Healthy Life Ad
Health Tips

အလုပ်များသူတွေ ဝိတ်ထိန်းလိုတဲ့အခါ မနက်စာ၊ နေ့လယ်စာနဲ့ ညစာကို ကျန်းမာရေးနဲ့ညီအောင် ဘယ်လိုစားသင့်သလဲ

———၊ ဇွန်ခိုင်ဦး(ဆေးဝါးတက္ကသိုလ်) ၊———

ဒီနေ့ခေတ်မှာ အချိန်မအားမလပ်နိုင်လောက်အောင် အလုပ်လုပ်နေရသူတွေက တစ်နေ့လုံးနေမှ ထမင်းတစ်နပ်ပဲ စားမိလိုက်တာမျိုး၊ မနက်စာလုံးဝ မစားဖြစ်လိုက်တာမျိုး ရှိတတ်ပါတယ်။ အဲဒီအခါ အလုပ်လုပ်ချိန် ကုန်ဆုံးလို့ ညနေရောက်မှ ညနေစာကို စားဖြစ်တဲ့အခါ အလွန်အမင်းစားဖြစ်ရာကနေ ကိုယ်အလေးချိန် တက်လာတာမျိုးလည်း ဖြစ်တတ်ပါသေးတယ်။ အစားအသောက် နပ်မမှန်တာကလည်း ဗိုက်အောင့်ဗိုက်နာတဲ့ ဝေဒနာအပြင် တခြားအားနည်းတာလိုမျိုး ကျန်းမာရေးထိခိုက်မှုတွေ ဖြစ်ရတတ်ပါတယ်။ ဒါကြောင့် အလုပ်များသူတွေအနေနဲ့ ကျန်းမာရေးလည်းကောင်းပြီး ကိုယ်အလေးချိန်လည်း ပုံမှန်အတိုင်း ထိန်းနိုင်ဖို့ တစ်နေ့တာအတွင်း ဘယ်လိုအစားအသောက်တွေကို စားသင့်တယ်ဆိုတာ အကြံပြုလိုက်ရပါတယ်။

alignnone size-medium wp-image-58031
နံနက်စာ

အလုပ်များသူတွေ တစ်နေ့လုံး ကျန်းမာလန်းဆန်းစွာ အလုပ်လုပ်နိုင်ဖို့ မနက်စာက အရေးကြီးပါတယ်။ တချို့လူတွေက အလုပ်ချိန်မမှီမှာစိုးလို့ မနက်စာမစားဘဲ ရုံးသွားတတ်ပြီး ရုံးရောက်ရင်လည်း တစ်မနက်လုံး ဘာမှမစားဘဲ အလုပ်လုပ်တတ်ပါတယ်။ ဒါက လူကို နုံးချည့်ပင်ပန်းသွားစေတဲ့အတွက် ရှောင်ရမယ့် အပြုအမူပါ။ နံနက်စာအဖြစ် အောက်ပါအမျိုးအစား တစ်ခုကို စားပါ။ ကယ်လိုရီကလည်း ၃၀ဝ ဝန်းကျင်သာ ရှိတဲ့အတွက် ကိုယ်အလေးချိန် ထိန်းသူတွေအတွက်လည်း အဆင်ပြေပြီး တစ်နေ့လုံး စွမ်းအင်ကောင်းကောင်း ရရှိစေမှာ ဖြစ်ပါတယ်။ ငှက်ပျောသီးတစ်လုံး၊ အဆီနည်းဒိန်ချဉ်တစ်ခွက်၊ ပေါင်မုန့်ညိုတစ်ချပ်။ ဒါမှမဟုတ် စပျစ်သီးလက်တစ်ဆုပ်စာ၊ ပန်းသီးတစ်လုံး၊ ကြက်ဥပြုတ်တစ်လုံး၊ ပေါင်မုန့်ညိုတစ်ချပ်။

alignnone size-medium wp-image-58028

ဒါမှမဟုတ် ပျားရည်ဆမ်းထားတဲ့ ပေါင်မုန့်ညိုနှစ်ချပ်၊ နွားနို့တစ်ခွက်။ ဒါမှမဟုတ် နွားနို့တစ်ခွက်၊ ငှက်ပျောသီးတစ်လုံး၊ မြေပဲထောပတ်သုတ်ထားတဲ့ ပေါင်မုန့်ညိုနှစ်ချပ်။ ဒါမှမဟုတ် ထမင်းကြော်ပန်းကန်လုံးတစ်လုံး၊ ကြက်ဥပြုတ်၊ နွားနို့တစ်ခွက် (ဒါမှမဟုတ် ဟင်းရွက်ကြော်တစ်ခွက်)

