Healthy Life Ad
Health Tips

အတက်ရောဂါနှင့် စိတ်ကျန်းမာရေး (၂)

—–၊ ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား) ၊—–

ယခင်တစ်ပတ်မှအဆက်

သြစတြေးလျနိုင်ငံရှိ တောင်ပိုင်းဘုရင်မပြည်နယ်တက္ကသိုလ်(USQ)မှ နောက်ဆုံးနှစ်ဆေးကျောင်းသားတွေကို အတက်ရောဂါမှာ တွေ့ရှိရတဲ့ စိတ်ရောဂါတွေအကြောင်း ဆွေးနွေးသင်ကြားပေးနေပါတယ်။ “ဦးနှောက်နားထင်ပိုင်း အတက်ရောဂါ”(Temporal Lobe Epilepsy)(TLE)ရဲ့ လက္ခဏာတွေကို ရှင်းပြနေပါတယ်။

ဆေးကျောင်းသူဘီက ကြားဖြတ်မေးပါတယ်။

“ဦးနှောက်နားထင်ပိုင်း အတက်ရောဂါဖြစ်လို့ ဒေါက်တာအုန်းတို့ ဆေးကုသဆောင်ကို ရောက်လာတဲ့ လူနာရှိသလား”

“ကျွန်တော် နယူးဇီလန်နိုင်ငံမှာ အလုပ်လုပ်ခဲ့စဉ်က တွေ့ကြုံခဲ့ဖူးတဲ့ လူနာတော့ရှိတယ်။ လူနာအမည်က အေမီ။ အသက် ၃၀ ကျော်၊ အိမ်ထောင်ရှင်ဖြစ်တယ်။ အရင်တုန်းက အတက်ရောဂါမရှိဖူးဘူး။ လွန်ခဲ့တဲ့ ၃-၄ လလောက်ကစပြီး တစ်ခါတရံ ကြောင့်တက်တက်ဖြစ်သွားတယ်လို့ သူ့ခင်ပွန်းက ပြောပါတယ်။ အဲဒီအချိန်မှာ လူနာက တစ်ယောက်ယောက်နဲ့ အပြန်အလှန် စကားပြောနေသလို ပြုမူနေတယ်။ တစ်မိနစ်-နှစ်မိနစ်လောက် ကြာတယ်။ နောက်ပြီး အလိုအလျောက်ပြန်ပြီး အသိဝင်လာတယ်တဲ့။ အရေးပေါ်ဆေးခန်းကို လာရောက်ပြသတဲ့ ညကတော့ အေမီရဲ့ ထူးဆန်းတဲ့ အပြုအမူတွေက တစ်ညနေလုံး ကြာရှည်နေပါတယ်။ ဒါကြောင့် သူ့ခင်ပွန်းက အေမီစိတ်ဖောက်ပြန်နေပြီလို့ ယူဆပြီး ဆေးရုံကို ခေါ်လာတာပါ။ အရေးပေါ် ဆေးခန်းဆရာဝန်က သွေးစစ်တယ်။ ဦးနှောက် CT ဓာတ်မှန်ရိုက်တယ်။ ဦးနှောက်နဲ့ အာရုံကြောမကြီးပတ်လည် အရည်ကြည် (CSF) ကိုတောင် Lumbar Puncture လုပ်ပြီး စစ်ဆေးပါတယ်။ အားလုံးက ကောင်းနေတယ်။ ဒါကြောင့် “အပြင်းဖြစ်စိတ္တဇရောဂါ” (Acute Psychosis)လို့ သတ်မှတ်ပြီး ကျွန်တော်တို့ကုသဆောင်ကို လွှဲပြောင်းပေးလိုက်တာပါ။ နောက်နေ့မနက်ကျတော့ အေမီက အကောင်းပကတိဖြစ်နေတာကို တွေ့ရတယ်။ ခင်ပွန်းနဲ့အတူတူထိုင်ပြီး သေသေချာချာ စစ်ဆေးတော့ ဦးနှောက်နားထင်ပိုင်း အတက်ရောဂါလို့ မှတ်ချက်ချနိုင်တယ်”

