Healthy Life Ad
Life Style

လေ့ကျင့်ခန်းလုပ်လေလေ ပိုလှလာလေလေ

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

လေ့ကျင့်ခန်းလုပ်တာကြောင့် နှလုံး၊ အဆုတ် စတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ကောင်းမွန်စေတဲ့အပြင် စိတ်ခံစားမှုလည်း ကောင်းမွန်စေတယ်လို့ သင်သိပြီးဖြစ်မှာပါ။ ဒါပေမဲ့ အလှကြိုက်တဲ့ ပျိုမေတွေ သိထားသင့်တာက လေ့ကျင့်ခန်းလုပ်တာဟာ အသားအရေ လှပကျန်းမာရေးအတွက်လည်း အဓိကကျတဲ့ အချက်တစ်ခုဖြစ်တယ်ဆိုတာပါပဲ။ လေ့ကျင့်ခန်းလုပ်တာကြောင့် သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး အသားအရေကို ကျန်းမာတောက်ပစေလို့ပါ။

လေ့ကျင့်ခန်းလုပ်ရင် ဘာကြောင့် အသားအရေလှလာသလဲ

လေ့ကျင့်ခန်းလုပ်တဲ့အခါ သွေးလှည့်ပတ်မှုကောင်းမွန်ပြီး အရေပြားဆဲလ်တွေ အာဟာရပြည့်ဝကာ ရှင်သန်တက်ကြွစေပါတယ်။ သွေးတွေက အရေပြားအပါအဝင် ခန္ဓာကိုယ်အနှံ့ရှိ ဆဲလ်တွေဆီကို အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေကို ပို့ဆောင်ပေးပါတယ်။ အဲဒီလို အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ ရောက်ရှိစေတဲ့အပြင် ဆဲလ်တွေထဲက မကောင်းတဲ့ ဖရီးရယ်ဒီကယ်လို စွန့်ပစ်ပစ္စည်းတွေကိုလည်း စွန့်ထုတ်ပေးပါတယ်။ လေ့ကျင့်ခန်းလုပ်တာကြောင့် အသားအရေက အဆိပ်အတောက်တွေကို ကင်းစင်စေရုံသာမက ခန္ဓာကိုယ်တွင်းစနစ် တစ်ခုလုံးဆီက အဆိပ်အတောက်တွေကိုလည်း ပြေစေပါတယ်။

စိတ်ဖိစီးမှုကင်းလို့ လှတာပါ

လေ့ကျင့်ခန်းလုပ်တာကြောင့် စိတ်ဖိစီးမှုကို ပြေလျော့စေပါတယ်။ စိတ်ဖိစီးမှု ခံစားရတဲ့အခါ အရေပြားက အဆီထွက်ရှိမှုတိုးလာပြီး ဝက်ခြံအဖုအပိမ့်တွေ ထွက်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုကြောင့် အသားအရေ ပြဿနာတွေ ဖြစ်ပေါ်တတ်ပေမယ့် လေ့ကျင့်ခန်းကြောင့် စိတ်ဖိစီးမှု လျော့ပါးသက်သာချိန်မှာ အသားအရေကပါ အလိုလို ကြည်လင်လှပနေတတ်ပါတယ်။ စိတ်ဖိစီးမှုကြောင့် ဝက်ခြံနဲ့ နှင်းခူလို အရေပြားဝေဒနာတွေ ဖြစ်တတ်ပါတယ်။ ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ရင် ကြွက်သားတွေကို သန်စွမ်းကျစ်လျစ်စေသလို အသားအရေကို တင်းရင်းလှပစေပါတယ်။

လေ့ကျင့်ခန်းကြောင့် အသားအရေ လှပရတဲ့ အဓိကအကြောင်းရင်း ငါးရပ်

လေ့ကျင့်ခန်းလုပ်တာက သင့်ကျန်းမာရေး၊ အသားအရေ၊ သင့်ခန္ဓာကိုယ် .. စတဲ့ သင့်အတွက် အစစအရာရာ ဆွဲဆောင်မှုရှိရှိ လှပစေဖို့ ထောက်ပံ့နေပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အတွက် လှပရခြင်းအကြောင်းရင်းကို အောက်ပါအတိုင်း တွေ့ရှိထားပါတယ်။

(၁) ကျန်းမာတဲ့အတွက် လှပရတာပါ

ကျန်းမာတဲ့လူတွေက လှပနေကြပါတယ်။ လေ့ကျင့်ခန်းကို အသင့်အတင့် ပြုလုပ်တာကြောင့် နုပျိုပြီး ပိုမိုဆွဲဆောင်မှုရှိတဲ့ အသွင်အပြင်ကို ဖြစ်စေနိုင်ပါတယ်။

