Healthy Life Ad
News

ကွာရန်တင်းစင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေသူများဆီသို့ Ninja Van Myanmar မှ အခမဲ့ပစ္စည်းပို့ဆောင်ကူညီလျက်ရှိ

———၊ ဟန်တိုးစံ ၊———

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကိုဗစ် ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးစင်တာတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေသူတွေဆီကို မိသားစုဝင်တွေက ပစ္စည်းတွေပေးပို့လိုပါက Ninja Van Myanmar က အခမဲ့ကူညီပို့ဆောင်ပေးနေတယ်လို့ Ninja Van Myanmar ရဲ့ လက်ထောက်မန်နေဂျာ ကိုသီဟစံက ပြောပါတယ်။

“ကျွန်တော်တို့ရုံးက ဝန်ထမ်းတွေကိုပဲ ဘယ်သူတွေလုပ်ပေးချင်လဲဆိုပြီး Volunteer အနေနဲ့ခေါ်တယ်။ သူတို့ကို ကုမ္ပဏီဘက်က ဘောနပ်စ်တွေ ၊ ကျန်းမာရေးအာမခံတစ်နှစ် အဲဒါတွေပြန်လုပ်ပေးပါတယ်။ ဒီလိုလုပ်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ Quarantine စင်တာတွေက အဝေးကြီးတွေဖြစ်နေတော့ ပစ္စည်းပို့တဲ့အခါ အခက်အခဲတွေဖြစ်နေမှစိုးလို့ ကျွန်တော်တို့က ကူညီချင်လို့ပါ”လို့ ကိုသီဟစံက ပြောပါတယ်။

ဒီလုပ်ငန်းအတွက် ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ခွင့်ပြုချက်ပေးပြီး သက်ဆိုင်ရာ ထိန်းချုပ်ကုသရေးစင်တာတွေနဲ့ ချိတ်ဆက်မှုလုပ်ပေးတယ်လို့ သိရပါတယ်။ ပစ္စည်းပို့ဆောင်ပေးမယ့်သူတွေကို ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဆောင်ရန်၊ ရှောင်ရန်တွေနဲ့ ဘေးကင်းလုံခြုံအောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို သင်တန်းပို့ချပေးတယ်လို့ ကိုသီဟစံကပြောပါတယ်။

ကိုဗစ်-၁၉ ကုသရေးစင်တာတွေဖြစ်တဲ့ ဖောင်ကြီး၊ ဝေဘာဂီ၊ စီးပွာရေးတက္ကသိုလ် (ရွာသာကြီး)၊ ရိုးမရိပ်သာ (ဒဂုံဆိပ်ကမ်း)နဲ့ လှိုင် Quarantine Center တို့က လူနာတွေဆီကို အခမဲ့ပို့ဆောင်ပေးနေတာဖြစ်တယ်လို့ သူကပြောပါတယ်။

Ninja Van Myanmar က အပတ်စဉ် တနင်္လာနေ့မှ စနေနေ့အထိ အခမဲ့ပို့ဆောင်ပေးမှုကို လုပ်ဆောင်ပေးလျက်ရှိကာ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ မိသားစုတွေထံမှ ပို့ဆောင်လိုတဲ့ ပစ္စည်းတွေကို လိုက်လံသိမ်းဆည်းပြီး နေ့လယ် ၃ နာရီမှ ညနေ ၅ နာရီအထိ သက်ဆိုင်ရာ ကိုဗစ်ကုသရေးစင်တာတွေဆီ လိုက်လံပို့ဆောင်ပေးဖို့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ကိုဗစ်-၁၉ ထိန်းချုပ်၊ ကုသရေးစင်တာတွေက ခွင့်ပြုထားတဲ့ ဆေးဝါး၊ အသုံးအဆောင်တွေနဲ့ အစားအသောက်တွေကိုပဲ ပို့ဆောင်ပေးသွားမှာဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေသူတစ်ဦးအတွက် အများဆုံး ( ၂ပေ × ၁ပေ ×၁ပေ) အရွယ်အစားရှိတဲ့ အိပ်တစ်လုံးအထိပဲ ပို့ဆောင်နိုင်တယ်လို့ ကိုသီဟစံကပြောပါတယ်။

အဲဒီလို အခမဲ့ပစ္စည်းပို့ဆောင်ပေးတာကို စက်တင်ဘာလ ၂၁ ရက်နေ့ကနေ စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး အောက်တိုဘာလ ၂၀ ရက်နေ့အထိ လုပ်ဆောင်ပေးသွားမယ်လို့ Ninja Van Myanmar ရဲ့ လက်ထောက်မန်နေဂျာ ကိုသီဟစံကပြောပါတယ်။ တနင်္လာနေ့မှ စနေနေ့အထိ တစ်ပတ်မှာ ၆ ရက် စာရင်းပေးသွင်းနိုင်ပြီး ပို့ချင်တဲ့ရက်ထက် တစ်ရက်ကြိုစာရင်းပေးရကြောင်းနဲ့ နေ့စဉ် မနက် ၈ နာရီခွဲမှ ညနေ ၅ နာရီခွဲအတွင်း ဖုန်း – 09777000650 ကို ဆက်သွယ်စာရင်းပေးနိုင်ကြောင်း သိရပါတယ်။

ရန်ကုန်၊ စက်တင်ဘာ ၂၈

Most Popular

Healthy Life Ad
To Top