နေ့လယ်စာ

နေ့လယ်စာကို လုပ်ငန်းခွင်မှာ စားလေ့ရှိကြပါတယ်။ အဲဒီအခါ အပြင်မှာ ဝယ်စားရင် များသောအားဖြင့် ဆီမသန့်တာ၊ အချိုမှုန့်၊ ဟင်းခတ်မှုန့်တွေ အလွန်အမင်းထည့်တာကြောင့် ကျန်းမာရေးအတွက် သင့်တော်မှု မရှိတတ်ပါဘူး။ ဖြစ်နိုင်ရင် လုပ်ငန်းခွင်ကို နေ့လယ်စာ ချက်ပြုတ်ပြီး ယူဆောင်သွားသင့်ပါတယ်။ ကျန်းမာရေးနဲ့လည်း ညီညွတ်ပြီး အချိန်သိပ်မပေးရတဲ့ နေ့လယ်စာအတွဲအစပ်တွေကို ဖော်ပြလိုက်ပါတယ်။ စွပ်ပြုတ်တစ်ခွက်၊ အရေခွံမပါတဲ့ ကြက်ရင်ပုံသားတစ်တုံး၊ ဟင်းရွက်ကြော်နဲ့ ထမင်း။ ဒါမှမဟုတ် ဟင်းရွက်သုပ်၊ ပဲဟင်း၊ ကြက်ဥမွှေကြော်နဲ့ ထမင်း။ ဒါမှမဟုတ် ငါးဟင်း၊ မုန်ညင်းရွက်ကြော်၊ ချဉ်ပေါင်ဟင်းနဲ့ ထမင်း။ ဒါမှမဟုတ် အဆီနည်းဝက်သားဟင်း၊ ကင်ပွန်းချဉ်ရွက်ဟင်းရည်၊ ဟင်းနုနယ်ရွက်သုပ်နဲ့ ထမင်း။ ဒါမှမဟုတ် နေ့လယ်စာမှာ ပရိုတင်းဓာတ်ရရှိစေဖို့ အဆီနည်းအသားတစ်မျိုးကို ရွေးချယ်နိုင်ပြီး အရွက်က နှစ်ခွက်လောက် ပါဝင်သင့်ပါတယ်။

alignnone size-medium wp-image-58029
အဆာပြေသရေစာ

ညနေ ၃-၄ နာရီဝန်းကျင်မှာ သရေစာအဖြစ် စားနိုင်ဖို့ ပန်းသီး၊ ပန်းသစ်တော်သီး၊ စပျစ်သီး စတဲ့ သစ်သီးတစ်မျိုးမျိုး ဒါမှမဟုတ် မုန့်ဖက်ထုပ်၊ မုန့်ကျွဲသဲ စတဲ့ မြန်မာမုန့်တစ်မျိုးမျိုး စားနိုင်ပါတယ်။ ကွတ်ကီးမုန့်တွေကို ဆောင်ထားပြီး အဆာပြေ စားပေးနိုင်ပါတယ်။ ချောကလက်အညိုကလည်း သင့်တော်ပါတယ်။ အချိုရည်ကို ရှောင်ပါ။ အဆင်သင့်အစာကို တတ်နိုင်သမျှ မစားသင့်ပါ။ ဖြစ်နိုင်ရင် ရေကို များများသောက်ပါ။

ညစာ

တစ်နေ့လုံး ပင်ပင်ပန်းပန်း အလုပ်လုပ်ကိုင်ပြီးချိန်မှာ ညစာကို မိသားစုနဲ့အတူ ထမင်းလက်ဆုံ စားလေ့ရှိကြပါတယ်။ အဲဒီအခါ ထမင်းကို လိုတာထက်ပိုပြီး အများအပြား စားမိတာမျိုး မဖြစ်အောင် သတိပြုဆင်ခြင်ရပါမယ်။ ဟင်းရည်ကို အရင်ဆုံးသောက်ပါ။ ဟင်းရည်က ဟင်းသီးဟင်းရွက်အစုံအလင်ပါရင် ပိုကောင်းပါတယ်။ ဟင်းရည်တစ်ခွက်သောက်ပြီးမှ ထမင်းနဲ့ ဟင်းရွက်သုပ်ကို စားပါ။ ညစာမှာ ဟင်းရွက်သုပ်၊ ငါးနဲ့ ပင်လယ်စာ၊ အစိမ်းကြော် စတဲ့ ဟင်းလျာတွေပါဝင်ရင် ပိုကောင်းပါတယ်။

alignnone size-medium wp-image-58030

ညစာစားပြီး သရေစာအဖြစ် သစ်သီးတစ်မျိုးကိုစားပါ။ သစ်သီးဖျော်ရည်နဲ့ ရေကိုပဲသောက်ပါ။ အရက်အလွန်အမင်း မသောက်ပါနဲ့။ အရက်ကို မသောက်ဘဲနေတာ အကောင်းဆုံးပါ။ မသောက်ရမနေနိုင်ရင် အသင့်အတင့်ပဲ သောက်ပါ။ အရက်အလွန်အကျွံသောက်ရင် ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့အတွက် နောက်တစ်နေ့မှာ လန်းလန်းဆန်းဆန်း နိုးထနိုင်ဖို့ မလွယ်ပါဘူး။ ညဘက်အိပ်ခါနီးမှာ နွားနို့ပူပူတစ်ခွက်သောက်ပြီး အိပ်ပေးတာက အသင့်တော်ဆုံး ဖြစ်ပါတယ်။ ဒီလိုပုံစံအတိုင်း စားသောက်မယ်ဆိုရင် ဘယ်လောက်ပဲ အလုပ်များများ၊ ကျန်းမာကြံ့ခိုင် လန်းဆန်းနေပြီး လိုရာပန်းတိုင်ကို မဖျားမနာဘဲ ရောက်ရှိမှာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top