Healthy Life Ad
News

ကိုဗစ်-၁၉ ဒုတိယလှိုင်းတွင် ပိုးကူးစက်ခံခဲ့ရပြီး ဖောင်ကြီးစင်တာတွင် ဆေးကုသမှုခံယူခဲ့သော ဒေါ်မိုးမိုးနှင့် တွေ့ဆုံမေးမြန်းခြင်း

———၊ ဟန်တိုးစံ ၊———

သင်္ဃန်းကျွန်းမြို ့နယ်တွင် နေထိုင်သည့် အသက် ၄၈ နှစ်အရွယ် ဒေါ်မိုးမိုးသည် အနံ့ပျောက်ရာမှ သူ့ကိုယ်သူ ကိုဗစ်-၁၉ ရောဂါသံသယရှိခဲ့သဖြင့် တာဝန်သိပြည်သူတစ်ဦးပီသစွာ သက်ဆိုင်ရာရပ်ကွက်ရုံးသို့ အကြောင်းကြားပြီး ဖောင်ကြီးစင်တာတွင် စိတ်ဓာတ်ခိုင်မာစွာ ဆေးကုသမှုခံယူခဲ့သူ ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ တွေ့ရှိသည်မှစပြီး သက်သာပျောက်ကင်းသည်အထိ ဒေါ်မိုးမိုး၏ အတွေ့အကြုံများကို စာဖတ်ပရိသတ်များ နားလည်သိရှိ ဗဟုသုတရရှိစေရန် Healthy Life မီဒီယာက မေးမြန်းဖော်ပြပေးလိုက်ရပါသည်။

မေး – စစချင်း ဘယ်လိုလက္ခဏာတွေ ခံစားရပါသလဲ အန်တီ။

ဖြေ – အန်တီက ၉ ရက်နေ့မှာ အနံ့စပျောက်တယ်။ ဘာအနံ့ဆို ဘာအနံ့မှမရတော့တာ။ အန်တီမှာ ဆီးချိုလည်းရှိတယ်။ သွေးတိုးလည်းရှိတယ်။ အနံ့မရတော့ဘူးဆိုတော့ အန်တီက တစ်ရက်လောက်စောင့်ကြည့်နေလိုက်တာပေါ့။ ဘာရှူရှူမရဘူး။ ငါးပိပုံးကြီးချရှူတာတောင် မရတော့တာနဲ့ ရပ်ကွက်ရုံးကို ဖုန်းဆက်လိုက်တော့တာပဲ။ အဲ့တော့ ချက်ချင်းပဲ အန်တီ့ကို လာခေါ်သွားတယ်။

မေး-အန်တီ ဘယ်လိုကြောင့် ပိုးကူးတယ်လို့ ထင်ပါသလဲ။

ဖြေ – အန်တီကတော့ ပိုက်ဆံကနေလို့ ထင်တာပဲ။ အန်တီ အဲ့ဒီအရှေ ့ရက်က သွားတအားကိုက်တာ အိပ်လို့လည်းမရဘူး။ အဲဒါနဲ့အန်တီသွားဆေးခန်းမှာ သွားသွားဖာတယ်။ ပြီးတော့ပြန်လာတယ်။ ပိုက်ဆံက အန်တီက ဆုမဲငွေကိုင်ရတာဆိုတော့ ပြည့်တဲ့သူကို မပေးလို့လည်းမရဘူးလေ။ မဖြစ်မနေကိုင်နေရတာ။ အဲဒီကနေကူးတယ် ထင်တာပါပဲ။

မေး – ပိုးရှိတယ်လို့ သံသယရှိတာနဲ့ ဘာတွေ ဆက်လက်ဆောင်ရွက်ခဲ့ပါသေးသလဲ အန်တီ။

ဖြေ – အနံ့ပျောက်တာနဲ့ အန်တီက လှမ်းခေါ်လိုက်တော့တာဘဲလေ။ အန်တီ့ကိုလာခေါ်သွားတယ်။ သင်္ဃန်းကျွန်းစံပြဆေးရုံကိုပို့တယ်။ ဒါပေမဲ့ ဆေးရုံမှာ လူပြည့်နေတာနဲ့ အန်တီလည်း အဲဒီနေ့ပဲ အိမ်ပြန်လာရတယ်။ အိမ်မှာ အန်တီက တစ်ယောက်တည်းနေတာဖြစ်လို့ အဆင်ပြေတယ်ဆိုပြီး ပြန်လာလိုက်တာပါ။

မေး – ဒီကြားထဲမှာ ရပ်ကွက်ထဲကလူတွေက အန်တီ့ကို ခွဲခြားဆက်ဆံတာမျိုးတွေ ကြုံခဲ့ရသေးလား အန်တီ။

ဖြေ – ခွဲခြားဆက်ဆံတာကတော့ အန်တီတင်မကဘူး၊ အန်တီနေမကောင်းတော့ အမေက အိမ်မှာလာအိပ်ပေးတယ်၊ အဲဒီအတွက် အိမ်မှာကျန်ခဲ့တဲ့အမေလည်း ခံရပါတယ်။ အန်တီ့အမေကတော့ Quarantine ဝင်ရတယ်။ ပိုးစစ်လိုက်တော့ Negative ပါ။

မေး – ဖောင်ကြီးကို ရောဂါလက္ခဏာပြပြီး ဘယ်နှရက်မှာစခေါ်တာလဲ အန်တီ။

ဖြေ – စံပြဆေးရုံကနေ စက်တင်ဘာလ ၉ ရက်နေ့ အိမ်ကိုပြန်လာပြီးတော့ ၁၀ ရက်နေ့မှာ အန်တီ့ကိုပြန်လာခေါ်တယ်။ ၁၁ ရက်နေ့မှာ အာခေါင်တို့ဖက်ယူပြီးတော့ ၁၃ ရက်နေ့မနက်ကျတော့ အဖြေသိရတယ်။ အန်တီ Positive ထွက်တာနဲ့ စက်တင်ဘာ ၁၄ ရက်နေ့မှာတော့ ဖောင်ကြီးကိုပို့လိုက်တယ်။

မေး – ဖောင်ကြီးမှာ ဘယ်လိုကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးပါသလဲ အန်တီ။

ဖြေ – မက်ထရိုဆိုတဲ့ ပန်းရောင်ဆေးလေးတစ်လုံးပေးတယ်။ အဲ့ဒါက ပိုးတွေဘာတွေလည်း သေတယ်။ တခြားရောဂါလက္ခဏာတွေအတွက်လည်း ကောင်းတယ်လို့ပြောတယ်။ ကျွန်မကတော့ဆေးပေးရင် ကျွန်မသမီးကို လှမ်းမေးမေးပြီးတော့မှ သောက်တယ်။ ဆရာဝန်တွေကျတော့ အများနဲ့ဆိုတော့ အရမ်းမေးရင် စိတ်မရှည်မှာစိုးလို့ပါ။ ကျွန်မက ဆီးချိုနဲ့သွေးတိုးရောဂါလည်းရှိတော့ သမီးက သူစုံစမ်းပြီး ဘယ်ဆေးတွေကကောင်းတယ်၊ သောက်လိုက်ပါအမေ . .အဲ့လိုပြောတယ်။ ကျန်းမာရေးဝန်ထမ်းတွေက ကျွန်မတို့ခေါင်းမူးရင် ခေါင်းမူးပျောက်ဆေးပေးတယ်။ ဖြစ်နေရင်ဖြစ်နေတာကို ပြောလိုက်တာနဲ့ သူတို့က လုပ်ပေးတယ်။

ပြီးတော့ မနက်ရောက်ပြီဆိုရင် အောက်ထပ်မှာ ဆီးချိုတိုင်းရတယ်။ နှလုံးခုန်နှုန်းတိုင်းရတယ်။ သွေးတိုးတွေတိုင်းပြီး စာအုပ်ထဲရေးထည့်ပေးလိုက်ရတယ်။ သူတို့က အဲ့တာကိုကြည့်ပြီး ဘယ်သူဘာဖြစ်တယ်ဆိုပြီး သူတို့က ဆေးတွေပြန်ထုတ်ပေးတယ်။ အစားအသောက်ကလည်း တစ်နေ့ ၃ နပ်ကျွေးတယ်။ ထမင်းဆိုလည်း လိုသလောက်ယူ၊ ဟင်းကလည်း တစ်ခါစားရင် ၃-၄ မျိုးနဲ့စားရတာ။ သက်သတ်လွတ်သမားဆိုလည်း သက်သတ်လွတ်စီစဉ်ပေးတယ်။ လိုလေးသေးမရှိပါဘူး။

