Healthy Life Ad
Health Tips

နှလုံးခုန်နှုန်း မူမမှန်ဘူးဆိုတာ . .

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

တချို့လူတွေက ပြောကြတယ် . .အခုတလော နှလုံးခုန်တာ မူမမှန်ဘူး . .မြန်နေသလို ခံစားရတယ်ဆိုတာမျိုး။ တချို့ကျတော့လည်း နှလုံးခုန်တာက နှေးနေတယ်ဆိုပြီး ဘာလုပ်သင့်သလဲ တိုင်ပင်တာမျိုး မကြာခဏ ကြုံရပါတယ်။ ဒါပေမဲ့ “ဘယ်လိုမျိုးကို နှလုံးခုန် မူမမှန်ဖြစ်တယ်လို့ ယူဆတာလဲ”လို့ ပြန်မေးလိုက်ရင်တော့ သေချာ မဖြေတတ်ကြပါဘူး။ ဒါကြောင့် ဒီဆောင်းပါးမှာ နှလုံးခုန်နှုန်း မူမမှန်ဖြစ်ခြင်းနဲ့ ပတ်သက်တဲ့ အခြေခံဗဟုသုတကို ပြောပြပေးချင်ပါတယ်။

ပုံမှန် နှလုံးခုန်နှုန်း

လူတစ်ယောက်ရဲ့ နှလုံးခုန်နှုန်းက တစ်မိနစ်ကို ၆၀ နဲ့ ၁၀ဝ ကြားမှာဆိုရင် ပုံမှန်လို့ အကြမ်းအားဖြင့် သတ်မှတ်ထားပါတယ်။

နှလုံးခုန်နှုန်း မူမမှန်ဖြစ်ခြင်းဆိုတာ . .

နှလုံးခုန်နှုန်း မူမမှန်ဖြစ်ခြင်းမှာတော့ နှလုံးခုန်နှုန်း မြန်တာရှိသလို နှလုံးခုန်နှုန်း နှေးတာလည်း ရှိပါတယ်။ တချို့လူတွေမှာ နှလုံးရောဂါအခံရှိတာကြောင့် နှလုံးခုန်နှုန်း မူမမှန်တာ ဖြစ်တတ်ပါတယ်။ နှလုံးခုန်နှုန်း မူမမှန်ဘူးဆိုရင် လက္ခဏာအနေနဲ့ တစ်ခါတလေ ရင်ဘတ်အောင့်လာမယ်၊ အသက်ရှူကျပ်လာမယ်၊ ရင်တုန်လာမယ်၊ ရင်တုန်တာက အလွန်အမင်း မခံနိုင်အောင် တုန်လာမယ် . .ဒါမျိုးတွေ ခံစားရတတ်ပါတယ်။

နှလုံးခုန်နှုန်း မူမမှန်ဖြစ်တာကြောင့် မူးလဲတတ်ပါတယ်။ တစ်ခါတလေ နှလုံးခုန်နှုန်းက ၁၀ဝ အထက် ဖြစ်တာကြောင့် ဖြစ်နိုင်သလို တစ်ခါတလေ နှလုံးခုန်နှုန်းက ၆၀ အောက်ဖြစ်တာကြောင့် ဖြစ်တတ်ပါတယ်။ ၁၀ဝ အထက်ဆိုရင် နှလုံးခုန်နှုန်းက အရမ်းမြန်ပြီး ၆၀ အောက်ဆိုရင် နှလုံးခုန်နှုန်းက နှေးကျသွားတာ ရှိပါတယ်။

နှလုံးခုန်နှုန်း မူမမှန်ဖြစ်ခြင်းအား စစ်ဆေးမှု

-ရောဂါရာဇဝင် စမ်းသပ်စစ်ဆေးခြင်း(History)