ဆေးကျောင်းသူဘီက ထပ်ဆင့် မေးခွန်းထုတ်တယ်။

“ဦးနှောက် CT ဓာတ်မှန်ထဲမှာ မပေါ်ဘူးလား”

“အတက်ရောဂါဖြစ်ဖို့ လှုံ့ဆော်ပေးတဲ့ ဦးနှောက်ဒဏ်ရာက သေးငယ်နေရင် CT မှာ မတွေ့ရဘူး။ ဦးနှောက် (MRI) ပုံရိပ်ပြဓာတ်မှန်ရိုက်၊ ဦးနှောက်လျှပ်စစ်လှိုင်းတိုင်းစက် (EEG)နဲ့ စစ်ဆေးကြည့်တော့မှ (TLE) ရောဂါဆိုတာကို သေသေချာချာ ပြောနိုင်တာပါ”

ဆေးကျောင်းသားအေက ကြားဖြတ်မေးပါတယ်။

“အရင်တုန်းက အတက်ရောဂါမရှိဖူးဘူး။ လွန်ခဲ့တဲ့ ၃-၄ လလောက်ကစပြီး တစ်ခါတရံ ကြောင်တက်တက် ဖြစ်သွားတယ်လို့ သူ့ခင်ပွန်းက ပြောပါတယ်။ အဲဒီအချိန်မှာ လူနာက တစ်ယောက်ယောက်နဲ့ အပြန်အလှန် စကားပြောနေသလို ပြုမူနေတယ်။ တစ်မိနစ်-နှစ်မိနစ်လောက် ကြာတယ်။ နောက်ပြီး အလိုအလျောက်ပြန်ပြီး အသိဝင်လာတယ်တဲ့” . . .

“အထွေထွေအတက်ရောဂါ (Generalised Epilepsy) မှာ စိတ်ရောဂါနဲ့ မှားနိုင်တာရှိပါသလား”

“အထွေထွေအတက်ရောဂါက “အသိလစ်ဟင်း”သွားတဲ့ရောဂါ (Altered Awareness) မဟုတ်ဘူး။ “သတိမေ့မြော”(Unconscious)သွားတဲ့ရောဂါမျိုး ဖြစ်ပါတယ်။ ဒါကြောင့် တက်နေတဲ့အချိန်မှာ စိတ်ရောဂါရှိနေသလိုတော့ မတွေ့ရပါဘူး။ အဓိကအားဖြင့် အထွေထွေအတက်ရောဂါ နှစ်မျိုးရှိပါတယ်။ (က) ခေတ္တသတိမေ့အတက်ရောဂါ (Absence Seizure) က ကလေးသူငယ်တွေမှာ အဖြစ်များပါတယ်။ အဲဒီရောဂါကို Petitmal Seizure လို့လည်း ခေါ်တယ်။ တက်လာတဲ့အချိန်မှာ လူနာက သူလုပ်ကိုင်နေတာကို ဗြုန်းကနဲ ရပ်လိုက်တယ်။ ကြောင်တောင်တောင် ဖြစ်သွားတယ်။ မျက်လုံးက တစ်နေရာတည်းကိုသာ စိုက်ကြည့်နေမယ်။ မျက်တောင်တဖျပ်ဖျပ်ခတ်မယ်။ လူနာကို မေးမြန်းကြည့်ရင် ဘယ်လိုမှ မတုံ့ပြန်ဘူး။ အဲဒီလို ဖြစ်သွားတာ ၁၀ စက္ကန့်မှ စက္ကန့် ၂၀ အထိ ကြာရှည်မယ်”

ဆေးကျောင်းသားအေက အကျကောက်ပြောတယ်။

“အဲဒီလိုဖြစ်နေတာ စိတ်ရောဂါနဲ့ မတူဘူးလား”

“ဖြစ်ပွားတာက မြန်ဆန်လွန်းတော့ စိတ်ရောဂါလို့ ပြောဖို့ခက်တယ်။ ရပ်ကွက်ထဲမှာတော့ အပမှီတာ၊ နတ်ပူးတာလို့ ယူဆတတ်ကြပါတယ်”

