Healthy Life Ad
Health Tips

သင့်ကလေး ခံတွင်းနံ့နံနေသလား

———၊ လရိပ်မေ ၊———

ကျန်းမာတဲ့ ကလေးတွေဖြစ်ရင်တောင် တစ်ခါတလေ ခံတွင်းနံ့နံတတ်ပါတယ်။ ကလေးတွေမှာ ခံတွင်းနံ့နံရတဲ့ အကြောင်းရင်းတွေကတော့-

ခံတွင်းခြောက်ခြင်း

ကလေးနှာခေါင်းပိတ်နေလို့ ပါးစပ်ကနေ အသက်ရှူနေရရင် ခံတွင်းခြောက်ပြီး ပါးစပ်ထဲက ဘက်တီးရီးယားတွေက ပိုမိုပြန့်ပွားနိုင်ခြေ များပါတယ်။

ပြင်ပပစ္စည်းဝင်ခြင်း

ကလေးဟာ သူ့နှာခေါင်းထဲကို ပဲစေ့၊ အရုပ်ငယ် ဒါမှမဟုတ် တခြားပစ္စည်းတစ်ခုခု ထည့်တာကြောင့်လည်း ခံတွင်းနံ့ နံတတ်ပါတယ်။

တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းခြင်း

ခံတွင်းထဲမှာ ပုံမှန်ဘက်တီးရီးယားတွေ ရှိနေပြီး စားကြွင်းစားကျန်တွေနဲ့ ပေါင်းစပ်တဲ့အခါ သွားကြိုသွားကြား၊ သွားဖုံးလိုင်း၊ လျှာနဲ့ အာသီး မျက်နှာပြင်တွေမှာ ဘက်တီးရီးယား ပျံ့နှံ့မှုများကာ ခံတွင်းအနံ့ဆိုး ထွက်တတ်ပါတယ်။

သွားပိုးစားခြင်း၊ သွားချေးကပ်ငြိခြင်းနှင့် သွားဖုံးရောင်ခြင်း

ဒီအခြေအနေတွေဟာ ကလေးတွေရဲ ့သွားကို ထိခိုက်စေနိုင်ပြီး ခံတွင်းအနံ့ဆိုး ထွက်တတ်ပါတယ်။

အနံ့ပြင်းသော အစာများစားခြင်း

ကလေးဟာ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီတို့လို အနံ့ပြင်းတဲ့အစာတွေကို သဘောကျပြီး စားလေ့ရှိတယ်ဆိုရင် ယာယီခံတွင်းအနံ့ဆိုး ထွက်စေနိုင်ပါတယ်။

နာမကျန်းဖြစ်ခြင်း

နှာခေါင်းတွင်း ပိုးဝင်တာ၊ အာသီးရောင်တာ၊ ရာသီဥတုကြောင့် ဓာတ်မတည့်မှုဖြစ်တာ စတဲ့ နာမကျန်းမှုတွေကြောင့်လည်း ကလေးတွေမှာ ခံတွင်းအနံ့ဆိုး ထွက်တတ်ပါတယ်။

ဖြေရှင်းနိုင်မည့် နည်းများ

• ကလေးခံတွင်း အနံ့ဆိုးထွက်ရင် ခံတွင်းကို ပုံမှန်သန့်စင်ပေးဖို့ အရေးကြီးပါတယ်။

• ကလေးက သူ့ဘာသာမလုပ်တတ်တဲ့ အရွယ်ဆိုရင် အစာကျွေးပြီးတိုင်းနဲ့ အိပ်ရာဝင်ချိန်မတိုင်မီ သွားဖုံးနဲ့ သွားတွေကို သန့်ရှင်းတဲ့ ပိတ်စတစ်စနဲ့ ပွတ်သပ်ပေးပါ။ ဒါမှမဟုတ် သွားတိုက်တံအနုစားနဲ့ တိုက်ပေးပါ။ လျှာကိုပါ ညင်ညင်သာသာ တိုက်ပေးရပါမယ်။

• ကလေးက သူ့ဘာသာ သွားတိုက်တတ်နေပြီဆိုရင် ကလေးကို သွားတိုက်တံနဲ့ တစ်နေ့အနည်းဆုံး နှစ်ကြိမ်တိုက်ဖို့ သင်ပေးပါ။

• ကလေးအသက် နှစ်နှစ်ကျော်လာရင် ကလေးသုံးသွားတိုက်ဆေးကို ထမင်းစေ့အရွယ်ခန့်ထည့်ပြီး သွားတိုက်ခိုင်းရပါမယ်။

သွားဆရာဝန်နှင့် ပုံမှန်ပြသပါ

• ကလေးရဲ ့သွားတွေ ကျန်းမာပြီး သန့်ရှင်းနေစေဖို့ ပုံမှန်သွားနဲ့ ခံတွင်းစစ်ဆေးမှု လုပ်ဆောင်ခိုင်းရပါမယ်။

• ကလေးကို အထက်ကနည်းတွေနဲ့ ကုသမှုပေးပြီးတာတောင် ခံတွင်းအနံ့ဆိုး ထွက်နေသေးရင် သွားဆရာဝန်နဲ့ ပြသပြီး သွားတွေကို စစ်ဆေးပေးပါ။

တစ်ကိုယ်ရေသန့်ရှင်းရေး လုပ်ဆောင်ပါ

ကလေးက လက်မ ဒါမှမဟုတ် လက်ချောင်းကို ပါးစပ်ထဲထည့်တတ်တဲ့ အကျင့်ရှိရင် သူ့လက်တွေကို ဆပ်ပြာနဲ့ ရေသုံးပြီး မကြာခဏ ဆေးကြောပေးပါ။ သူကိုင်တွယ်ဆော့ကစားတဲ့ ကစားစရာ အရုပ်တွေကိုလည်း မကြာခဏ ဆေးကြောပေးရပါမယ်။

မကဲ့ရဲ့ပါနှင့်

ကလေးကို ခံတွင်းအနံ့ဆိုး ထွက်နေတယ်ဆိုပြီး လှောင်ပြောင်တာ၊ နောက်တာ မလုပ်ပါနဲ့။ ကလေးဟာ အပြစ်ရှိသလိုလို ခံစားရပြီး မဝံ့မရဲဖြစ်ကာ ယုံကြည်မှု ပျောက်ဆုံးတတ်ပါတယ်။

ခံတွင်းသန့်စင်ဆေးရည် မသုံးသင့်ပါ

မသုံးသင့်ပါဘူး။ ငယ်ရွယ်လွန်းတဲ့ ကလေးတွေက ခံတွင်းသန့်စင်ဆေးရည်ကို ငုံတာနဲ့ ထွေးထုတ်တာတို့ကို ကောင်းကောင်းလုပ်တတ်တဲ့ အခြေအနေ မရှိသေးပါဘူး။ ကလေးရဲ ့သွားတွေကို ရေသန့်နဲ့ ပလုတ်ကျင်းခိုင်းတာနဲ့ အစာစားပြီးတိုင်း သွားတိုက်ပေးတာတို့ကိုပဲ လုပ်ဆောင်ပေးသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top