Healthy Life Ad
Health Tips

ကလေးများတွင် ကျန်းမာရေးနှင့် မညီညွတ်သည့် အစာစားလျှင် အသက် ၁၂ နှစ်မတိုင်မီ နှလုံးထိခိုက်မှု စတင်ဖြစ်ပေါ်

———၊ ကိုထက် ၊———

ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစာစားတာကြောင့် ကလေးတွေက အသက် ၁၂ နှစ်အရွယ်မှာ နှလုံးထိခိုက်မှု စတင်ဖြစ်ပေါ်တတ်ကြောင်း လေ့လာမှုတစ်ခုအရ သိရပါတယ်။ လူအများစုက ငယ်ရွယ်ချိန်မှာ နှလုံးကျန်းမာရေး စတင်ထိခိုက်မှုရှိပါက ကျန်းမာရေးနဲ့ ညီညွတ်မှုမရှိတဲ့ အစာစားခြင်းကြောင့် နှလုံးထိခိုက်နိုင်ခြေ မြန်ဆန်မှုရှိကြောင်း လေ့လာသူတို့က ဆိုပါတယ်။

အမေရိကန်လေ့လာမှုအရ အသက် ၁၂ နှစ်အောက် ကလေးအနည်းငယ်ကသာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတို့ကို စားလေ့ရှိပြီး ကလေးသုံးပုံ တစ်ပုံနီးပါး (၃၀ရာခိုင်နှုန်း)က ကိုယ်အလေးချိန်များခြင်း ဒါမှမဟုတ် အဝလွန်ခြင်းတို့ ဖြစ်နေကြကြောင်း သိရပါတယ်။ ကလေးဘဝကတည်းက ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာတို့ကို ရွေးချယ်စားပေးရင် အရွယ်ရောက်ချိန်အထိ နှလုံးကျန်းမာရေး ပိုမိုကောင်းမွန်မှုရှိမယ်လို့ လေ့လာသူတို့က ဆိုပါတယ်။

“ကလေးတွေက သွေးဖိအားကောင်းမွန်နေဖို့ လိုပါတယ်။ တကယ်လို့ ကလေးတွေက ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစာတွေကို စားနေရင် ကိုလက်စထရောအဆင့် မကောင်းသလို ခန္ဓာကိုယ်အညွှန်းကိန်း (BMI) လည်း မကောင်းနိုင်ပါဘူး။ အဲဒီအခါ အရွယ်ရောက်ချိန်မှာ နှလုံးထိခိုက်နိုင်ခြေ များပါတယ်။ သက်လတ်ပိုင်းအရွယ်မှာ နှလုံးကျန်းမာရေး ကောင်းမွန်သူတွေဟာ အသက်ရှည်ပြီး အသက်ရှင်ခိုက်မှာလည်း ကျန်းမာနေမှာ ဖြစ်ပါတယ်”လို့ လေ့လာသူတို့က ပြောကြားခဲ့ပါတယ်။

အသက်နှစ်နှစ်မှ ၁၁ နှစ်အရွယ် ကလေး ၈၉၆၁ ဦးကို နှလုံးကျန်းမာရေးနဲ့ ဆက်စပ်နေတဲ့ အချက်ခုနှစ်ချက်အနက် လေးချက်ဖြစ်တဲ့ BMI၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာ၊ ကိုလက်စထရောနဲ့ သွေးဖိအား စတာတွေကို စစ်ဆေးခဲ့ရာ ကလေးအားလုံးက အနည်းဆုံး တစ်ချက်နဲ့သာ ကိုက်ညီမှုရှိကြကြောင်း တွေ့ရှိရပါတယ်။ ကလေးတွေ စားသင့်တဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုမှာ သကြားပါတဲ့ အချိုရည်၊ ဆားမှီဝဲမှုကို လျှော့ချခြင်း၊ ငါး၊ ကောက်နှံတစ်ခုလုံးအစာ၊ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်များများစားခြင်း အစရှိတာတွေ ပါဝင်နေပါတယ်။ ဒါ့အပြင် ကလေးတွေက တဆင့်ခံဆေးလိပ်ငွေ့ ထိတွေ့မှုမရှိဘဲ ကိုယ်လက်လှုပ်ရှားမှုတွေလည်း မှန်မှန်ပြုလုပ်ဖို့ လိုအပ်ကြောင်း သိရပါတယ်။

(Ref;DM)

Most Popular

Healthy Life Ad
To Top