မေး – ဘယ်နှရက်ကြာတဲ့အထိ ရောဂါလက္ခဏာခံစားခဲ့ရသလဲ အန်တီ။

ဖြေ – ကျွန်မ ၉ ရက်နေ့မှာ အနံ့စပျောက်တယ်။ အဲဒီလက္ခဏာတစ်ခုပဲ ဖြစ်တယ်။ Positive ဖြစ်ပြီးတဲ့အထိ အဲဒါတစ်မျိုးပဲ၊ ကျန်တဲ့လက္ခဏာတွေ ဘာမှမဖြစ်ဘူး။ ဖောင်ကြီးကိုရောက်ပြီးတော့မှ ၃ ရက်လောက် လက္ခဏာလေးခုခံစားလိုက်ရတယ်။ သူများတွေက အနံ့ပျောက်တယ်။ ခေါင်းမူးတယ်။ ဝမ်းသွားတယ်။ ရောဂါလက္ခဏာကို တစ်ယောက်တစ်ခု-နှစ်ခုလောက်ပဲ ဖြစ်ကြတာ။ ကျွန်မကတော့ အကုန်လုံး ၄ ခုလောက်ကို တစ်ယောက်တည်း ခံစားရတာ။ ဒါပေမဲ့ ၃ ရက်လောက်ကျတော့ သက်သာသွားတယ်။ အခုထိ ဘာမှမဖြစ်တော့ဘူး။

မေး – အဲ့ဒီအချိန်မှာ စိတ်ခွန်အားရှိအောင် ဘယ်လိုနေထိုင်ခဲ့သလဲ အန်တီ။

ဖြေ – ကျွန်မက နဂိုထဲက စိတ်မာတဲ့သူထဲမှာပါတယ်။ ပြီးတော့ ကျွန်မသားသမီးတွေလည်း ရှိသေးတယ်လေ။ အဲ့လိုပဲ စိတ်ကိုတင်းထားရတာပေါ့။

မေး – ပိုးပြန်စစ်ပေးသေးလား အန်တီ။

ဖြေ – ထပ်တော့မစစ်ပေးဘူး။ ဒါပေမဲ့ ဖောင်ကြီးမှာ ၁၄ ရက်စောင့်ကြည့်ကုသပြီးတော့ အိမ်ပြန်လွှတ်တယ်။ ကျွန်မတစ်ယောက်တည်း မဟုတ်ဘူး။ ၁၄ ရက်ပြည့်တဲ့သူတိုင်းကို ပြန်လွှတ်လိုက်တာ။ သူတို့ပြောတာတော့ ၁၄ ရက်နေပြီးရင် အဲဒီပိုးက မကူးတော့ဘူးလို့ပြောတယ်။ ကျွန်မလည်း ဘာမှမခံစားရတော့ဘူး။ အနံ့ကလည်း ဖောင်ကြီးကိုရောက်ပြီး နှစ်ရက်လောက်ကတည်းက ပြန်ရလာတယ်။ အဲ့ဒါကြောင့် အိမ်ကိုပဲ ပြန်လာလိုက်တယ်။

မေး – အန်တီ့ကို အိမ်မှာဘယ်လိုနေဖို့ မှာလိုက်သေးလဲ။

ဖြေ – အိမ်မှာတော့ Home Quaratine ဆက်နေနေရတယ်။ အစားအသောက်ကို တိုက်အောက်ကနေ သူငယ်ချင်းတွေက လာပို့တယ်။ သူတို့က အိမ်မှာသောက်ဖို့ဆိုပြီး ဆေးတွေတော့ပေးတယ်။ ကျွန်မလည်း ဘာမှတော့မယူခဲ့ဘူး။ ကျွန်မက ဆီးချို၊ သွေးတိုးကလည်းရှိနေတော့ တခြားဆေးတွေ မယူခဲ့တော့ဘူး။ ပြီးတော့ ဘာမှလည်း မဖြစ်တော့ဘူးဆိုတော့ မယူခဲ့တော့ဘူး။

မေး – တခြားပိုးတွေ့လူနာတွေကို အန်တီအတွေ့အကြုံကနေ ဘာအကြံပေးချင်ပါသလဲခင်ဗျ။

ဖြေ – အန်တီကတော့ ထွက်ပြေးတဲ့သူတွေကို မပြေးပါနဲ့လို့။ ပြေးတာက ဘယ်သူ့အတွက်မှ မကောင်းဘူး။ တခြားသူတွေအတွက်လည်း အန္တရာယ်ရှိတယ်။ ပြီးတော့ ဒါကရှက်စရာလည်း မဟုတ်ဘူးလေ။ ဒီမှာကလည်း အကုန်အစစအရာရာ အဆင်ပြေနေတယ်။ အဲ့ဒီတော့ ကုသမှုခံယူပါ။ သက်သာသွားမှာပါလို့ပဲ ပြောချင်ပါတယ်။

Most Popular

Healthy Life Ad
To Top