Healthy Life Ad
Health Tips

“ပါးစပ်ဖျားကလေးမှာ….”

—–၊ ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး) ၊—–

စာရေးသူရဲ့မိတ်ဆွေ ကိုတာက ညည်းတွားတယ်။

“အခုတလော ကျွန်တော်မေ့တတ်နေတယ်ဗျာ”

ဘာလို့မေ့တတ်တာလဲ

“လူကိုသိပေမယ့် သူ့နာမည်ကို အစဖော်လို့မရတာမျိုးပါ။ ဥပမာဗျာ-ကျွန်တော်သိဖူးတဲ့ မိတ်ဆွေဟောင်းတစ်ယောက် ဆိုပါတော့။ သူဘာအလုပ်လုပ်တယ်ဆိုတာ သိတယ်။ ဘယ်ရပ်ကွက်မှာ နေတယ်ဆိုတာသိတယ်။ သူ့ပုံသဏ္ဍန်ကို ပြောပြနိုင်တယ်။ ဒါပေမဲ့ သူနာမည်ကို စဉ်းစားလို့မရဘူး ဖြစ်နေတက်တယ်။ အဲ့ဒါ အသက်ကြီးလို့ ငယ်မူပြန်ရောဂါ ဖြစ်တော့မှာလို့ ကျွန်တော့်ဇနီးက မှတ်ချက်ချတယ်ဗျ”

“ဖြစ်တတ်ပါတယ်။ အဲ့လိုမေ့တတ်တာကို အင်္ဂလိပ်ဘာသာစကားမှာ Tip of The Tongue လို့ခေါ်တယ်။ ဆေးပညာဝေါဟာရကတော့ Lethologica ပါ။ လူတိုင်းရဲ့အတွေ့အကြုံပါ။ လူဦးရေထဲမှာ ၉၀ ရာခိုင်းနှုန်းကျော်က အဲလိုအဖြစ်အပျက်မျိုး တစ်ခါတရံ ကြုံတွေ့ဖူးတာရှိပါတယ်။ လူမျိုးမရွေး၊ ဘာသာမရွေး၊ တကမ္ဘာလုံးမှာ တွေ့ရှိရတယ်။ ဘာသာစကား ၅၁ မျိုးကို လေ့လာထားတာရှိတယ်။ ဘာသာစကား ၄၆ မျိုးမှာ “Tip of The Tongue” (TOT) ပါးစပ်ဖျားကလေးတွင် မေ့နေခြင်း အတွေ့အကြုံကို ဖော်ပြထားတဲ့ အသုံးအနှုန်းတွေရှိတာ တွေ့ရတယ်။ အားလုံးက လျှာ၊ ပါးစပ် ဒါမှမဟုတ် လည်ချောင်းကို ရည်ညွှန်းထားတယ်။ “လျှာထိပ်မှာ”၊ “လျှာပေါ်ကလေးမှာ”၊”လျှာရှေ့ဖျားမှာ”၊ “လျှာရင်းမှာ ပြိုးပြိုးပြက်ပြက် ဖြစ်နေသလိုပဲ”၊ “ပါးစပ်နဲ့ အာခေါင်ထဲမှာ”၊ “လည်ချောင်းဝမှာ”. . . စတဲ့ စကားလုံးဝေါဟာရကို အသုံးပြုထားတာ တွေ့ရှိရတယ်”

“TOT ခံစားရတဲ့လက္ခဏာ ဆင်တူလို့ဖြစ်မှာပေါ့”

