Healthy Life Ad
Life Style

သင်ရဲ့တစ်နေ့တာမှာ အချိန်တစ်နာရီ ပိုရခဲ့မယ်ဆိုရင် . . .

———၊ ငွေကြယ်စင်ယံ ၊———

ကျွန်မတို့ စိတ်ကူးယဉ်ကြည့်ရအောင်။ ဆိုပါစို့ ၂၄ နာရီရှိတဲ့ တစ်နေ့တာမှာ အချိန်တစ်နာရီ ပိုရခဲ့ရင် အဲဒီတစ်နာရီကို သင်ဘာလုပ်မလဲ။

(၁) တီဗီကြည့်မလား၊

(၂) ဝါသနာပါတဲ့အရာကို လုပ်ဆောင်မလား၊

(၃) အိပ်စက်မလား၊

(၄) လေ့ကျင့်ခန်းလုပ်မလား၊

(၅) ချစ်ခင်တဲ့သူတွေနဲ့ အချိန်ကုန်ဆုံးမလား . .

ဒီ (၅) ချက်ထဲက တစ်ခုကို ရွေးလိုက်ပါ။ သင်ဖြေတဲ့အဖြေက သင့်အကြောင်းကို အများကြီး ပြောပြနိုင်ပါတယ်။ သင်ဖြေတဲ့အဖြေကို မှတ်ထားပြီး သင့်အကြောင်း ဖတ်ကြည့်ရအောင်။

(၁) တကယ်လို့ သင်က တီဗီကြည့်မယ်ဆိုရင် သင်က စိတ်အေးလက်အေးနေ တတ်သူပါ။

တစ်နေ့ တစ်နာရီ အပိုရချိန်မှာ တီဗီဟာသဇာတ်ကားနဲ့ ဒရမ်မာကားတွေ ကြည့်ရတာ သဘောကျတယ်ဆိုရင် စိတ်ခံစားမှုက သက်သောင့်သက်သာရှိသလို စိတ်ဖိစီးမှုများတဲ့ အခြေအနေတွေကို လစ်လျူရှုထားနိုင်သူလည်း ဖြစ်ပါတယ်။ သင်က လူမှုရေးဝင်ဆန့်သူဖြစ်ပြီး အရာရာကို ပေါ့ပေါ့ပါးပါး တွေးတောခံစားနိုင်သူလည်း ဖြစ်ပါတယ်။ တီဗီကြည့်ရှူကာ အပန်းဖြေတာကြောင့် ကမ္ဘာတစ်ဝန်းက ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို သိရှိပြီး တခြားသူတွေနဲ့ ဆက်သွယ်နေရသလို ထင်မြင်ကာ ကျေနပ်တတ်သူလည်း ဖြစ်ပါတယ်။

(၂) တကယ်လို့ သင်က ဝါသနာပါတဲ့အရာကို လုပ်ဆောင်မယ်ဆိုရင် သင်က ချစ်ခြင်းမေတ္တာကို အလေးအနက် ထားတတ်သူပါ။

ချစ်ခြင်းမေတ္တာအတွက် ပေးရတဲ့ အချိန်က မလုံလောက်ဘူးလို့ သင်ခံစားမိနေတတ်ပါတယ်။ ဝါသနာပါတဲ့ အလုပ်က တခြားအရာတွေထက် အလေးအနက် တန်ဖိုးရှိတဲ့ အရာလို့လည်း ခံစားမိသူပါ။ ဘဝမှာ ငွေကြေးဂုဏ်ပကာသနထက် သဘာဝကျတဲ့ အရာတွေကို ပိုတန်ဖိုးထားပြီး စိတ်ဝင်စားတတ်သူ ဖြစ်ပါတယ်။

(၃) တကယ်လို့ သင်က အိပ်စက်မယ်ဆိုရင် သင်က တည်ငြိမ်အေးဆေးမှုကို ရှာဖွေတတ်သူပါ။

အပိုရတဲ့ အချိန်တစ်နာရီအတွင်းမှာ အိပ်စက်ဖို့ ရွေးချယ်ရင် လုံခြုံဘေးကင်းမှုကို အလေးထားသူပါ။ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်ထက် ဘဝမှာ တည်ငြိမ်အေးဆေးမှုအပြည့်နဲ့ နေရရင် ကျေနပ်တတ်သူလည်း ဖြစ်ပါတယ်။ နေ့စဉ် ဘဝရပ်တည်မှုအတွက် ရုန်းကန်နေရပေမယ့်လည်း စိတ်ကူးယဉ်အိပ်မက်တွေကို မလွတ်တမ်း ဆုပ်ကိုင်ထားပြီး ရတဲ့အချိန်ပိုအတွင်း ကိုယ်ပိုင်သီးသန့်ဘဝကို ရအောင်ယူတတ်သူလည်း ဖြစ်ပါတယ်။

(၄) တကယ်လို့ သင်က လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် သင်က ရွှင်မြူးတက်ကြွကာ သန်စွမ်းသူပါ။

တစ်နေ့တာမှာ အပိုရတဲ့ အချိန်တစ်နာရီကို ခပ်သွက်သွက် လမ်းလျှောက်တာ၊ ယောဂကျင့်တာ စတာတွေနဲ့ အချိန်ကုန်ဆုံးစေမယ်ဆိုရင် သင်က သန်မာတဲ့ လှုံ့ဆော်မှုနဲ့ စွမ်းအင်တွေကို ရအောင် ယူတတ်သူဖြစ်ပါတယ်။ တစ်နေ့တာမှာ လုပ်ရမယ့် စိန်ခေါ်မှုတွေကို “လုပ်ရန်” ဆိုပြီး ရေးဆွဲထားတတ်သူဖြစ်ကာ ရလာမယ့်ဆုလာဘ်တွေကို စိတ်မဝင်စားဘဲ အလုပ်ပြီးမြောက်ဖို့ကိုသာ အားထုတ်တတ်သူလည်း ဖြစ်ပါတယ်။ ဘဝမှာ ကြုံတွေ့လာတဲ့ အခက်အခဲတွေကို ရင်ဆိုင်ဖို့ တစ်နေ့ ၂၄ နာရီနဲ့တောင် မလုံလောက်ဘူးလို့ ထင်နေသူပါပဲ။

(၅) တကယ်လို့ သင်က ချစ်ခင်သူတွေနဲ့ အချိန်ကုန်ဆုံးမယ်ဆိုရင် သင်က စိတ်ကူးစိတ်သန်း ကောင်းသူပါ။

အချိန်ပိုရတဲ့ တစ်နာရီအတွင်း မိတ်ဆွေသူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အချိန်ကုန်ဆုံးမယ်လို့ တွေးထားရင် သင်က ထက်မြက်ပြီး တီထွင်ဖန်တီးတတ်သူ ဖြစ်ပါတယ်။ သဘာဝတရားကို ချစ်မြတ်နိုးပြီး လူမှုဆက်ဆံရေး ကောင်းမွန်တဲ့အတွက် ဦးနှောက်က အမြဲနုပျိုကာ မှတ်ဉာဏ်ကောင်းမွန်နေတတ်ပါတယ်။ လူတွေနဲ့ ပေါင်းသင်းရာမှာ အမြင်အမျိုးမျိုးနဲ့ သုံးသပ်တတ်သူဖြစ်လို့ လူချစ်လူခင်လည်း များတတ်ပါတယ်။

Most Popular

Healthy Life Ad
To Top