စာရေးသူက အထွေထွေအတက်ရောဂါအကြောင်းကို ဆက်လက်ပြောပြပါတယ်။

“(ခ) အကြီးစားအတက်ရောဂါ (Grandmal Epilepsy)က အဖြစ်များတဲ့ အထွေထွေအတက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဒီရောဂါမှာ အတက်ရတဲ့ ပုံစံက ပြင်းထန်တယ်၊ အသံနက်ကြီးနဲ့ အော်ဟစ်ပြီး လူနာက ဗြုန်းကနဲသတိမေ့မျောသွားမယ်။ ပထမပိုင်းမှာ ခြေလက်ကြွက်သားတွေ တင်းမာလာတယ်။ ခြေလက်တွေကို တောင့်တင်းပြီး ဆန့်ထုတ်လိုက်သလိုရှိမယ်။ တင်းမာတဲ့အဆင့် (Tonic Phase) လို့ခေါ်တယ်။ ဒီနောက်တော့ ခြေလက်ကြွက်သားတွေ အပြင်းကွေးကောက်လှုပ်ရှားမယ်။ ပါးစပ်က အမြှုပ်တစီစီထွက်လာမယ်။ တုန်ခါလှုပ်ရှားတဲ့အဆင့် (Clonic Phase) လို့ ခေါ်ပါတယ်။ ပြီးရင် အချိန်အတော်ကြာ သတိမေ့နေမယ်။ သတိရလာတဲ့အခါ လူနာက ယောင်ကတမ်းဖြစ်နေတတ်တယ်။ အကြီးစားအတက်ရောဂါရှင် လူနာအတက်ရနေတာကို မြင်တွေ့ရရင် လူတွေက ကြောက်ရွံ့တတ်တယ်။ ဝက်ရူးပြန်တယ်လို့ ခေါ်ဆိုကြတယ်။ နတ်ပူးနေတာ၊ သရဲပူးနေတာလို့လည်း ယုံကြည်ကြတယ်။ ဒါကြောင့် အတက်ရောဂါလူနာ လိုအပ်တဲ့ ကုသမှုကို မရရှိနိုင်တာရှိပါတယ်”

ဆေးကျောင်းသူဘီက နှိုက်နှိုက်ချွတ်ချွတ်မေး မြန်းပါတယ်။

“အခုအထိ ဒေါက်တာအုန်းပြောခဲ့တာက အတက်ရောဂါလူနာ တက်နေတဲ့အချိန် (Seizure Episode)မှာ စိတ်ရောဂါနဲ့ မှားတတ်တယ်လို့ ဆိုလိုတာမဟုတ်ဘူးလား။ အတက်ရောဂါရနေတဲ့အချိန် မဟုတ်ဘဲ ကြားကာလမှာ စိတ်ရောဂါ ပူးတွဲဖြစ်ပွားနိုင်သလား”

“မေးသင့်မေးထိုက်တဲ့ မေးခွန်းပါ။ အတက်ရောဂါရှိသူတွေထဲမှာ စိတ်ရောဂါအမျိုးမျိုး ပူးတွဲဖြစ်ပွားတာကို တွေ့ရှိရပါတယ်။ ဖြစ်ပွားမှုနှုန်းကလည်း လူထုထဲမှာ ဖြစ်ပွားမှုနှုန်းထက် များပြားပါတယ်။

အတက်ရောဂါ လူနာတွေထဲမှာ တွေ့ရှိရတဲ့ စိတ်ကျန်းမာရေးချို့ယွင်းရောဂါတွေကို ပြောပြမယ်။ စိုးရိမ်စိတ်လွန်ကဲရောဂါ (၂၂ ရာခိုင်နှုန်း)၊ စိတ်ကျရောဂါ (၁၇ ရာခိုင်နှုန်း)၊ စိတ္တဇရောဂါ (Psychosis) (၂ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်း)၊ အာရုံစိုက်မှု ချို့ယွင်းလှုပ်ရှားမှုလွန်ကဲရောဂါ (၂၅ ရာခိုင်နှုန်း) ဖြစ်ပါတယ်။ ဦးနှောက်နားထင်ပိုင်း အတက်ရောဂါ (TLE) လူနာတွေထဲမှာ စိတ်ရောဂါဖြစ်ပွားနှုန်းက ပိုမိုများပြားပါတယ်။ လေ့လာချက်တစ်ခုမှာ စိတ်ကျရောဂါ (၅၈ ရာခိုင်နှုန်း)၊ အကြောက်လွန်စိုးရိမ်စိတ်လွန်ရောဂါ (၃၂ ရာခိုင်နှုန်း)နဲ့ စိတ္တဇရောဂါ (၁၃ ရာခိုင်နှုန်း) ဖြစ်တယ်”

