Healthy Life Ad
Health Tips

ဆယ်ကျော်သက်အရွယ် စိတ်နှင့်ခန္ဓာကျန်းမာရေး

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

ဆယ်ကျော်သက် မြီးကောင်ပေါက်စအရွယ်တွေ သိချင်တဲ့ ကျန်းမာရေးဗဟုသုတတွေကို ရေးသားလိုက်ပါတယ်။

ညဉ့်နက်မှ အစာစားတာက ကိုယ်အလေးချိန်ကို မြင့်တက်စေသလား

တစ်နေ့လုံး သင်စားတဲ့ ကယ်လိုရီပမာဏဟာ လောင်ကျွမ်းတဲ့ ကယ်လိုရီထက် ပိုမများဘူးဆိုရင် ညဉ့်နက်မှ အစာစားလည်း သင့်ကို ကိုယ်အလေးချိန် မြင့်တက်မှုမဖြစ်စေနိုင်ပါဘူး။ ဒါပေမဲ့ ညဉ့်နက်ချိန်မှာ ကယ်လိုရီများလွန်းတဲ့ အစာကိုတော့ မစားသင့်ပါ။ ညဘက်အစာစားတဲ့အခါ မကောင်းဘူးလို့ လူအများစုက ပြောဆိုကြပါတယ်။ ဒါကတော့ လူတွေ ညဘက်အစာစားတဲ့အခါ သရေစာတွေ စားတာများပါတယ်။ သရေစာအများစုက ကယ်လိုရီပါဝင်မှုများပြီး အာဟာရတန်ဖိုး နည်းပါးနေတဲ့အပြင် အကန့်အသတ်မရှိဘဲ တရစပ်စားမိတာကြောင့် ညဘက်အစာစားရင် ဝတယ်လို့ လူတွေက ပြောကြတာပါ။ ဥပမာပြောရရင် တီဗီရှေ ့မှာထိုင်ရင်း အာလူးကြော်စားတာမျိုးပဲ ဖြစ်ပါတယ်။

ညဘက်မှာ ဗိုက်ဆာလို့ သရေစာတစ်ခုခု စားချင်တယ်ဆိုရင် သစ်သီး ဒါမှမဟုတ် ဟင်းသီးဟင်းရွက် (ဥပမာ- ပြောင်းဖူးပြုတ်၊ ကန်စွန်းဥပြုတ်၊ မုန်လာဥနီ၊ သခွားသီးစိတ်) စတာတွေကို စားနိုင်ပါတယ်။ ဒါဆိုရင် ကယ်လိုရီရရှိမှုကို ထိန်းချုပ်ရာ ရောက်သလို ဗိုက်လည်း ပြည့်နေပါလိမ့်မယ်။

သမီးတို့ ရာသီလာနေစဉ်မှာ နေ့ခင်းကသုံးထားတဲ့ အမျိုးသမီးလစဉ်သုံး ပစ္စည်းဝတ်ထားရင်း အိပ်စက်နိုင်ပါ သလား။

တစ်နေ့လုံး သုံးထားတဲ့ ဂွမ်းထုပ်ကို ညဘက်မှာ မလဲဘဲ ဝတ်အိပ်တာကတော့ မကောင်းပါဘူး။ ပြီးတော့ တစ်နေ့လုံးမှာလည်း ဂွမ်းထုပ်ပဝါတစ်ခုတည်းကိုပဲ မသုံးသင့်ပါဘူး။ ဂွမ်းထုပ်ပဝါတစ်ခုတည်းကို ကြာရှည်သုံးတာကြောင့် ဘက်တီးရီးယားတွေ စုပုံနေနိုင်ပါတယ်။ ဘက်တီးရီးယားပေါက်တဲ့အခါ ရေဘယ်လောက်ချိုးချိုး မနှစ်မြို ့ဖွယ်ရာ အနံ့ဆိုးထွက်စေနိုင်လို့ပါ။ ခြေထောက်မှာ ဘက်တီးရီးယား ကပ်ညိနေတဲ့အခါ ခြေထောက်ကို ဘယ်လောက်ပဲ ဆေးကြော၊ ဆေးကြော ချွေးစို့နေတဲ့ ခြေအိတ်ကို ပြန်ဝတ်လိုက်ရင် အနံ့ဆိုး ပြန်ထွက်လာနိုင်ပါတယ်။ ဒီသဘောပါပဲ။ နံနက်ခင်း ရေချိုးပြီးတဲ့အခါ လစဉ်သုံးဂွမ်းထုပ်ကို အသစ်လဲလှယ်လိုက်ပါ။ ပြီးရင် ၄-၆ နာရီကြာတိုင်း အသစ်လဲပေးဖို့ မမေ့ပါနဲ့။

ကျွန်တော်နဲ့ ကျွန်တော့်ချစ်သူက လွန်ခဲ့တဲ့လက လမ်းခွဲခဲ့ကြပါတယ်။ အစက အသည်းကွဲခဲ့ပေမယ့် အခုတော့ ဝေဒနာသက်သာစပြုပြီလို့ ထင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်ခံစားနေရတုန်းပါပဲ။ ဝေဒနာသက်သာလာအောင် ဘယ်လိုလုပ်သင့်ပါသလဲ။

ကိုယ်ချစ်တဲ့သူနဲ့ လမ်းခွဲပြတ်စဲပြီးချိန်မှာ ပုံမှန်အတိုင်း ပြန်သက်သောင့်သက်သာဖြစ်ဖို့က တကယ်မလွယ်ပါဘူး။ သင်ရဲ ့ပူဆွေးဝမ်းနည်းမှု သက်သာဖို့၊ ကြေကွဲလွမ်းဆွတ်မှုကို တွန်းလှန်နိုင်ဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြန်ရှိလာဖို့ရာအတွက်-