“မှန်ပါတယ်။ ပါးစပ်ဖျားကလေးမှာတင် မေ့နေရင် ခံစားရတဲ့လက္ခဏာတွေကို ဆန်းစစ်ကြည့်ရင် ဒီလိုပါ။ ကာယကံရှင်က ကိုယ်ပြောချင်တဲ့ ဝေါဟာရစကားလုံးတစ်ခု ဒါမှမဟုတ် နာမည်ကိုသိတယ်ဆိုတာ၊ စိတ်ထဲမှာသိနေတယ်။ အဲဒီစကားလုံးရဲ့ ပထမအက္ခရာကို မှတ်မိတာများတယ်။ အဲဒီစကားလုံးနဲ့ အဓိပ္ပာယ်တူညီတဲ့ တစ်ခြားဝေါဟာရကို အစားထိုးပြောနိုင်တယ်။ အဲဒီစကားလုံးနဲ့ အသံထွက်ချင်းတူတဲ့ ဝေါဟာရတွေကိုလည်း ပြောထွက်နိုင်တယ်။ ဒါပေမဲ့ ကိုယ်ပြောချင်တဲ့ စကားလုံးက၊ ပါးစပ်ဖျားမှာ တရစ်ဝဲဝဲဖြစ်နေပြီး အစဖော်လို့မရဘူး။ ကာယကံရှင်ရဲ့စိတ်က ဖမ်းစီးချုပ်နှောင်ထားသလို ခံစားရတယ်။ အဲဒီစကားလုံးဝေါဟာရကို ကြိုးစားဖော်ထုတ်နေတဲ့ အချိန်ပိုင်းမှာ စိတ်တင်းကျပ်နေမယ်။ မခံချိ မခံသာ ဖြစ်နေမယ်။ ဒီစကားလုံးကို”ငါသိပါတယ်’’လို့လည်း ခံစားနေရတယ်။ (Feeling of Knowing) ထုတ်ဖော်ပြောလို့ မရနိုင် ဖြစ်နေတော့၊ အာခေါင်ထဲမှာ မချင့်မရဲ ရွစိစိဖြစ်နေတာပါ။ စကားလုံးကို ပြန်လည်ပြောနိုင်ရင် စိတ်ထဲမှာပျော်ရွှင်လာတာ ခံစားရမယ်။

“TOT က ဘာကြောင့်ဖြစ်တာလဲ”

“ပါးစပ်ဖျားကလေးမှာ မေ့နေတဲ့ ဝေါဟာရစကားလုံးကို သုံးစွဲတဲ့အကြိမ်နည်းပါးခြင်း၊ အဲဒီဝေါဟာရက အသစ်သင်ယူ တတ်မြောက်ထားတဲ့ ဝေါဟာရဖြစ်ခြင်းနဲ့ အသက်အရွယ်အိုမင်းခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။ ဥပမာ-လူငယ်ပိုင်းမှာ TOT အတွေ့အကြုံက ရက်သတ္တပတ် တစ်ပတ်မှာတစ်ကြိမ်လောက်သာ ရှိပေမဲ့ သက်ကြီးရွယ်အိုထဲမှာ တစ်ရက်တစ်ကြိမ်ဖြစ်တတ်တယ်။

“ပါးစပ်ဖျားကလေးမှာ မေ့နေခြင်း (TOT)က မှတ်ဉာဏ်ကို ပြန်လည်နှုက်ယူဖော်ထုတ်ခြင်း (Recall) အဆင့်နဲ့ သက်ဆိုင်ပါတယ်။ မေ့နေတဲ့စကားလုံးကို ဦးနှောက်ထဲမှာ မှတ်ပုံတင်ပြီးပြီ။ (Registration) လုပ်ပြီးပြီ။ ဦးနှောက်တစ်နေရာမှာ သိုလှောင်ထားတာ (Retention) လည်းရှိနေသေးတယ်။ မပျောက်ပြယ်သေးဘူး။ ဒါပေမဲ့ အဲဒီဝေါဟာရကို သိုလှောင်ထားတဲ့ ဦးနှောက်ပိုင်းနဲ့ သိရှိတဲ့အတိုင်း ထုတ်ဖော်ပြောဖို့ ညွှန်ကြားပေးတဲ့ ဦးနှောက်ပိုင်း၊ တစ်ခုနဲ့တစ်ခု ဆက်သွယ်မှုချို့ယွင်းနေလို့ ဖြစ်တာပါ။ ခွဲခြမ်းစိတ်ဖြာစိတ်ပညာရှင် Freud ကတော့ ပါစပ်ဖျားကလေးမှာ မေ့နေတဲ့အကြောင်းအရာကို ကာယကံရှင်ရဲ့ အသိစိတ်က လက်မခံချင်လို့၊ မသိစိတ်စွမ်းအားက ဖိနှိပ်သိုဝှတ်ထားတာလို့ ဆိုပါတယ်။ နာမည်မေ့နေတဲ့ ခဗျားရဲ့ မိတ်ဆွေအပေါ်မှာ မကျေနပ်တာရှိနေလို့လား”