(၂) ချွေးထွက်တာက အသားအရေကို ကောင်းမွန်စေပါတယ်

ချွေးပေါက်တွေကနေ ချွေးထွက်လာတာ ဖြစ်တဲ့အတွက် ချွေးနဲ့အတူ အညစ်အကြေးတွေနဲ့ အဆီတွေကိုပါ ကင်းစင်သွားစေပါတယ်။ ဒါ့အပြင် ချွေးထွက်တဲ့အထဲမှာ ဝက်ခြံတွေကို တွန်းလှန်ပေးနိုင်တဲ့ သဘာဝပိုးသတ်ဆေးတွေလည်း ထွက်ရှိလာနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာကြောင့် သွေးလှည့်ပတ်မှု ကောင်းမွန်တဲ့အတွက် ဦးရေပြားကို ကျန်းမာစေပြီး ဆံပင်သားကြီးထွားသန်စွမ်းမှုကိုပါ ဖြစ်စေပါတယ်။

(၃) သွေးလှည့်ပတ်မှုကောင်းခြင်း=အသားအရေတင်းရင်းလှပခြင်း

လေ့ကျင့်ခန်းလုပ်တာကြောင့် အသားအရေအတွက် အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ ရောက်ရှိစေပြီး အသားအရေကို ကြည်လင်တင်းရင်း လှပစေပါတယ်။

(၄) လေပွခြင်းနဲ့ ဖောင်းအစ်မှုကို လျော့ကျစေပါတယ်

လေ့ကျင့်ခန်းလုပ်တာကြောင့် ပြန်ရည်ကြောစနစ်ရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်ထဲ ရေဓာတ်ဆွဲတာမျိုးမဖြစ်အောင် လျှော့ချနိုင်ပါတယ်။ ဒါ့အပြင် မျက်အိတ်ဖောင်းတာနဲ့ မျက်ကွင်းညိုတာကိုလည်း သက်သာစေပါတယ်။

(၅) အရေးကြောင်းကို တွန်းလှန်ပေးနိုင်ပါတယ်

အချိန်ကြာကြာ လေ့ကျင့်ခန်းလုပ်တာကြောင့် အရေပြားကို တင်းရင်းစေတဲ့ ကော်လာဂျင်နဲ့ အီလက်စတင်ထွက်ရှိမှုကို တိုးစေပြီး အသားအရေကို တင်းရင်းပြည့်ဖြိုးစေပါတယ်။ လေ့ကျင့်ခန်းလုပ်တာကြောင့် အသားအရေလှပစေတဲ့အပြင် စိတ်ခံစားမှု ကောင်းမွန်ကာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကိုလည်း တိုးစေပါတယ်။

လေ့ကျင့်ခန်းနှင့် အလှအပ

လေ့ကျင့်ခန်းလုပ်တာကြောင့် အသားအရေကိုသာမက ကိုယ်နေဟန်နဲ့ ခါးအရွယ်အစားတွေကိုပါ ကြည့်ကောင်းစေပါတယ်။

နုပျိုသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်စေခြင်း

လေ့လာမှုတွေအရ ပုံမှန်လေ့ကျင့်ခန်းလုပ်တာကြောင့် အသက်ကြီးတဲ့အထိ ခန္ဓာကိုယ်က ငယ်ရွယ်သူတွေလိုပဲ ကြည့်ကောင်းစေပါတယ်။

ကိုယ်နေဟန်ထား ကောင်းမွန်ခြင်း

လေ့ကျင့်ခန်းလုပ်တာကြောင့် အရိုးကိုသန်စွမ်းစေပြီး အရိုးပါးရောဂါဖြစ်နှုန်းကို လျော့ကျစေသလို အဆစ်ရောင်ရမ်းနာကျင်မှု ဝေဒနာကိုလည်း ကင်းစင်စေပါတယ်။ ဒါ့အပြင် ပခုံးနဲ့ကျောပြင်ကို မတ်နေစေပါတယ်။

အသားအရေ ရှင်းသန့်ခြင်း

အေရိုးဗစ်လေ့ကျင့်ခန်း လုပ်တာကြောင့် သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး သွေးကြောတွေကို ရှင်းသန့်စေပါတယ်။ ဒါ့အပြင် အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့အတွက် အဖုအပိမ့်တွေကို ကင်းစင်စေပါတယ်။

ရင်သားကျန်းမာလှပခြင်း

လေ့ကျင့်ခန်းလုပ်တာကြောင့် ရင်သားကင်ဆာဖြစ်နှုန်းကို ၃၃ ရာခိုင်နှုန်းကျော် လျော့ကျစေတဲ့အပြင် တခြားကင်ဆာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ရင်သားကိုလည်း တင်းရင်းလှပစေပါတယ်။