• သင်ဘယ်လို ခံစားနေရတယ်ဆိုတာ မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းတွေကို ပြောပြပါ။

• ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ အနားများများယူပါ၊ အစာကောင်းကောင်းစားပါ၊ လေ့ကျင့်ခန်းလုပ်ပါ။

• အသည်းကွဲချိန်မရှိဖို့ အလုပ်တွေ တစ်ခုပြီးတစ်ခုလုပ်ပါ။

• စိတ်ပါတဲ့အရာကို လုပ်ဆောင်ပါ။

• အချိန်ဆိုတာ အကောင်းဆုံးသမားတော်ဖြစ်တဲ့အတွက် အချိန်အတိုင်းအတာ တစ်ခုအတွင်း သင့်ဝေဒနာတွေ သက်သာသွားပြီး အရာရာ အေးဆေးဖြစ်လာမှာပါ။ ဒါကြောင့် အားတင်းထားဖို့ အကြံပြုချင်ပါတယ်။

မိမိဘာသာ ကာမစိတ်ကို လက်နဲ့ဖြေခြင်း(Masturbation)ကြောင့် ကြီးထွားဖွံ့ဖြိုးမှုကို ဟန့်တားစေနိုင်ပါသလား။

မဖြစ်နိုင်ပါဘူး။ ကာမစိတ်ကို ဖြေတာကြောင့် ကြီးထွားမှုကို အနှောင့်အယှက် မဖြစ်စေပါဘူး။ ဒီလို Masturbation လုပ်တာကြောင့် ရောဂါဖြစ်စေတယ်၊ ကြီးထွားမှုဟန့်တားစေတယ်၊ စိတ်ရောဂါဖြစ်စေနိုင်တယ်၊ ကလေးမမွေးနိုင်တာမျိုး ဖြစ်တတ်တယ် စသဖြင့် လူအများစု အထင်မှားနေတဲ့ အချက်တွေ ရှိပါတယ်။ ဒါတွေကလည်း မမှန်ပါဘူး။ လိင်အင်္ဂါကိုထိတွေ့ပြီး အာသာဖြေတာနဲ့ ပတ်သက်ပြီး အပြစ်ရှိသလို ခံစားနေရရင် ဆရာဝန်၊ ကျန်းမာရေး အကြံပေးသူ စတဲ့ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အသည်းကို ဘယ်လိုအချက်တွေက ထိခိုက်စေပါသလဲ။

အသည်းကို ထိခိုက်စေတဲ့ အဓိက အချက်တွေကတော့-

• ညဉ့်နက်တဲ့အထိ မအိပ်ဘဲနေတာနဲ့ နေမြင့်မှ အိပ်ရာထခြင်း၊

• အစာကို အလွန်အကြူး ပြည့်အင့်တဲ့အထိ စားခြင်း၊

• မနက်စာမစားဘဲ နေခြင်း၊

• ပဋိဇီဝဆေး၊ အကိုက်အခဲပျောက်ဆေးတွေကို မိမိသဘောနဲ့ အလွန်အမင်းသောက်ခြင်း၊

• အချိုတု၊ တာရှည်ခံစေတဲ့ အရာတွေကို အလွန်အကြူးစားခြင်း၊

• အရက်ကို အလွန်အကျွံသောက်ခြင်း၊

• တိရစ္ဆာန်ထွက်အဆီလို အခန်းအပူချိန်မှာ ခဲတဲ့အဆီတွေစားခြင်း၊

• ပိုးသတ်ဆေးဖြန်းထားတဲ့ အပင်ထွက်စားပင်တွေကို သေချာဆေးကြောသန့်စင်မှု မလုပ်ဘဲ စားခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒီအချက်တွေကို ရှောင်ပါမှ အသည်းကျန်းမာနေမှာ ဖြစ်ပါတယ်။

အရပ်ပိုရှည်အောင် ဘယ်လိုလုပ်နိုင်သလဲ

အစာကို ကောင်းကောင်းစားခြင်း၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းနဲ့ ကောင်းကောင်းအနားယူခြင်း စတဲ့ နည်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ကျန်းမာအောင်နေတာက အရပ်အမောင်းကို သဘာဝနည်းအတိုင်း ရှည်စေပါတယ်။ အရပ်ရှည်ဖို့ရာအတွက် မျိုးဗီဇကလည်း အဓိကကျတဲ့ အချက်ပါ။ အပျိုဖော်၊ လူပျိုဖော်ဝင်ချိန်မှာ ၇-၁၀ လက်မလောက် အရပ်ထပ်ရှည်လာနိုင်ခြေ ရှိပါတယ်။ လူတိုင်းကတော့ မတူညီပါဘူး။ တချို့ လူငယ်တွေက ဒီထက်ပိုပြီး အရပ်ရှည်လာနိုင်ပေမယ့် တချို့လူငယ်တွေကျတော့ အရပ်ရှည်သင့်သလောက် ထပ်မရှည်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ နွားနို့သောက်တာ၊ အသားဓာတ်ပါတဲ့ ဥအမျိုးမျိုး၊ အသား၊ ပဲ စတာတွေကို စားသောက်တာကလည်း အရပ်ရှည်ဖို့ အားပေးတဲ့အချက်ဖြစ်သလို ခြေထောက်ဆန့်ပြီး အိပ်ရေးဝ၀ အိပ်စက်အနားယူတာကလည်း အရပ်ရှည်အောင် အားပေးနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top