” ဘာဆိုင်လို့လဲဗျ”

“သီအိုရီကိုပြောပြတာပါ။ TOT ဖြစ်ပေါ်စေတဲ့ လက်တွေ့အကြောင်းရင်းတစ်ခုကတော့၊ Lorazepam လို့ခေါ်တဲ့ စိတ်ငြိမ်ဆေးဖြစ်ပါတယ်။ ဒီစိတ်ငြိမ်ဆေးသောက်ထားရင် ပါးစပ်ဖျားကလေးမှာ မေ့တက်တာပိုမိုဖြစ်ပွားတာ တွေ့ရှိရတယ်။ ဒါပေမဲ့ နာမည်ကို အစဖော်မရဖြစ်နေချိန်မှာ စိတ်တင်းကျပ်ပြီး မခံချိမခံသာ ခံစားရတာတော့ မရှိဘူးပေါ့။ ကော်ဖီမှာပါရှိတဲ့ (Caffeine) ဓာတ်က ဦးနှောက်ကို နှိုးဆွလှုံ့ဆော်ပေးတယ်။ အတိုင်းအတာတစ်ခုအထိ အာရုံစူးစိုက်နိုင်မှုကို မြင့်တက်စေနိုင်တယ်။ ဒါပေမဲ့ ကော်ဖီကျကျ နှစ်ခွက် (ကာဖင်း ၂၀ဝ မီလီဂရမ်ကျော်) သောက်ပြီးရင် ပါးစပ်ဖျားကလေးမှာ မေ့တတ်တာမျိုး ပိုမိုဖြစ်ပေါ်တတ်တယ်တဲ့။”

“စိတ်လှုပ်ရှားတုံ့ပြန်မှု ပြင်းထန်နေချိန်မှာ TOT မှတ်ဉာဏ်မေ့ခြင်းမျိုး ပိုမိုဖြစ်ပွားတာ တွေ့ရမယ်။ ခင်ဗျားဖြစ်ခဲ့သလိုပေါ့။ မတွေ့ရတာကြာတဲ့ မိတ်ဆွေနဲ့ အမှတ်မထင်တွေ့ဆုံလိုက်ရလို့ စိတ်လှုပ်ရှားပြီး သူ့နာမည်ကို အစဖော်မရဖြစ်သွားတာမျိုးပါ။ စာမေးပွဲခန်းထဲမှာ ဖိစီးမှုများနေရင်၊ စိုးရိမ်လွန်နေရင် ကျက်မှတ်ထားတဲ့စကားလုံး ဝေါဟာရတွေကို မမှတ်မိတဲ့ကျောင်းသားလည်း ရှိတယ်မဟုတ်လား”

ကိုတာက အားတက်သရော မေးမြန်းတယ်။

“အဲလိုဆိုတော့ ကျွန်တော့်အတွေ့အကြုံက ငယ်မူပြန်မှတ်ဉာဏ်ချို့ယွင်းရောဂါ (DEMENTIA) ဖြစ်ပွားစလက္ခဏာ မဟုတ်ဘူးပေါ့”

