Healthy Life Ad
Health Tips

အိပ်ပျော်နေရင်း စကားပြောခြင်း

—–၊ ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး) ၊—–

စာရေးသူရဲ့မိတ်ဆွေ ဂျွန်ရဲ့ဇနီးမေရီက စကားစပ်မိလို့ မေးမြန်းတယ်။

“ဂျွန်က အိပ်ပျော်နေရင်း စကားပြောတဲ့အကျင့် ရှိပါတယ်။ ကျွန်မ အိပ်ရေးပျက်ရတဲ့ ညတွေက မနည်းတော့ပါဘူး။ အဲဒါ စိတ်ရောဂါလား”

“အိပ်ပျော်နေရင်း စကားပြောခြင်း (Sleep Talking) ကို Somniloquy လို့လည်းခေါ်တယ်။ သာမန်လူတွေထဲမှာလည်း တခါတရံ ဖြစ်တတ်ပါတယ်။ အသက် ၃ နှစ်မှ ၁၀ နှစ်အတွင်း ကလေးသူငယ်တွေထဲမှာ ၅၀ ရာခိုင်နှုန်းက တခါတရံ အိပ်နေရင်း စကားပြောတတ်ပါတယ်။ အသက်အရွယ် ရောက်သူတွေထဲမှာတော့ ၅ ရာခိုင်နှုန်းရှိပါတယ်။ စစ်ဆေးကုသဖို့ လို၊ မလိုဆိုတာကတော့ အိပ်ပျော်နေရင်း စကားပြောခြင်း ဆိုးရွားမှုနဲ့ ဖြစ်ပွားရတဲ့ အကြောင်းရင်းတွေပေါ်မှာ မူတည်ပါတယ်”

“ရှင်းပြပါ”

“ငယ်တုန်းက အိပ်ပျော်နေရင်း စကားပြောတဲ့အကျင့် မရှိဘဲ အသက် ၂၅ နှစ်ကျော်မှ စတင်ဖြစ်ပွားလာရင် ကုသဖို့လိုတဲ့ အကြောင်းရင်းတစ်ခုခုကြောင့် ဖြစ်နိုင်တယ်။ အိပ်ပျော်နေရင်း စကားပြောတာ ဆိုးရွားမှု ရှိ၊ မရှိ ခန့်မှန်းနိုင်တဲ့ အဆင့် ၃ ဆင့် သတ်မှတ်ထားတယ်။ တစ်လမှာ တစ်ကြိမ်လောက်သာ ဖြစ်ပွားပြီး ဘေးက အိပ်နေတဲ့လူကို အနှောင့်အယှက်မပေးရင် မပြင်းထန်တဲ့အဆင့်လို့ သတ်မှတ်တယ်။ ရက်သတ္တပတ်တစ်ပတ်မှာ တစ်ကြိမ်ဖြစ်ပေါ်ပေမယ့် ဘေးကလူကို အနှောင့်အယှက်မပေးရင် အတော်အတန် ပြင်းထန်တဲ့အဆင့်လို့ ယူဆတယ်။ ညစဉ်ညတိုင်း အိပ်ပျော်နေရင်း စကားပြောတဲ့အကျင့်ရှိပြီး ဘေးကလူကို အနှောင့်အယှက်ဖြစ်စေရင် ဆိုးရွားတဲ့အဆင့်လို့ ဆိုပါတယ်။ အသက် ၃ နှစ်မှ ၁၀ နှစ်အတွင်း ကလေးတွေထဲမှာ ၁၀ ရာခိုင်နှုန်းက ညတိုင်း အိပ်ပျော်နေရင်း စကားပြောတတ်တာ တွေ့ရှိရတယ်”

ဂျွန်က သူ့ဘက်က ကာကွယ်ပေးတယ်။

“ကျွန်တော် အိပ်ပျော်နေရင်း စကားပြောတယ်ဆိုတာ တစ်ပတ်မှာ တစ်ခါလောက်ပဲ ရှိမှာပါ”

“စိုးရိမ်စရာ ရှိ၊ မရှိဆိုတာကတော့ အိပ်ပျော်နေရင်း စကားပြောခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းရင်းတွေပေါ်မှာ မူတည်ပါတယ်”

“ဟုတ်ကဲ့ ပြောပြပါ”

“အိပ်စက်ခြင်းအဆင့် အမျိုးမျိုးရှိတာ ခင်ဗျားတို့ သိတယ်မဟုတ်လား။ အိပ်မက်မြင်မက်တဲ့ အိပ်စက်ခြင်းအဆင့် (REM Sleep)နဲ့ အိပ်မက်မြင်မက်ခြင်း မရှိတဲ့ အိပ်စက်ခြင်းအဆင့် (Non-REM Sleep) တို့ ဖြစ်တယ်။ အိပ်မက်မြင်မက်ခြင်းမရှိတဲ့ အိပ်စက်ခြင်းမှာ အနည်းငယ် ပေါ့ပေါ့လေး အိပ်ပျော်ခြင်း (Light Sleep)နဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်းဆိုတာ ရှိပါတယ်။ အိပ်ပျော်နေစဉ် စကားပြောခြင်းကို အဲဒီအိပ်စက်ခြင်းအဆင့် အားလုံးမှာ တွေ့ရှိနိုင်ပါတယ်”

