Healthy Life Ad
Health Tips

ဆီးအရောင် ပုံမှန်မဟုတ်ဘဲ ပြောင်းလဲနေလျှင်

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

ပုံမှန်ဆီးအရောင်ဟာ အဝါဖျော့ရောင်ကနေ ပယင်းရောင်အထိ ဖြစ်တတ်ပါတယ်။ ဆီးအရောင်က အမြဲတမ်းတော့ ပုံမှန်မဖြစ်တတ်ပါဘူး။ သောက်တဲ့ ဗီတာမင်ဘီ ဆေးပြားတွေကြောင့်လည်း ဆီးအရောင်ဟာ အစိမ်းရောင်သန်းသလို ထင်ရစေပြီး မုန်လာဥနီစားတာများရင်လည်း အဝါရောင်သမ်းနေတတ်ပါတယ်။ ဆီးအရောင်ပြောင်းလဲမှု အများစုဟာ အန္တရာယ်မရှိတတ်သလို စားတဲ့အစားအစာ၊ ဆိုးဆေး၊ ဖြည့်စွက်ဆေးနဲ့ ဆရာဝန်ညွှန်ကြားတဲ့ တခြားဆေးဝါးတွေကြောင့် ယာယီပြောင်းလဲတာမျိုး ဖြစ်တတ်ပါတယ်။ ယေဘုယျအားဖြင့် ပုံမှန်မဟုတ်တဲ့ ဆီးအရောင်ပြောင်းလဲတာဟာ ကူးစက်ပိုးဝင်တာ ဒါမှမဟုတ် ပြင်းထန်ဆိုးရွားတဲ့ နာမကျန်းဖြစ်တာတွေနဲ့ ဆက်စပ်နေတတ်ပါတယ်။ ဒါကြောင့် စားတဲ့အစားအသောက်၊ ဆေးဝါးတွေနဲ့ ဆက်စပ်မှုမရှိဘဲ ဆီးအရောင်ပြောင်းလဲနေရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

ဆီးအရောင် ပြောင်းလဲရသော လက္ခဏာရပ်များ

ပုံမှန်ဆီးအရောင်ဟာ သောက်သုံးတဲ့ရေပမာဏပေါ် မူတည်ပြီး ပြောင်းလဲမှုရှိနေပါတယ်။ အရည်ဟာ ဆီးထဲက အဝါရောင်ခြယ်ပစ္စည်းကို အားပျော့သွားစေတာကြောင့် သင့်အနေနဲ့ ရေများများသောက်လေလေ၊ ဆီးအရောင်က ကြည်လင်လေလေပါပဲ။ ရေသောက်နည်းတာနဲ့ အလွန်အမင်း ရေဓာတ်ခမ်းခြောက်တာတွေကြောင့် ဆီးအရောင်ဟာ ရင့်တတ်ပါတယ်။ ဒါက ပုံမှန်ဆီးအရောင် ပြောင်းလဲမှုပါ။ ပုံမှန်မဟုတ်ဘဲ ဆီးလမ်းကြောင်း ပိုးဝင်တာကြောင့် ