Healthy Life Ad
Health Tips

စိတ်ဓာတ်ကျနေသူကို အားပေးစကားပြောတဲ့အခါ . . .

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

စိတ်ဓာတ်ကျနေတဲ့ သင့်ချစ်သူ ဒါမှမဟုတ် မိတ်ဆွေသူငယ်ချင်းတစ်ယောက်ယောက်ကို အားပေးတဲ့အခါမှာ မပြောသင့်တဲ့၊ သူစိတ်ဓာတ်ပိုကျသွားစေမယ့် စကားတွေကို ရှောင်တတ်အောင် အထူးသတိထားသင့်ပါတယ်။ ဒါ့အပြင် စိတ်ဓာတ်ကျနေသူ အားရှိလာအောင် ပြောသင့်တဲ့ စကားတွေကိုလည်း သိထားရပါမယ်။

မပြောသင့်သော စကား- “တခြားလူတွေက အခု နင်ဖြစ်နေတာထက် ပိုဆိုးပါတယ်” (ဒီစကားက အမှန်ဖြစ်နေရင်တောင် ဒီလိုအချိန်မှာ ဒီစကားက အသုံးမဝင်ပါဘူး။ ပြီးတော့ သူ့ကိုလည်း ကူညီအားပေးနိုင်တဲ့ စကားမျိုးမဟုတ်ပါဘူး။ ဒီလိုပြောလိုက်တာကြောင့် သူ့အနေနဲ့ စိတ်ဓာတ်မကျသင့်တာကို ကျနေသလို ဖြစ်သွားတာကြောင့် အခြေအနေကို ပိုဆိုးသွားစေပါတယ်။)

ပြောသင့်သော စကား – “ဒီလိုဖြစ်ရတာ နင်တစ်ယောက်တည်း မဟုတ်ပါဘူးဟာ”(သင့်သူငယ်ချင်းကို အထီးကျန်ကင်းစေတဲ့ စကားပါ။)

မပြောသင့်သော စကား – “လောကကြီးက မမျှတပါဘူး” (ဒီစကားက သင့်သူငယ်ချင်းရဲ့ စိတ်ဓာတ်ကျတဲ့ခံစားချက်ကို ပိုပြီး ဆိုးသွားစေပါတယ်။)

ပြောသင့်သော စကား – “ဘာတွေပဲဖြစ်ဖြစ် နင်က ငါ့အတွက်အရေးပါတဲ့သူပါ” (သင့်သူငယ်ချင်းကို အားရှိသွားစေတဲ့ စကားပါ။)

မပြောသင့်သော စကား – “ဝမ်းနည်းမနေပါနဲ့တော့”။ (အကြာကြီးစိတ်ဓာတ်ကျ ဝမ်းနည်းနေရတာက သူ့အနေနဲ့ စိတ်ဓာတ်ကျဝမ်းနည်းတာကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ မသိလို့ပါ။ စိတ်ဓာတ်ကျတာက ဆီးချိုသွေးချိုရောဂါ၊ နှလုံးရောဂါတို့လိုပဲ နာမကျန်းမှုတစ်ခုပါ။ ချက်ချင်းတော့ သက်သာဖို့ မမျှော်လင့်ပါနဲ့။)

ပြောသင့်သော စကား – “နင်စိတ်ဓာတ်ကျတာ သက်သာအောင် ငါဘာကူညီရမလဲ”

မပြောသင့်သော စကား – “နင်က ဒါကြောင့် စိတ်ဓာတ်ကျနေတယ်ပေါ့လေ။ နင်က အမြဲစိတ်ဓာတ်ကျနေတာပဲ မဟုတ်လား”

ပြောသင့်သော စကား – “နင်က ရူးနေတာမှမဟုတ်တာ၊ ဒီအခြေအနေကနေ အမြန်ဆုံး ရုန်းထွက်နိုင်မှာပါ”

မပြောသင့်သော စကား – “ဒါတွေအားလုံးက နင့်အပြစ်တွေချည်းပဲ” (စိတ်ဓာတ်ကျနေသူကို အပြစ်တင်တဲ့စကား မပြောသင့်ပါဘူး။)

ပြောသင့်သော စကား – “နင်ရဲ့အခြေအနေကို ငါလည်းကူပြီး ဖြေရှင်းပေးပါမယ်”

မပြောသင့်သော စကား – “ငါ့ကိုယုံပါ၊ နင်ခံစားနေရတာတွေ အားလုံးငါသိတယ်၊ ငါလည်းတစ်ချိန်တုန်းက ဒီလိုဝမ်းနည်းခဲ့ဖူးတာပဲ” (စိတ်ကျရောဂါက ဝမ်းနည်းတာ၊ စိတ်မရွှင်ပျတာ စတဲ့အခြေအနေတွေနဲ့ လုံးဝမတူပါဘူး။)

ပြောသင့်သော စကား – “နင့်ကို ငါနားလည်နိုင်အောင် အကောင်းဆုံးကြိုးစားပါ့မယ်ဟာ” (ဒီစကားကတော့ သူ့စိတ်ထဲရှိသမျှ ရင်ဖွင့်လာစေမယ့် စကားဖြစ်ပါတယ်။)

Most Popular

Healthy Life Ad
To Top