Healthy Life Ad
Q & A

အရေပြားတွင်း ပိုးဝင်ခြင်း

—၊ ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ် ကုသိုလ်ဖြစ်ဆေးခန်း တာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—

Q. ဘယ်လိုအခြေအနေတွေက အရေပြားတွင်း ပိုးဝင်စေပါသလဲ ဆရာ။

A. အရေပြားတွင်း ပိုးဝင်လို့ဖြစ်တဲ့ ရောဂါတွေနဲ့ ပတ်သက်ပြီး အပိုင်းလေးပိုင်းခွဲပြီး ပြောပြချင်ပါတယ်။ ပထမတစ်ပိုင်းကတော့ ဘက်တီးရီးယားပိုးဝင်လို့ဖြစ်တဲ့ အရေပြားရောဂါပါ။ ဘက်တီးရီးယား ပိုးဝင်လို့ဖြစ်တဲ့ အရေပြားရောဂါမှာ အနာစိမ်းပေါက်သလို အခြေအနေကို ဆိုလိုပါတယ်။ ပြီးတော့ အနာကြီးရောဂါ (Leprosy)၊ Cellulitis လို့ခေါ်တဲ့ အရေပြားရောင်ရမ်းတာတွေပဲ ဖြစ်ပါတယ်။

ဒုတိယတစ်ပိုင်းကတော့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ အရေပြားရောဂါပါ။ ရေယုန်ပေါက်တာ၊ ရေကျောက်ပေါက်တာ၊ ဝက်သက်ပေါက်တာ၊ ကြွက်နို့ပေါက်တာတို့ ဖြစ်ပါတယ်။တတိယတစ်ပိုင်းကတော့ မှိုကြောင့်ဖြစ်တဲ့ အရေပြားရောဂါပါ။ ဒါကတော့ အများသိပြီးသားဖြစ်တဲ့ ပွေး၊ ညင်း စတာတွေပါ။ နောက်ဆုံးအပိုင်းကတော့ ကပ်ပါး (Paracyte) ကြောင့်ဖြစ်တဲ့ အရေပြားရောဂါပါ။ သန်း၊ မွှားတွေကြောင့်ဖြစ်တဲ့ အရေပြားရောဂါတွေ ဖြစ်ပါတယ်။

“လက်သန့်ရှင်းရေးကို အထူးအလေးထား လုပ်ဆောင်ရပါမယ်။ လက်တွေကို ဆပ်ပြာနဲ့ သေချာဆေးကြောဖို့ လိုပါတယ်။ ထမင်းမစားခင်၊ အိမ်သာက ပြန်လာပြီးတိုင်း၊ အပြင်က ပြန်ရောက်တဲ့အခါ၊ တစ်ခုခုကိုင်ပြီးတိုင်း လက်ဆေးတဲ့အကျင့်ကို လုပ်ဖို့လိုပါတယ်။”

Q. အရေပြားပိုးဝင်တာ မဖြစ်အောင် ဘယ်လိုကာကွယ်သင့်ပါသလဲ ဆရာ။

A. ဘယ်လိုအခြေအနေကြောင့်ပဲဖြစ်ဖြစ် အရေပြားပိုးဝင်တာ မဖြစ်အောင် -လက်သန့်ရှင်းရေးကို အထူးအလေးထား လုပ်ဆောင်ရပါမယ်။ လက်တွေကို ဆပ်ပြာနဲ့ သေချာဆေးကြောဖို့ လိုပါတယ်။ ထမင်းမစားခင်၊ အိမ်သာက ပြန်လာပြီးတိုင်း၊ အပြင်ကပြန်ရောက်တဲ့အခါ၊ တစ်ခုခုကိုင်ပြီးတိုင်း လက်ဆေးတဲ့အကျင့်ကို လုပ်ဖို့လိုပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးကလည်း အလွန်အရေးကြီးပါတယ်။ ပြီးရင် ကိုယ့်အခန်းသန့်ရှင်းရေး၊ လုပ်ငန်းခွင်သန့်ရှင်းရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေးတွေကိုလည်း အလေးထား လုပ်ဆောင်သင့်ပါတယ်။

Q. အရေပြားပိုးဝင်တာ ဖြစ်လာခဲ့ရင် ဘယ်လိုကုသမှု ခံယူနိုင်ပါသလဲ ဆရာ။

A. အရေပြားပိုးဝင်တာ ဖြစ်ခဲ့ရင် ဘက်တီးရီးယားကြောင့် ဖြစ်တာလား၊ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာလား၊ မှိုပိုးကြောင့်ဖြစ်တာလား၊ ကပ်ပါးကြောင့်ဖြစ်တာလားဆိုတာ အရင်ဆုံး ဆန်းစစ်ရပါမယ်။ သေချာပြီဆိုရင် လိမ်းဆေး၊ သောက်ဆေးတွေနဲ့ ကုသမှုကို စနစ်တကျ ခံယူလိုက်ရင် သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top