ဆေးကျောင်းသူဘီက ထပ်ဆင့်မေးပါတယ်။

“အတက်ရောဂါလူနာတွေထဲမှာ စိတ်ရောဂါ ဖြစ်ပွားမှုနှုန်းများတာ ဘာကြောင့်လဲ”

“အကြောင်းရင်းအမျိုးမျိုး ရှိနိုင်ပါတယ်။ (က) အတက်ရောဂါဆိုတာ ဦးနှောက်ထဲမှာ ရုပ်ချို့ယွင်းမှုတစ်ခုခုရှိလို့ ဖြစ်ပွားတာပါ။ အဲဒီချို့ယွင်းမှုက စိတ်ရောဂါကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းလည်း ဖြစ်နိုင်တယ်။ (ခ) အတက်ရလာစအချိန်မှာ ခံစားရတဲ့ လက္ခဏာ (Aura)ကို အဓိပ္ပာယ်အယူလွဲပြီး ယုံမှားမှုလွန်ကဲစိတ် ဖြစ်ပေါ်လာနိုင်တယ်။ စိတ္တဇရောဂါ ထပ်ဆင့်ပေါ်ပေါက်လာမယ်။ ဒါကြောင့် ဦးနှောက်နားထင်ပိုင်း အတက်ရောဂါ (TLE)မှာ စိတ်ကစဉ့်ကလျား စိတ္တဇရောဂါနဲ့ ဆင်တူတဲ့ စိတ်ရောဂါရရှိလာတာ တွေ့ရပါတယ်။ (ဂ) အတက်ရောဂါကို ကုသမှုမခံယူလို့ အကြိမ်ကြိမ်တက်နေတာရှိရင် ဦးနှောက်ဒဏ်ရာရရှိလာမယ်။ အဲဒီတော့ စိတ်ရောဂါဖြစ်ပွားဖို့ အလားအလာများလာမယ်။ (ဃ) အတက်ရောဂါရှင်ကို ပတ်ဝန်းကျင်က ခွဲခြားဆက်ဆံတာ ရှိမယ်။ နှိမ့်ချပြောဆိုတာ၊ ပုတ်ခတ်ပြောဆိုတာတွေကို ခံစားရတာ ရှိနိုင်တယ်။ လူနာနဲ့ မပတ်သက်ချင်သလို အပြုအမူကိုလည်း ရင်ဆိုင်ရတတ်တယ်။ “ဝက်ရူးပြန်ရောဂါ”ရှိရင် ရှက်စရာကောင်းတယ်ဆိုတဲ့ Stigma အယူအဆကို ပြောတာပါ။ ဒါကြောင့် အတက်ရောဂါလူနာတွေက လူမှုရေးအခက်အခဲ အမျိုးမျိုးနဲ့ သူများတွေထက်ပိုပြီး ရင်ဆိုင်ကြရတယ်။ စိတ်ဖိစီးမှုဒဏ်ခံရမယ်။ (င) အတက်ရောဂါ ကုသဆေးရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် စိတ်ရောဂါလက္ခဏာ ရရှိနိုင်တာကိုလည်း သတိထားရမယ်။ ဥပမာ-Phenobarbitone ဆေးကြောင့် စိတ်ကျလက္ခဏာတွေ ဖြစ်ပေါ်လာတတ်တယ်။ Carbamazapine နဲ့ Valporate ဆေးကို ဗြုန်းကနဲရပ်လိုက်ရင် စိတ်ကျရောဂါလက္ခဏာ ပေါ်ပေါက်လာနိုင်တယ်”

ဆေးကျောင်းသားအေက စောဒကတက်ပါတယ်။

“ဒီလိုဆိုရင် တခြားအတက်ရောဂါ ကုသဆေးမျိုးကို အသုံးပြုရင် မကောင်းဘူးလား”