“ခွဲခြား သိရှိနိုင်သလား”

“အကြမ်းအားဖြင့် ပြောရရင် အိပ်ပျော်နေစဉ် စကားပြောပုံပြောနည်းကို ကြည့်ပြီး ခွဲခြားထားတာ ရှိတယ်။ အိပ်မက်မြင်မက်တဲ့ အိပ်ပျော်ခြင်းအဆင့် (ဒါမှမဟုတ်) မျက်လုံးလှုပ်ရှားမှုမြန်အိပ်ပျော်ခြင်းအဆင့် (Rapid Eye Movement (REM) Sleep)မှာ အိပ်ပျော်နေရင်း ပြောတဲ့စကားက ရှည်တယ်။ ဘေးကလူ နားလည်လွယ်တယ်။ တစ်ယောက်တည်း ပြောနေသလို တခြားသူနဲ့ အခြေအတင် ပြောနေသလို ကြားရမယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့အဆင့် (Deep Sleep)မှာ အိပ်ပျော်နေရင်း ပြောတဲ့စကားက ဗလုံးဗထွေးရှိမယ်။ ယောင်ဝါးဝါး အော်လိုက်တာ၊ ဆဲဆိုရေရွတ်လိုက်တာနဲ့ “မဟုတ်ဘူး” “မသိဘူး” စတဲ့ အော်ဟစ်ပြောဆိုသံမျိုးတွေ ဖြစ်ပါတယ်။ အိပ်ပျော်နေရင်း စကားပြောတာက စက္ကန့်အနည်းငယ်သာ ကြာရှည်တတ်တယ်။ အိပ်ပျော်နေရင်း စကားပြောပြီးရင် ပြန်ပြီးအိပ်ပျော်သွားတာ များတယ်။ နိုးလာရင်လည်း ကာယကံရှင်က မိမိအိပ်ပျော်နေတုန်း စကားပြောတယ်ဆိုတာ မသိဘူး။ ဘာပြောတယ်ဆိုတာကိုလည်း မသိရှိ၊ မမှတ်မိပါဘူး”

မေရီက ဂျွန်ကို ပြုံးစိစိအမူအရာနဲ့ ကြည့်ပြီး မေးတယ်။

“အိပ်ပျော်နေရင်း စကားပြောရင် လျှို့ဝှက်ချက်တွေ ပါလာတတ်လား”

“အရက်မူးရင် ကျွဲခိုးပေါ်ဆိုသလိုလား၊ မဟုတ်ပါဘူး။ အသိစိတ်နဲ့ လျှို့ဝှက်ထားချင်တဲ့ အကြောင်းအရာတွေကို အိပ်ပျော်နေရင်း ဖွင့်ပြောနေတယ်လို့ မယူဆပါဘူး။ အိပ်ပျော်နေရင်း ပြောတဲ့စကားကို အဓိပ္ပာယ်ကောက်ပြီး အရေးမယူသင့်ဘူး။ နမိတ်မဖတ်သင့်ဘူး”

ဂျွန်က ကြားဖြတ်ပြောတယ်။

“အိပ်နေရင်း မိန်းမနာမည်ခေါ်နေတာ ကြားတယ်။ ဘယ်သူလဲလို့ မေရီက မေးတတ်တယ်ဗျာ”

“ဒီကိစ္စကြောင့် လင်မယားအဆင်မပြေ ဖြစ်တတ်ပါတယ်။ သတိထားကြပေါ့။ ပိုပြီး သတိထားရမှာက အိပ်နေရင်း စကားပြောတဲ့အကျင့်နဲ့ ပူးတွဲဖြစ်ပွားတတ်တဲ့ ရောဂါတွေပဲဗျ။ အဲဒီရောဂါတွေ ရှိရင်တော့ ကုသဖို့လိုတယ်”

“ရှင်းပြပါ”

“(က) အိပ်ပျော်နေရင်း အကြမ်းဖက်ရောဂါ (REM Sleep Behaviour Disorder) (RBD)။ ဒီရောဂါက REM Sleep အဆင့်မှာ ဖြစ်ပေါ်တာ။ အိပ်မက်မြင်မက်နေတဲ့အချိန်မှာ ကာယကံရှင်က အကြမ်းဖက်တဲ့ လှုပ်ရှားမှုတွေ ပြုလုပ်မယ်။ ရိုက်နှက်တဲ့ အပြုအမူ၊ ကန်ကျောက်တဲ့ အပြုအမူမျိုးတွေပါ။ ကိုယ်တိုင်ဒဏ်ရာရမယ်။ ဘေးကလူလည်း မသက်သာဘူးပေါ့။

