Healthy Life Ad
Health Tips

ကြက်ဥပြုတ်စားတာက ကိုယ်အလေးချိန်ကျစေတဲ့ အကြောင်းရင်း

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

ဝိတ်ကျချင်တဲ့ လူအများစုက ကြက်ဥကိုရှောင်ကြတယ်။ ကယ်လိုရီနဲ့ အဆီများတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပေါ့။ မှန်တော့မှန်ပါတယ်။ ကြက်ဥအနှစ်မှာ ကိုလက်စထရောပါဝင်ပါတယ်။ ဒါပေမဲ့ ကြက်ဥပြုတ်တစ်လုံးမှာ ကယ်လိုရီ ၈၀ ပဲ ပါဝင်ပါတယ်။ ဒါ့အပြင် ကြက်ဥပြုတ်စားပေးရင် အောက်ပါအကြောင်းရင်းတွေ ရှိတဲ့အတွက် ကိုယ်အလေးချိန် ထိန်းနိုင်ရတာ ဖြစ်ပါတယ်။

(၁) ကြက်ဥစားတာက ခန္ဓာကိုယ်ဇီဝကမ္မ ဖြစ်စဉ်ကို မြန်စေလို့ပါ

ခန္ဓာကိုယ်က ကယ်လိုရီများများ လောင်ကျွမ်းဖို့ဆိုရင် ဇီဝကမ္မဖြစ်စဉ် မြန်ရပါမယ်။ ကြက်ဥစားတာက ဇီဝကမ္မဖြစ်စဉ် မြန်စေတဲ့ အကြောင်းရင်းနှစ်ခုတောင် ရှိပါတယ်။ ပထမတစ်ခုက ကိုလင်းဆိုတဲ့ ဇီဝရုပ်ဖြစ်စဉ် မြန်စေတဲ့ အာဟာရဓာတ် ပါဝင်မှုများတာပါပဲ။ ဒုတိယတစ်ခုကတော့ ပရိုတင်းပါဝင်မှု များတာကြောင့် အစာခြေလမ်းကြောင်းစနစ်က ပရိုတင်းဓာတ်ကြေစေဖို့ ကယ်လိုရီများများ သုံးပစ်လိုက်ရတာပဲ ဖြစ်ပါတယ်။

(၂) ကြက်ဥစားတာက အဆီနည်းကြွက်သားတွေကို သန်စွမ်းစေပါတယ်

အဆီနည်းကြွက်သားတွေကို တည်ဆောက်ဖို့အတွက် ပရိုတင်းဓာတ် လိုအပ်ပါတယ်။ အဆီနည်းကြွက်သားတွေ တည်ဆောက်ရာမှာ ခန္ဓာကိုယ်က မလိုလားအပ်တဲ့ ကိုယ်အလေးချိန် အပိုတွေကို သုံးပစ်ရပါတယ်။ ပရိုတင်းဓာတ်ပါဝင်မှုများတဲ့ ကြက်ဥပြုတ်စားတာက အပိုကိုယ်အလေးချိန် ကျစေတဲ့နည်းနဲ့ အဆီနည်းကြွက်သားတွေကို သန်စွမ်းတင်းရင်းစေပါတယ်။

(၃) ကြက်ဥစားတာက အစားအသောက်တွေကို အလွန်အကျွံ မစားမိအောင် ထိန်းပေးပါတယ်

ကြက်ဥပြုတ်စားတဲ့အခါ အရည်အသွေးမြင့် ပရိုတင်းဓာတ် ရရှိတဲ့အတွက် ဗိုက်ထဲမှာ ပြည့်အင့်တဲ့ ခံစားချက်ကို ကြာကြာဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် ကြက်ဥပြုတ်မှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီပါဝင်တဲ့အတွက် အစာစားချင်စိတ်ကိုလည်း ကောင်းကောင်းထိန်းချုပ်နိုင်ပြီး စိတ်ကျေနပ်မှု ရရှိစေပါတယ်။

(၄) ကြက်ဥစားတာက သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်စေပါတယ်

သွေးတွင်းသကြားဓာတ် အတက်အကျဖြစ်တာက တစ်ချိန်လုံး ဗိုက်ဆာစေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ကိုယ်စားနေကျအစာထဲ ကြက်ဥပြုတ်ထည့်စားတာကြောင့် ဆာလောင်မှုကို ထိန်းနိုင်ပြီး သွေးတွင်းသကြားဓာတ် အတက်အကျမဖြစ်အောင်လည်း ထိန်းနိုင်ပါတယ်။ ဒါကြောင့် မနက်စာမှာ ကြက်ဥပြုတ်ကို ဟင်းရွက်သုပ်နဲ့ရောပြီး စားသင့်တာဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top