Healthy Life Ad
Health Tips

ရေဖျင်း (Ascites)

———၊ ဒေါက်တာတင့်ဆွေ ၊———

အရပ်ခေါ် “ရေဖျင်း” ကို ဆေးစာနဲ့ Portal hypertension လို့ ခေါ်ပါတယ်။ သွေးတိုးကိုခေါ်တဲ့ (ဟိုက်ပါတင်းရှင်း)ဆိုတဲ့ စကားလုံးပါတာ သတိထားမိပါလိမ့်မယ်။ ဖိအားများနေတာ နောက်တမျိုးဖြစ်ပါတယ်။ (ပိုတယ်လ်)ဆိုတာက Portal venous system (ပိုတယ်လ်) သွေးပြန်ကြောနစ်တခုကနေ လာတာပါ။ သွေးလှည့်စနစ်ထဲက ထူးခြားတဲ့စနစ်တခုပါ။ သွေးမှန်သမျှ နှလုံးကိုဖြတ်ရပေမဲ့ ဒီစနစ်ထဲက သွေးတွေဟာ နှလုံးကိုမဖြတ်ကြပါ။ သွေးကြော သေးသေးလေးတွေပါတယ်။ လူတွေမှာ ဘေလုံး၊ သရက်ရွက်၊ သည်းခြေအိတ်၊ ဗိုက်ထဲမှာနေတဲ့ အစာလမ်းတွေနဲ့ သက်ဆိုင်တယ်။ Ascites ရေဖျင်းဆိုတာက ဒီစနစ်နဲ့ လုံးဝသက်ဆိုင်တယ်။

အသည်းထဲက သွေးကြောတွေမှာ ဖိအားများနေတာကြောင့်နဲ့ သွေးထဲမှာ ပရိုင်တင်း(အယ်လ် ဗြူမင်)နည်းနေတာဆိုတဲ့ အချက် ၂ ချက်ကြောင့် ရေဖျင်းစွဲတယ်။ ဒါကြောင့် အသည်းကို ဒုက္ခပေးတာတွေကနေ ဖြစ်လာစေနိုင်တယ်။ အများဆုံးက အရက်၊ (ဘီ)ပိုးနဲ့ (စီ)ပိုးတွေကြောင့်ဖြစ်ရတယ်။ ဗိုက်ထဲမှာ ကင်ဆာရှိလို့လဲ ဆက်ဖြစ်တာရှိသေးတယ်။ အူမကြီး၊ မျိုးဥအိမ်၊ သားအိမ်၊ သရက်ရွက်နဲ့ အသည်းကင်ဆာတွေ ဖြစ်တယ်။ ကင်ဆာကနေဖြစ်တာဆိုရင် “သွေးဖျင်း” လို့ခေါ်တယ်။

တခြားအကြောင်းတရားတွေလည်း ရှိပါသေးတယ်။

• (ပိုတယ်) သွေးပြန်ကြောထဲ သွေးခဲပိတ်ခြင်း၊

• နှလုံးတင်းကျပ်ပြီး အလုပ်မလုပ်နိုင်တော့ခြင်း၊

• သရက်ရွက်ရောင်ခြင်း၊

• နှလုံးအဖုံးရောင်ခြင်း၊

• ကျောက်ကပ်ဆေးရခြင်း။

ဘယ်လိုတွေ ခံစားရမလဲ

ဖြေးဖြေးခြင်းနဲ့ ရုတ်တရက်ဖြစ်နိုင်တယ်။ တချို့မှာ ရှိနေမှန်းသတိမထားမိဘူး။ ရေအောင်းတာ များလာတာနဲ့ ဗိုက်တင်း-ဖောင်းလာလို့ အနေရခက်ခက်လာမယ်။ အသက်ရှူရတာခက်လာနိုင်တယ်။ ပင်ရင်းရောဂါတွေနဲ့တွဲပြီး ခံစားရမယ်။ မျက်စိနဲ့စစ်ဆေးတာ လက်နဲ့စမ်းတာနဲ့ သိတယ်။ အသားဝါ (ဂျွန်းဒစ်) ဖြစ်နေတာရှိနေတတ်တယ်။ ၂၄ နာရီအတွင်း ဆီးဘယ်လောက်သွားသလဲ၊ သွေးထဲက (အီလက်ထရိုလိုက်) စစ်ဆေးခြင်း၊ ကျောက်ကပ်အလုပ် စစ်ဆေးခြင်း၊ အသဲအလုပ် စစ်ဆေးခြင်း၊ သွေးထဲက သွေးခဲတာနဲ့ဆိုင်တာတွေ စစ်ဆေးခြင်း၊ ဆီးစစ်ခြင်း၊ ဗိုက်(အာလ်ထွာဆောင်း) ရိုက်ခြင်း စစ်ဆေးနည်းတွေ လုပ်နိုင်တယ်။ ဘယ်လိုကုမလဲဆိုတာ ဘာလို့ဖြစ်သလဲအပေါ် မူတည်တယ်။ လူနေမှုပုံစံပြင်ခြင်း၊ အရက်ဖြတ်ခြင်း၊ (Sodium 1,500 mg/day) ဆားလျှော့ခြင်း၊ ရေ-အရည်သောက်တာလျှော့ခြင်း၊ Diuretics ဆီးသွားစေတဲ့ဆေး၊ Antibiotics ပိုးဝင်ရင် ပိုးသေဆေး၊ Paracentesis ဗိုက်ထဲက အရည်ဖောက်ထုတ်ခြင်းတွေ လုပ်ပေးပါမယ်။