-လက်ကောက်ဝတ်မှာ နှလုံးခုန်နှုန်း (Pulse Rate) စမ်းခြင်း

-အီးစီဂျီ(ECG)ရိုက်ခြင်း

နှလုံးခုန်နှုန်း မူမမှန်ဖြစ်နေပြီဆိုရင် ကိုယ်ပြနေကျ မိသားစုဆရာဝန်နဲ့ ပြန်ပြတာပဲ ဖြစ်ဖြစ်၊ နီးစပ်ရာ ကျန်းမာရေးဌာနက ဆရာဝန်၊ ဆရာမတွေနဲ့ ပြတာပဲဖြစ်ဖြစ်လုပ်ပြီး ဆေးစစ်ကုသမှုကို စနစ်တကျ ခံယူသင့်ပါတယ်။

နှလုံးခုန်နှုန်း မူမမှန်ခြင်းမဖြစ်အောင် ကာကွယ်ပါ . . .

ဒီနေ့ခေတ်မှာ နှလုံးခုန်နှုန်း မူမမှန်ဖြစ်တာက စိတ်ဖိစီးမှုများခြင်း၊ စိုးရိမ်သောကကြီးခြင်း စတာတွေနဲ့ ဆက်စပ်မှုရှိပါတယ်။ အခုနောက်ပိုင်း အသက် ၂၀ ကျော် မိန်းကလေးတွေမှာတောင် စိတ်ဖိစီးမှုများတာကြောင့် နှလုံးခုန်နှုန်း မူမမှန်ဖြစ်တာတွေကို တွေ့လာရပါတယ်။

ကျွန်မအတွေ့အကြုံအရ တက္ကသိုလ်တက်စဉ်က ညဘက်စာကြည့်တဲ့ရက်တွေမှာ မအိပ်ချင်အောင် ကော်ဖီပြင်းပြင်းသောက်ရင်း နှလုံးခုန်နှုန်း မူမမှန်ဖြစ်တာကို ခံစားခဲ့ရဖူးပါတယ်။ နှလုံးခုန်နှုန်း မမှန်တာက ကော်ဖီ၊ လက်ဖက်ရည်နဲ့လည်း ဆက်စပ်မှုရှိသလို ဆေးလိပ်၊ အရက်တို့နဲ့လည်း ဆက်စပ်မှုရှိပါတယ်။ ပြီးတော့ အဝလွန်တာနဲ့လည်း ဆက်စပ်မှုရှိပါတယ်။

(၁) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို စားပေးရပါမယ်။

(၂) ပြည့်ဝဆီ(ဥပမာ-တိရစ္ဆာန်ထွက်ဆီ၊ စားအုန်းဆီ၊ ထပ်ပြန်ကြော်ဆီ)တွေကို တတ်နိုင်သမျှ ရှောင်ရပါမယ်။

(၃) အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေကို ပုံမှန်စားပေးရပါမယ်။

(၄) အဆီနည်းတဲ့အသား၊ အရေခွံမပါတဲ့ကြက်သားနဲ့ ငါးတွေကို စားပေးရပါမယ်။

(၅) လေ့ကျင့်ခန်းကို တစ်နေ့အနည်းဆုံး နာရီဝက် လုပ်ဆောင်ပေးရပါမယ်။

(၆) စိတ်ဖိစီးမှုကို လျှော့ချရပါမယ်။

(၇) အိပ်ရေးဝဝ အိပ်စက်အနားယူရပါမယ်။

(၈) ကော်ဖီ၊ လက်ဖက်ရည်သောက်တိုင်း နှလုံးခုန်နှုန်းမမှန်တဲ့ ဝေဒနာခံစားရပြီဆိုရင် ကော်ဖီ၊ လက်ဖက်ရည် ရှောင်သင့်ပါတယ်။

(၉) ဆေးလိပ်နဲ့အရက်ကို ရှောင်သင့်ပါတယ်။

(၁၀) အဝလွန်နေရင် ကိုယ်အလေးချိန်ကို ထိန်းချုပ်သင့်ပါတယ်။

Most Popular

Healthy Life Ad
To Top