ခါးသေးသွယ်ခြင်း

လေ့ကျင့်ခန်းလုပ်လို့ ကြွက်သားတစ်ပေါင်တိုးလာတိုင်း တစ်နေ့ ၅၀-၁၅၀ ကယ်လိုရီ တိုးလာစေပါတယ်။ ကြွက်သားထုထည်ကို တည်ဆောက်တဲ့ လေ့ကျင့်ခန်းဟာ ကယ်လိုရီကို လောင်ကျွမ်းစေပြီး ဇီဝရုပ်ဖြစ်ပျက်မှုကို ကောင်းမွန်စေတဲ့အပြင် ဝမ်းဗိုက်အဆီလျော့ကျစေတဲ့အတွက် ခါးသေးသွယ်စေပါတယ်။

လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ အသားအရေကာကွယ်ပါ

ခရမ်းလွန်ရောင်ခြည် ထိတွေ့မှု

အိမ်ပြင်မှာ လေ့ကျင့်ခန်းလုပ်တဲ့အခါ အဓိကအန္တရာယ်က ခရမ်းလွန်ရောင်ခြည်ပဲ ဖြစ်ပါတယ်။ နေလောင်ဒဏ်ကြောင့် အရေပြားကင်ဆာ ဖြစ်နိုင်ခြေများသလို အသားအရေကို မြန်မြန်အိုမင်းလွယ်စေပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းလုပ်တာကြောင့် ရရှိမယ့် အသားအရေအတွက် ကောင်းကျိုးတွေကိုလည်း ယုတ်လျော့သွားစေပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်မယ့်သူတွေကို အကောင်းဆုံး အကြံပေးချင်တာက နံနက် ၁၀ နာရီနဲ့ ညနေလေးနာရီကြားမှာ အိမ်ပြင်ထွက်ပြီး လေ့ကျင့်ခန်းမလုပ်ဖို့ ဖြစ်ပါတယ်။

အိမ်အပြင်မှာ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် နေကာခရင်မ်လိမ်းပါ။ အားကစားသမားအများစုက ချွေးထွက်တဲ့အခါ မျက်စိထဲကို ချွေးစက်တွေဝင်ရင် နေကာခရင်မ်ကြောင့် ပူစပ်ပူလောင်ဖြစ်စေတယ်ဆိုပြီး နေကာခရင်မ်ကို လိမ်းရမှာ တွန့်ဆုတ်နေတတ်ပါတယ်။ တကယ်လို့ သင့်အသားအရေက အဆီပြန်ရင်၊ ဝက်ခြံပေါက်လွယ်ရင် အဆီမပါတဲ့ နေကာခရင်မ် အမျိုးအစားကို ရွေးချယ်လိမ်းပါ။ နေကာခရင်မ်နဲ့ ချွေးရောပြီး မျက်စိထဲဝင်ရင်တောင် ကျိန်းစပ်မှုမဖြစ်စေနိုင်ပါဘူး။

ချည်သားအားကစားဝတ်စုံ

နေပူထဲမှာ လေ့ကျင့်ခန်းလုပ်တဲ့အခါ နေကာခရင်မ်တစ်ခုတည်းနဲ့တင် မလုံလောက်ပါဘူး။ ချွေးထွက်ရင် ချွေးစုပ်နိုင်တဲ့ ချည်သားဝတ်စုံကို ဝတ်ဆင်ပြီး ဦးထုပ်ဆောင်းထားသင့်ပါတယ်။ တခြားအရေပြားပြဿနာက ပင်ကိုဝက်ခြံရှိတဲ့ သူတွေအနေနဲ့ အရေပြားစပ်ဖျဉ်းဖျဉ်းဖြစ်ကာ နီမြန်းမှု ဖြစ်တတ်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်ပြီးတာနဲ့ ချက်ချင်း ချွေးစိုနေတဲ့ အဝတ်အစားကို လဲပါ။ လျော့ရဲပြီး သက်သောင့်သက်သာရှိတဲ့ ဝတ်စုံကို ဝတ်ထားတာက အရေပြားမှာ ချွေးပေါက်ပိတ်ဆို့မှု ကင်းစေပြီး အသားအရေကို သန့်ရှင်းစင်ကြယ်စေပါတယ်။

အသားအရေ ထိန်းသိမ်းမှု

လေ့ကျင့်ခန်းလုပ်တဲ့အခါ မိတ်ကပ်မလိမ်းပါနဲ့။ ရေချိုးပြီးမှသာ အသားအရေအေးမြစေမယ့် အစိုဓာတ်ထိန်းခရင်မ် ဒါမှမဟုတ် ပေါင်ဒါမှုန့်လိမ်းပြီး အရေပြားစပ်ဖျဉ်းဖျဉ်းမဖြစ်အောင် ကာကွယ်ပါ။

Most Popular

Healthy Life Ad
To Top