“အသည်းထဲက သွေးကြောတွေမှာ ဖိအားများနေတာကြောင့်နဲ့ သွေးထဲမှာ ပရိုင်တင်း(အယ်လ်ဗြူမင်) နည်းနေတာဆိုတဲ့ အချက်၂ချက်ကြောင့် ရေဖျင်းစွဲတယ်။ ဒါကြောင့် အသည်းကို ဒုက္ခပေးတာတွေကနေ ဖြစ်လာစေနိုင်တယ်။ အများဆုံးက အရက်၊ (ဘီ)ပိုးနဲ့ (စီ)ပိုးတွေကြောင့် ဖြစ်ရတယ်။”

Complications နောက်ဆက်တွဲ ဖြစ်နိုင်တာတွေကတော့ –

• Peritonitis ဗိုက်အတွင်းဖုံးလွှာ ပိုးဝင်ခြင်း (အသက်အန္တရာယ်ကို ထိခိုက်နိုင်)၊

• Hepatorenal syndrome ကျောက်ကပ် အလုပ်မလုပ်နိုင်တော့ခြင်း၊

• Malnutrition ကိုယ်အလေးချိန်ကျပြီး ပရိုတင်းနည်းခြင်း၊

• Hepatic encephalopathy စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲများဖြစ်ခြင်း၊

တခြား အသဲခြောက်ရာကနေ ဖြစ်စေနိုင်တာတွေ = ကိုယ်ပူများဖျားခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းထဲ သွေး(အမဲရောင်)ပါခြင်း၊ သွေး(ကော်ဖီရောင်)အန်ခြင်း၊ သွေးထွက်လွယ်ခြင်း၊ ကိုယ်ရောင်ခြင်း၊ အသက်ရှူရခက်ခြင်း၊ စိတ်ရှုပ်ထွေးပြီး လန်းဆန်းမှုမရှိခြင်း။

Serum-ascites albumin gradient (SAAG) စစ်ဆေးနည်းက ပိုတိကျတယ်။ (> 1.1 g/dL)ထက်များတာဆိုရင် (ပိုတယ်လ်)ကြောင့်ဖြစ်တာနဲ့ (< 1.1 g/dL) နည်းတာက တခြားအကြောင်းကြောင့် ဖျင်းစွဲတာလို့ သိရတယ်။

Causes of high SAAG များခြင်း

(၁) အသဲခြောက်ခြင်း Cirrhosis အသဲခြောက်တာ ၈၁%ဖြစ်တယ်။ (ဒီအထဲမှာ အရက်ကြောင့်က ၆၅%၊ ဗိုင်းရပ်စ်ကြောင့်က ၁၀% နဲ့ (ခရစ်ပတိုဂျဲနစ်) ကြောင့်က ၃% ဖြစ်စေတယ်။)

(၂) Heart failure နှလုံးအလုပ်နိုင်အောင် မလုပ်နိုင်တော့ခြင်း ၃% ပါတယ်။

Causes of low SAAG နည်းခြင်းဆိုတာ ဘာလို့ဖြစ်လာသလဲ –

(၁) Cancer ကင်ဆာ (၁၀%)။

(၂) Tuberculosis တီဘီ(၂%)အပါအဝင် တခြားပိုးဝင်ခြင်း၊

(၃) Pancreatitis သရက်ရွက်ရောင်ခြင်း (၁%)၊

(၄) Serositis, Hereditary angioedema, Meigs syndrome, Vasculitis, Hypoth­yroidism, Renal Dialysis, Peritoneum Mesothelioma ရှားပါးရောဂါတွေကြောင့် ဖြစ်တယ်။

High SAAG များတာကို ဘယ်လိုကုသမလဲ

• Salt restriction ဆား(ဆိုဒီယမ်) လျှော့ပါ၊

• Diuretics ဆီးသွားစေတဲ့ဆေးပေးမယ်၊

• Water restriction ရေ-အရည် လျှော့သောက်ပါ၊

• Paracentesis ဗိုက်ဖောက်ခြင်း၊

• Liver transplantation အသဲအစားထိုးခြင်းနဲ့

• Shunting (ရှန့်) လုပ်ပေးခြင်းနည်းတွေနဲ့ ကုသပေးတယ်။

Low SAAG နည်းတာကို ဘယ်လိုကုသမလဲ

ဒီအမျိုးအစားက ဆားရှောင်တာ၊ ဆီးဆေးပေးတာနဲ့ မရဘူး။ ဗိုက်ဖောက်ပေးတာကိုသာ အားထားရတယ်။ Spontaneous bacterial peritonitis ဗိုက်အတွင်းဖုံးလွှာရောင်တာနဲ့ Thrombosis သွေးခဲပိတ်တာကို သတိထားရမယ်။

Most Popular

Healthy Life Ad
To Top