Healthy Life Ad
Life Style

ဆံပင်အဖျားနှစ်ခွ ဖြစ်နေသလား . .

———၊ လရိပ်မေ ၊———

ဆံပင်သားကို အရောင်ဆိုးဆေး၊ အရောင်ချွတ်ဆေး၊ ဆံပင်လိမ်းဂျဲလ်၊ ဆံပင်ဖျန်းစပရေးနဲ့ ဆံပင်လေမှုတ်စက် စတာတွေ ထိတွေ့မှုကြောင့် ဆံပင်သားခြောက်သွေ့ပျက်စီးမှု ဖြစ်စေရုံသာမက ဆံပင်အဖျား နှစ်ခွကွဲတာကိုလည်း ဖြစ်စေနိုင်ပါတယ်။

ဦးရေပြားကို ပုံမှန်နှိပ်နယ်ပြီး ရေနွေးငွေ့ပေးပါ

ဦးရေပြားကို အုန်းဆီ၊ သံလွင်ဆီနဲ့ မုန်ညင်းဆီတို့လိမ်းပြီး တစ်ပတ်နှစ်ကြိမ် အနည်းဆုံး ၁၀-၁၅ မိနစ်ခန့် နှိပ်နယ်ပေးပါ။ လိမ်းပြီးနောက် အချိန် ၅-၇ မိနစ်ကြာ ဆံပင်သားကို ရေနွေးငွေ့နဲ့ ပေါင်းခံပေးပါ။ ဒါဆိုရင် ဆံပင်သားထဲကို အဆီဝင်ရောက်မှုကောင်းစေပြီး ဆံပင်သားအရင်းနေရာမှာ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ဆံပင်သား စိုပြည်စေတဲ့အတွက် ဆံပင်အဖျားနှစ်ခွကွဲတာကို လျော့ပါးစေပါတယ်။

ဆံပင်ကို လေပြင်းပြင်း တိုက်ခတ်မှုမရှိစေရန် ကာကွယ်ပါ

ဖြစ်နိုင်ရင် လေပြင်းပြင်း တိုက်ခတ်တဲ့နေရာကို မသွားပါနဲ့။ သွားမယ်ဆိုရင် အနည်းဆုံး ပဝါစည်းနှောင်ထားသင့်ပါတယ်။ နေပူထဲသွားမယ်ဆိုရင် ထီးကို အမြဲဆောင်းသင့်ပါတယ်။

ဆံပင်ကို ခပ်ပြင်းပြင်း မပွတ်သပ်သင့်ပါ

ခေါင်းလျှော်ပြီးနောက် ချက်ချင်း ခေါင်းမဖြီးပါနဲ့။ ပဝါနဲ့ ခပ်ကြမ်းကြမ်းသုတ်တာကိုလည်း ရှောင်ပါ။ ဒီနည်းတွေက ဆံပင်အဖျားနှစ်ခွ ကွဲစေနိုင်ပါတယ်။

ဆံပင်အဖျားနှစ်ခွ ကွဲခြင်းအတွက် ပေါင်းတင်နည်း

ဆံပင်အရင်းနေရာကို ကြက်ဥ/ဘဲဥ အကာတစ်လုံး၊ သံပရာရည် ထမင်းစားဇွန်းနှစ်ဇွန်း၊ မုန်ညင်းဆီ ထမင်းစားဇွန်းတစ်ဇွန်း ဒါမှမဟုတ် သံလွင်ဆီကိုထည့်ပြီး လိမ်းကာနှိပ်နယ်ပေးပါ။ အချိန်တစ်နာရီအကြာမှာ ခေါင်းလျှော်လိုက်ရင် ဆံပင်သားကို နူးညံ့ပျော့ပျောင်းစေပါတယ်။

သင့်တော်သော အာဟာရ

အာဟာရပြည့်ဝတဲ့ အစာဟာ ဆံပင်အဖျားနှစ်ခွကွဲတာကို သက်သာစေပါတယ်။ သင်စားတဲ့အစာမှာ ဗီတာမင်အေ၊ဘီနဲ့ဒီ၊ပရိုတင်းနဲ့ ကယ်လ်စီယမ် ပါဝင်စေဖို့ နွားနို့၊ ဒိန်ခဲ၊ ဒိန်ချဉ်၊ ပဲပုပ်စေ့၊ သစ်သီး၊ ဟင်းရွက်စိမ်း စတာတွေကို ထည့်စားသင့်ပါတယ်။ ရေကိုလည်း များများသောက်ပါ။

ခေါင်းဖြီးခြင်း

အိပ်ရာမဝင်ခင် ခေါင်းဖြီးပါ။ ဒီနည်းလမ်းဟာ ဦးရေပြားရှိ အဆီဂလင်းက အဆီထွက်ရှိအောင် လှုံ့ဆော်ပေးပါတယ်။ ဆံပင်အဖျားကို မကြာခဏ တိပေးသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top