Healthy Life Ad
Health Tips

အသားအရေ ကြည်လင်တောက်ပအောင် ပံ့ပိုးပေးမယ့် အစားအသောက်များ

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

သင်စားသမျှ အစားအသောက်တွေက သင့်မျက်နှာမှာ အရိပ်လို ထင်ဟပ်နေပါတယ်။ နေ့စဉ် ချွေးထွက်တဲ့အထိ လေ့ကျင့်ခန်းလုပ်ပြီး စားသောက်တဲ့ အစာအာဟာရတွေက ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုရင် အသားအရေက ကြည်လင်တောက်ပနေမှာပါပဲ။

ဗာဒံစေ့

ဗာဒံစေ့မှာပါတဲ့ ဗီတာမင်အီးဟာ မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို ဓာတ်ပြယ်စေပြီး အသားအရေ ညစ်နွမ်းမှုကင်းကာ အသားအရေ ကြည်လင်လှပစေပါတယ်။ ဗာဒံစေ့မှာပါတဲ့ ဖက်တီးအက်စစ်ဟာ အသားအရေကို ဝင်းလက်စေပါတယ်။

တရုတ်ဆီးသီး

တရုတ်ဆီးသီးစားတာကြောင့် အရေးကြောင်းတွေကို ကင်းစေပါတယ်။ လူ့ခန္ဓာကိုယ်ဟာ တရုတ်ဆီးသီးမှာပါတဲ့ ဗီတာမင်အေကို ရက်တီနောဒြပ်ပေါင်းအဖြစ် ပြောင်းလဲပြီး ဆဲလ်သစ်တွေကို ထုတ်ပေးပါတယ်။ ဒီဆဲလ်တွေက အသားအရေ ချောမွေ့ကြည်လင်စေတဲ့ အတားအဆီးအဖြစ် ဆောင်ရွက်ပြီး အသက်၂၀ လောက် ပိုနုပျိုသလို ဖြစ်စေပါတယ်။

ကုလားပဲ

အရေပြားပေါ်က အမာရွတ်နဲ့ အမည်းစက်တွေ လျော့ပါးစေဖို့ ကုလားပဲဟင်းလျာကို စားပါ။ ကုလားပဲမှာပါဝင်တဲ့ ပရိုတင်းဓာတ်ဟာ တစ်သျှူးတွေ ကြီးထွားဖို့နဲ့ ပြန်လည်ပြုပြင်နိုင်ဖို့ မရှိမဖြစ် လိုအပ်တဲ့ အမိုင်နိုအက်စစ်အဖြစ် ပြောင်းလဲသွားပါတယ်။

ဂဏန်း

ဂဏန်းကို စားတာကြောင့် မျက်နှာဝက်ခြံအဖုအပိမ့်တွေကို ကင်းစင်စေပါတယ်။ အဆီအထွက်များတာဟာ ချွေးပေါက်တွေမှာ ဘက်တီးရီးယားပိတ်ဆို့မှုကို ဖြစ်စေပြီး ရောင်ရမ်းမှုနဲ့ ဝက်ခြံဖုတွေ ထွက်ရှိစေပါတယ်။ ဂဏန်းမှာပါတဲ့ ဇင့်(သွပ်)ဓာတ်ဟာ အရေပြားရောင်ရမ်းမှုကို လျော့ကျစေပြီး ဝက်ခြံကြောင့် အရေပြားထိခိုက်မှုကို လျှော့ချပေးနိုင်ပါတယ်။

လက်ဖက်စိမ်းရေနွေး

လက်ဖက်စိမ်းလက်ဖက်ရည် (Greentea) မှာပါတဲ့ အင်တီအောက်ဆီးဒင့်ဟာ အရေပြားကို တင်းရင်းလှပစေပါတယ်။ လက်ဖက်စိမ်းရေနွေးတစ်ခွက် နေ့စဉ်သောက်သူတွေဟာ အရေပြားကို တင်းအားလေးဆ ပိုလာစေပါတယ်။

လိမ္မော်သီး

မျက်ကွင်းညိုတာကြောင့် သင့်ရုပ်ကို ပိုရင့်ရော်စေပါတယ်။ လိမ္မော်သီးမှာပါတဲ့ ဗီတာမင်စီဟာ မျက်ဝန်းအိတ်ဖြစ်တာကို လျော့ကျစေပါတယ်။ ဗီတာမင်စီဟာ အရေပြားကို ထောက်ပံ့ပေးနိုင်တဲ့ ကော်လာဂျင်တွေကို သန်စွမ်းစေပြီး အရေပြားတင်းရင်းလှပစေပါတယ်။

ဆယ်လ်မွန်ငါး

အိုမီဂါ ၃ ဖက်တီးအက်စစ် ပါဝင်မှုများတဲ့ ဆယ်လ်မွန်ငါးကို စားတာကြောင့် ခြောက်သွေ့တဲ့ အရေပြားတွေကို ရေဓာတ်ပြည့်ဝစေပါတယ်။ အိုမီဂါ ၃ ဖက်တီးအက်စစ်ဟာ အရေပြားပျော့ပျောင်းနူးညံ့ဖို့အတွက် မရှိမဖြစ်အရေးပါတဲ့ ကော်လာဂျင်နဲ့ အီလက်စတင်ထုတ်လုပ်မှုကို တိုးမြင့်စေပါတယ်။

နေကြာဆီ

နေကြာဆီမှာပါတဲ့ လီနိုလိရစ်အက်စစ်ဟာ အရေပြားအပြင်လွှာကို စိုပြည်နူးညံ့မှု ဖြစ်စေပါတယ်။ ဟင်းရွက်သုပ်ကို နေကြာဆီဆမ်းပြီး စားပေးပါ။

အခွံချွတ်မထားသော ကောက်နှံစာ

အခွံချွတ်မထားတဲ့ ကောက်နှံစာမှာပါတဲ့ နိုင်ယာစင်ဟာ ဝက်ခြံ၊ အရေပြား နီမြန်းမှုစတဲ့ အပြစ်အနာအဆာတွေကို လျော့ပါးစေပြီး ရောင်ရမ်းမှုဖြစ်စေတဲ့ အရာတွေကို ဟန့်တားပေးနိုင်စွမ်း ရှိပါတယ်။

Most Popular

Healthy Life Ad
To Top