(ခ) အိပ်ပျော်နေရင်း လမ်းလျှောက်ရောဂါ (So-mnambulism) (Sleep Walking)။ အိပ်ပျော်နေရင်း ယောင်ဝါးဝါး အိပ်ရာကထပြီး လှည့်ပတ်သွားလာတာ၊ တစ်ခုခု လုပ်နေတာပါ။ ဒီရောဂါက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့အဆင့်မှာ တွေ့ရှိရမယ်။

(ဂ) အိပ်ပျော်နေစဉ် ထိတ်လန့်ကြောက်ရွံ့ရောဂါ (Sleep Terrors)။ ဒီရောဂါကလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်းအဆင့် (Deep Sleep)မှာ တွေ့ရတယ်။ အိပ်မက်ဆိုးမက်လို့ ကြောက်တာ (Nightmares)မဟုတ်ဘူး။ အလန့်တကြားထအော်ပြီး အိပ်ရာက ထထိုင်တာမျိုးပါ။

(ဃ) အိပ်ပျော်နေစဉ် အသက်ရှူရပ်ရောဂါ (Ob-structive Sleep Apnoea)။ ဒီရောဂါမှာ အိပ်နေရင်း ဟောက်တတ်တာနဲ့အတူ စကားပြောတာလည်း ရှိမယ်။

(င) အိပ်ပျော်နေစဉ် အတက်ရောဂါ (Nocturnal Seizures)။ ဒီရောဂါရှိရင် အိပ်ပျော်နေရင်း စကားပြောမယ်။ နောက်ပြီး ခြေလက်တုန်ခါပြီး တက်သလိုဖြစ်တာ။ အိပ်ရာထဲ ဆီးသွားတာကိုလည်း တွေ့ရှိနိုင်တယ်။

(စ) စိတ်ရောဂါအမျိုးမျိုး (Psychiatric Disorders) စိတ်ရောဂါကြောင့် အိပ်ပျော်နေရင်း စကားပြောတဲ့ လက္ခဏာဖြစ်ပေါ်နိုင်တယ်။ ဥပမာ-စိတ်ဖိစီးမှုရောဂါ၊ စိတ်ကျရောဂါ၊ အရက်စွဲရောဂါ၊ စိတ္တဇရောဂါ စသဖြင့်ပေါ့”

ဂျွန်က ကြားဖြတ်အဖြေပေးတယ်။

“ခင်ဗျားပြောခဲ့တဲ့ ရောဂါတွေ ကျွန်တော့်မှာ မရှိဘူးလို့ ပြောနိုင်ပါတယ်”

မေရီကလည်း ထောက်ခံပြောကြားတယ်။

“ဒီလိုဆိုရင် Sleep Hygiene ဂရုစိုက်ကြည့်ပေါ့။ အိပ်ပျော်နေရင်း စကားပြောတာက လူက အိပ်ပျော်နေပေမယ့် ဦးနှောက်အင်္ဂါပိုင်းတချို့မှာ လှုံ့ဆော်မှုဖြစ်ပေါ်နေလို့ပါ။ ဒီတော့ အိပ်ရာမဝင်ခင် ဆေးလိပ်သောက်တာ၊ ကော်ဖီသောက်တာ၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်း၊ တက်ဗလက် စတဲ့ နည်းပညာကိရိယာတွေနဲ့ အလုပ်ရှုပ်နေတာတွေကို ရှောင်ကြည့်ပါ”

မေရီက အကြံဉာဏ်ပေးတယ်။

“ဂျွန်စကားပြောတာ ကြားတာနဲ့ သူ့ကို လှုပ်နှိုးလိုက်ရင် မကောင်းဘူးလား”

“စကားပြောတာ ရပ်သွားပြီးမှ လှုပ်နှိုးလိုက်ရင် ကုသမှုက ထိရောက်မှာ မဟုတ်ဘူး။ အိပ်နေရင်း စကားပြောတာ စလိုက်တာနဲ့ လှုပ်နှိုးနိုင်ရင်တော့ အကျိုးရှိနိုင်ပါတယ်”

မေရီက စောဒကတက်တယ်။

“ဒီလိုဆိုတော့ ကျွန်မက မအိပ်ဘဲ ထိုင်ပြီးစောင့်ကြည့်နေရမှာပေါ့”

“တီထွင်ထားတဲ့ စက်တစ်ခုရှိတယ်။ အဲဒီစက်က အိပ်ပျော်နေရင်း စကားပြောသူ စကားပြောသံ ထွက်လာတာနဲ့ တပြိုင်တည်း အခံရခက်တဲ့ အသံတစ်မျိုးကို ၅ စက္ကန့်ကြာအောင် ထုတ်လွှင့်ပေးတယ်။ အချိန်ကိုက်ဖြစ်ဖို့တော့ လိုပါတယ်။ အဲလို လေ့ကျင့်ပေးရင် အိပ်ပျော်နေရင်း စကားပြောတဲ့အကျင့် ပျောက်ကင်းသွားတာ တွေ့ရှိရတယ်။ အဲဒီကုထုံးကို Automated Auditory Signal Treatment လို့ခေါ်ပါတယ်။

Most Popular

Healthy Life Ad
To Top