Healthy Life Ad
Health Tips

ပန်းဂေါ်ဖီစိမ်းက နေလောင်ဒဏ်ရာနှင့် အရေပြားကင်ဆာကို ကာကွယ်နိုင်

———၊ ကိုထက် ၊———

နေပူထဲမထွက်ခင် လူအများစုက နေရောင်ခြည်နဲ့ ထိတွေ့မယ့် အသားအရေကို နေကာခရင်မ် လိမ်းလေ့ရှိကြပါတယ်။ အခုလေ့လာမှုအသစ်အရ ပန်းဂေါ်ဖီစိမ်းဟာ နေကာခရင်မ်လိုမျိုး ထိရောက်မှုရှိတယ်လို့ သိရပါတယ်။

အရေပြားအား ပန်းဂေါ်ဖီစိမ်းကို တိုက်ရိုက်သုတ်လိမ်းတဲ့အခါ အရေပြားကင်ဆာဖြစ်နိုင်ခြေကို လျှော့ချနိုင်ကြောင်း လေ့လာသူတို့က ဆိုပါတယ်။

“အရေပြားကင်ဆာကို ကာကွယ်နိုင်ပြီး လူအများ အဆင်ပြေပြေသုံးနိုင်မယ့် နည်းကို ရှာဖွေနေခဲ့ပါတယ်” လို့ အရစ်ဇိုးနား ကင်ဆာစင်တာတက္ကသိုလ် ဆေးဝါးဗေဒဌာနရဲ့ တွဲဖက်ပါမောက္ခဆယ်လီက ဆိုပါတယ်။ အခုအခါ ဆာဖိုရာဖိန်းဒြပ်ပေါင်း ပါဝင်တဲ့ ပန်းဂေါ်ဖီစိမ်းလို အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေဟာ အရေပြားကင်ဆာမဖြစ်အောင် ကာကွယ်နိုင်ကြောင်း၊ ဆာဖိုရာဖိန်းဒြပ်ပေါင်းက ကင်ဆာဖြစ်စေတဲ့ လမ်းကြောင်းကို ဟန့်တားကာ ကင်ဆာကာကွယ်တဲ့ မျိုးဗီဇကိုအားပေးကြောင်း တွေ့ရှိခဲ့ရပါတယ်။

“ဆာဖိုရာဖိန်းဒြပ်ပေါင်းက ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုကြောင့်ဖြစ်တဲ့ အရေပြားကင်ဆာကို ကာကွယ်ဖို့အတွက် အကောင်းဆုံးအရာပါပဲ..အံ့အားသင့်လောက်အောင် တခြားဆေးဖက်ဝင် ဂုဏ်သတ္တိတွေလည်း ရှိပါတယ်။ နေလောင်ဒဏ်ကို ဟန့်တားရာမှာ အလွန်အစွမ်းထက်ပြီး အရေပြားမှာ အကာအကွယ်ပေးတဲ့ အင်ဇိုင်းတွေကို တိုးပွားစေပါတယ်” လို့ ဒေါက်တာဆယ်လီက ရှင်းပြပါတယ်။

အမေရိကန်မှာ အရေပြားကင်ဆာက လတ်တလောအချိန်မှာ အဖြစ်အများဆုံး ကင်ဆာတစ်မျိုးဖြစ်ကြောင်း အမေရိကန်ကင်ဆာအဖွဲ့အစည်းက ဆိုပါတယ်။

နေရောင်ခြည်ဒဏ် အလွန်အမင်းထိတွေ့မှုက အရေပြားကင်ဆာ၊ အထူးသဖြင့် ပိုဆိုးတဲ့ အရေပြားကင်ဆာ (Malignant Melanoma) ဖြစ်စေတဲ့ အကြောင်းတစ်ခုဖြစ်တာကြောင့် အခုတွေ့ရှိမှုက အရေပြားကင်ဆာကို လျှော့ချနိုင်လိမ့်မယ်လို့ လေ့လာသူတို့က ယုံကြည်ထားကြပါတယ်။

(Ref;DM)

Most Popular

Healthy Life Ad
To Top