Healthy Life Ad
News

သွေးရည်ကြည်ကုထုံးဖြင့်ကုသရန် အေဘီသွေးနှင့် အေသွေးအုပ်စုများ ရှာရခက်နေ

———-၊ ဟန်တိုးစံ ၊———-

သွေးရည်ကြည်ကုထုံးနဲ့ ကုသဖို့ အေသွေး၊ ဘီသွေး၊ အိုသွေး၊ အေဘီသွေး အကုန်လိုအပ်နေပြီး ဘီသွေးနဲ့ အေဘီသွေးအုပ်စုရှာရတာ ခက်ခဲနေတယ်လို့ မြန်မာနိုင်ငံဆရာဝန်အသင်းဥက္ကဌဟောင်း ပါမောက္ခဦးရဲမြက Healthy Life မီဒီယာကို ပြောပါတယ်။

“သွေးအုပ်စုကတော့ အကုန်လိုတာပဲ။ ဒါပေမဲ့ အေဘီသွေးနဲ့ အေသွေးလိုပြီဆိုရင် ကျွန်တော်တို့မှာ ခက်ခက်ခဲခဲကို ရှာရတာ။ ပျောက်ကင်းသွားတဲ့ သူတွေဆီကို ဖုန်းဆက်ပြီး အလှူခံနေရပါတယ်။ တချို့ကလည်း လှူကြပါတယ်။ တချို့ကျတော့လည်း နယ်ပြန်ရောက်သွားတာနဲ့ ပေါင်ချိန်မပြည့်တာကြောင့် လှူလို့မရဘူး”လို့ ပါမောက္ခဦးရဲမြက ဆိုပါတယ်။

သွေးထဲမှာ အောက်ဆီဂျင် ၉၃ ရာခိုင်နှုန်းအောက်ရှိနေတဲ့ ကိုဗစ်အတည်ပြုလူနာတွေကို ပိုပြီးဂရုစိုက် စောင့်ကြည့်ပြီး သွေးရည်ကြည်ကုထုံးနဲ့ကုတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ သွေးရည်ကြည်ကုထုံးနဲ့ ကုသပြီးစီးသူ ၄၃ ဦးခန့်ရှိနေပြီး ၃၀ ဦးခန့် သက်သာနေပြီဖြစ်ကြောင်းနဲ့ ၅ ဦးခန့်က အထူးကြပ်မတ်ကုသဆောင်အတွင်းမှာ ဆက်ရှိနေပြီး လူနာအနည်းငယ် အသက်ဆုံးရှုံးခဲ့ရကြောင်း ပါမောက္ခဦးရဲမြက ဆိုပါတယ်။

လက်ရှိမှာ သွေးရည်ကြည်ကို ဝေဘာဂီအထူးကုဆေးရုံကြီးနဲ့ ဆေးသုတေသနဦးစီးဌာနမှာ အဓိကယူဆောင်နေတယ်လို့ သိရပါတယ်။ ကိုဗစ်လက္ခဏာ စပေါ်ချိန်ကစပြီး တစ်လခွဲ- နှစ်လအတွင်း ရောဂါပျောက်ကင်းသွားပါက သွေးရည်ကြည် စတင်လှူနိုင်ကြောင်း၊ သွေးရည်ကြည်လှူတဲ့သူက ၂ ပတ်တစ်ကြိမ်လှူနိုင်ပြီး တစ်ကြိမ်လှူရင် လူနာ ၃ ယောက်အထိ ကုသနိုင်တယ်လို့ သိရပါတယ်။

ကိုဗစ်ကုသပျောက်ကင်းထားသူတွေအနေနဲ့ သွေးရည်ကြည်လှူဒါန်းဖို့ ဖုန်း-09 5130418 ၊ 095402098 ကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သတင်းရရှိပါတယ်။

ရန်ကုန် ၊ စက်တင်ဘာ ၃၀

Most Popular

Healthy Life Ad
To Top