဲ့၊ ကလေးမှာသန်ပါမယ်၊ ဟင်းသီးဟင်းရွက်မစားနဲ့၊ ပဲတွေမစားနဲ့၊ ကလေးမှာလေထမယ်ဆိုတော့ မိခင်မှာ ဘာတွေစားလို့ စားရမှန်းမသိတော့ဘူး။ အဲဒါကြောင့် ကလေးမှာ အာဟာရချို ့တဲ့တာတွေ အများကြီးရှိတယ်။

“ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လိုအစားအသောက်တွေ ဆောင်ရမယ်၊ ဘယ်ဟာတွေ ရှောင်ရမယ်ဆိုတဲ့ ကျန်းမာရေးဗဟုသုတပြည့်ဝဖို့ လိုပါတယ်။ သန့်ရှင်းလတ်ဆတ် စုံလင်မျှတတဲ့ အစားအသောက်တွေကို စားလို့ရပါတယ်။ လမ်းဘေးအစာတွေ၊ ယင်နားအစာတွေ၊ အန္တရာယ်ဖြစ်မယ့်အစာတွေ ဆင်ခြင်ရပါမယ်။ တချို့က ပြောကြတယ်” . . .

တချို့ကျတော့ အစားအသောက်ရှောင်စရာ မလိုဘူးဆိုပြီး တွေ့ကရာ အကုန်လျှောက်စားကြတယ်။ တစ်ခါတလေ လမ်းဘေးက အစားအသောက်တွေပါမကျန် လျှောက်စားကြတာ။ ဆရာလမ်းသွားရင် ကိုယ့်လူနာ ကိုယ်ဝန်ဆောင်တွေက လမ်းဘေးက ရှောက်သီးသုပ်တွေ စားနေတာကို တွေ့ရတယ်။ အဲဒါကျတော့ သန့်ရှင်းမှုက အားနည်းတတ်တယ်။ လမ်းဘေးမှာ အထမ်းလေးနဲ့ ရောင်းတာဆိုရင် အဲဒီပန်းကန်က ဘယ်လောက်သန့်ရှင်းနိုင်မလဲ၊ ဖုန်တွေသဲတွေလည်း အခန့်မသင့်ရင် ဝင်နိုင်တယ်။ သာမန်လူတောင် ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်တာကြောင့် ကိုယ်ဝန်ဆောင်မိခင်က ဒါမျိုးဆိုရင် ဆင်ခြင်သင့်ပါတယ်။

အသီးအနှံတွေ စားမယ်ဆိုရင်လည်း ယင်နားစာ၊ ပိုးသတ်ဆေးပါတာ၊ အမှည့်လွန်တာတွေ မစားရပါဘူး။ တချို့ကျတော့လည်း အစားအသောက်ကို ကိုယ်ဝန်ဆောင်ချိန်မှာ နှစ်ယောက်စာစားရမယ်ဆိုပြီး ခါတိုင်းတစ်နေ့နှစ်ခါစားရင်၊ လေးခါ၊ ခါတိုင်း တစ်နပ်တစ်ပန်းကန်စားရင် နှစ်ပန်းကန် အဲဒီလိုစားရင်တော့ အလေးချိန်တက်ပြီး ဝ၀ကြီး ဖြစ်လာမှာပေါ့။ တကယ်တမ်းကျတော့ မိခင်က ပုံမှန် တစ်နေ့ ကယ်လိုရီ ၂၀ဝ၀ စားတယ်ဆိုပါစို့။ နောက်ထပ်တိုးလာတဲ့ လူသားလေးက မိခင်လောက်မှ မရှိတာ။ သေးသေးလေးဆိုတော့ နောက်ထပ်လိုတဲ့ ကယ်လိုရီက ၃၀ဝ-၄၀ဝ အလွန်ဆုံးပဲ လိုပါတယ်။ အဲဒါကို နှစ်ဆသွားစားရင် ကလေးမွေးပြီးတဲ့အခါ ပုံပျက်ပန်းပျက်ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ သတိနဲ့ ဉာဏ်နဲ့ယှဉ်ပြီး စားသင့်ပါတယ်။ အသားတွေစားမယ်ဆိုရင် အဲဒီအသားက သေချာကျက်အောင် လုပ်ထားတဲ့ အသားဖြစ်ဖို့ လိုပါတယ်။ ဥတွေ၊ နို့တွေဆိုရင်လည်း အစိမ်းစားတာ၊ မကျက်တကျက်စားတာက အန္တရာယ်ရှိတယ်။ တစ်ခါတလေ ရောဂါပိုးတွေ ပါတတ်တဲ့အတွက် ကိုယ်ဝန်ဆောင်ချိန်မှာ မကျက်တကျက် မစားသင့်ပါဘူး။

ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လိုအစားအသောက်တွေ ဆောင်ရမယ်၊ ဘယ်ဟာတွေ ရှောင်ရမယ်ဆိုတာ ကျန်းမာရေးဗဟုသုတပြည့်ဝဖို့ လိုပါတယ်။ သန့်ရှင်းလတ်ဆတ် စုံလင်မျှတတဲ့ အစားအသောက်တွေကို စားလို့ရပါတယ်။ လမ်းဘေးအစာတွေ၊ ယင်နားအစာတွေ၊ အန္တရာယ်ဖြစ်မယ့်အစာတွေ ဆင်ခြင်ရပါမယ်။ တချို့ကပြောကြတယ်။ “ဆရာ ပင်လယ်စာတွေစားလို့ရသလား”တဲ့။ အဲဒါကလည်း နည်းနည်းသတိထားရပါတယ်။ ကိုယ်စားနေကျဆိုရင် ကိစ္စမရှိပေမယ့် ကိုယ်ဝန်ဆောင်မိခင်က ကိုယ်စားနေကျ အစားအသောက်မဟုတ်ဘဲ သွားစားလိုက်ရင် ဝမ်းလျှောဝမ်းပျက်တာတွေ၊ အော့အန်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆရာတို့က ပြောရတယ်။ “အရင်တုန်းက စားနေကျလား၊ အရင်တုန်းက စားနေကျမဟုတ်ဘဲစားရင် အလာဂျီလို့ခေါ်တဲ့ ဓာတ်မတည့်တာတွေ ဖြစ်တတ်ပါတယ်”။ ဒါကြောင့် အဲဒီလို ကိုယ်စားနေကျ အစာမဟုတ်တာတွေကိုလည်း ဆင်ခြင်ရပါမယ်။

Most Popular

Healthy Life Ad
To Top