“မှန်ပါတယ် TOT လက္ခဏာကို Alzheimer ငယ်မူပြန်မှတ်ဉာဏ်ချို့ယွင်းရောဂါမှာ တခြားရောဂါ လက္ခဏာ တွေနဲ့ ပူးတွဲတွေ့ရှိရပါတယ်။ ဒါပေမဲ့ ပါးစပ်ဖျားကလေးမှာ မေ့တတ်တာ တစ်ခုတည်းကတော့ Alzheimer ရောဂါရဲ့ရှေးဦးလက္ခဏာလို့ မပြောနိုင်ပါဘူး။ အသက်အရွယ် အိုမင်းလာတာကြောင့် (ILSULA) လို့ခေါ်တဲ့ ဦးနှောက်ပိုင်းမှာ ကလာပ်စည်းအရေအတွက် ကျဆင်းလာရင် TOT လက္ခဏာဖြစ်တာ တွေ့ရှိရတယ်။ ဒါပေမဲ့….”

“ဒါပေမဲ့ ဘာဖြစ်နိုင်လို့လဲ”

ဦးနှောက်ဒဏ်ရာရပြီးရင် ဒါမှမဟုတ် ဦးနှောက်သွေးကြောပိတ် လေဖြတ်ရောဂါရပြီးရင် စကားလုံးဝေါဟာရ မေ့တဲ့ရောဂါ ရနိုင်တယ်။ ANOMIC APHASIA (Normal Aphasia) လို့ခေါ်တယ်။ မိမိသိရှိတဲ့အတိုင်း ထုတ်ဖော်ပြောဆိုနိုင်မှု ချို့ယွင်းရောဂါ (Expressive Aphasia) ဖြစ်တယ်။ ပျက်စီးကျဆုံးတဲ့ ဦးနှောက်ပိုင်းပေါ်မှာ မူတည်ပြီး လက္ခဏာကွဲပြားတာ တွေ့ရှိရမယ်။ လူအမည် ပစ္စည်းအမည်မေ့ခြင်း (Word Anomia)ကို နာထင်အောက်ရှိ ဦးနှောက်ပိုင်း (Temporal Lobe) နောက်ဘက်နဲ့အောက်ဘက် ပျက်စီးရင်တွေ့ရတယ်။ စကားလုံးဝေါဟာရရဲ့ အဓိပ္ပါယ်ကိုမေ့ခြင်း(Sementic Anomia)ကို (Angular Gyrus) လို့ခေါ်တဲ့ ဦးနှောက်ပိုင်းပျက်စီးရင် တွေ့ရှိရတယ်။

“ထူးဆန်းအမည် မေ့ခြင်းတစ်မျိုးရှိတယ်။ စကားပြောသံကိုကြားတာနဲ့ ပြောနေတဲ့သူက ဘယ်သူဘယ်ဝါဆိုတာ နာမည်ပြောနိုင်တယ်။ ဒါပေမဲ့ အဲဒီလူကိုမြင်ရုံနဲ့ နာမည်မပြောနိုင် ဖြစ်နေတယ်။ ပစ္စည်းတစ်ခုကို လက်နဲ့ ပွတ်သပ်ကြည့်ပြီး ပစ္စည်းအမည်ကို ပြောနိုင်ပေမဲ့ အဲဒီပစ္စည်းကိုမြင်ရုံနဲ့ အမည်မပြောနိုင်ဘူး။ အဲဒီလိုဖြစ်နေတာ ကို (Disconnection Anomia) လို့ခေါ်တယ်။ အမြင်အာရုံဦးနှောက်ပိုင်းနဲ့ စကားပြောခြင်းဆိုင်ရာ ဦးနှောက် ပိုင်းဆက်သွယ်မှု ပျက်စီးနေလို့ ဖြစ်ပေါ်တာပါ”

“ဒီတော့ ခင်ဗျားမေးခွန်းကို အဖြေပေးရမယ်ဆိုရင် ခင်ဗျား တစ်ခါတလေ ပါးစပ်ဖျားကလေးမှာ မေ့တတ်တာက ဦးနှောက်ပျက်လို့ ငယ်မူပြန်လာချင်လို့တော့ ဟုတ်မယ်မထင်ပါဘူး။ စိတ်ပင်ပန်း၊ လူပင်ပန်း ဖြစ်နေလို့များလား”

Most Popular

Healthy Life Ad
To Top