“သင့်တော်တဲ့ အတက်ရောဂါကုသဆေးကို ရှောင်ဖို့မလိုပါဘူး။ ဘေးထွက်ဆိုးကျိုးတွေကို သိရှိထားပြီး သတိပြုဖို့သာ လိုပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မြန်မာနိုင်ငံ၊ ဂါနာနိုင်ငံ၊ မိုဇမ်ဘစ်နိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတွေမှာ “အတက်ရောဂါကုသမှု တိုးတက်ရေးအစီအစဉ်”(Reducing Epileptic Tre-atment Gap)ကို ဆောင်ရွက်နေပါတယ်။ အဲဒီလုပ်ငန်းမှာ အသုံးပြုဖို့ ညွှန်ပြထားတဲ့ အတက်ရောဂါဆေး (၄) မျိုး ရှိတယ်။ Phenobarbitone၊ Phen-ytoin၊ Carbamazapine နဲ့ Valproate ဆေးတွေ ဖြစ်ပါတယ်။ အတက်ရောဂါကုသရာမှာ ထိရောက်မှုရှိပြီး ဈေးနှုန်းချိုသာတဲ့ ဆေးတွေဖြစ်ပါတယ်”

ဆေးကျောင်းသူဘီက လက်တွေ့ကျတဲ့ မေးခွန်းကိုမေးတယ်။

“အတက်ရောဂါရှိရင် အတက်ရစေတဲ့ လှုံ့ဆော်မှုတွေကို ပြောပြပေးပါ”

“အိပ်ရေးပျက်ခြင်း၊ ဆေးသောက်ဖို့မေ့နေခြင်း၊ ရာသီလာခြင်း၊ ဖျားနာခြင်း၊ အရက်/မူးယစ်ဆေးမူးခြင်း၊ မျက်လုံးထဲမှာ အလင်းရောင်တဖျပ်ဖျပ် ရိုက်ခတ်ခံရခြင်း၊ ကော်ဖီအသောက်များခြင်း၊ မတည့်တဲ့အစားအစာကို စားခြင်း၊ အစာခံလွန်းခြင်း၊ ပတ်ဝန်းကျင်အပူအအေးပြောင်းလဲခြင်း၊ စိတ်ဖိစီးမှုခံစားရခြင်း စတဲ့ အချက်တွေပါ။ ဆောင်သင့်၊ ရှောင်သင့်တဲ့ အချက်တွေပါ။ ပညာပေးနိုင်ပါတယ်။

ဆေးကျောင်းသူဘီက အကြံပေးပါတယ်။

“အတက်ရောဂါရှိသူတွေ စိတ်အားမငယ်အောင် ပညာပေးသင့်တာလည်း ရှိပါတယ်။ အားပေးနိုင်တယ်ပေါ့”

“ဘယ်လိုအားပေးမလဲ”

ဆေးကျောင်းသူဘီက သူကိုင်ဆောင်ထားတဲ့ စမတ်ဖုန်းထဲမှာ “ဂူဂယ်ပွတ်ပြီး”ပြောပါတယ်။

“အတက်ရောဂါရှိပေမယ့် အောင်မြင်ကျော်ကြားနေတဲ့ ပုဂ္ဂိုလ်တွေကို နမူနာပြောပြပေါ့။ ဒီထဲမှာ နမူနာဖော်ပြထားတဲ့ ပုဂ္ဂိုလ် ၁၀၈ ဦးရှိတယ်။ ပန်းချီဆရာကြီး Vincent Van Gogh၊၂၆ ယောက်မြောက် အမေရိကန် သမ္မတ Theodore Rossevelt၊ စာရေးဆရာကြီး Charles Dicken၊ အဆိုကျော် Susan Boyleနဲ့ Prince၊ ဂီတပညာရှင် Elton John၊ အိုလံပစ်တာတိုအပြေးချန်ပီယံ Florence Joyner ၊ နောက်ပြီး ပြင်သစ်စစ်ဗိုလ်ချုပ်ကြီး နပိုလီယံကိုလည်း . . . . .”

“အိုကေ၊ အိုကေ၊ ရပါပြီ”

Most Popular

Healthy Life Ad
To Top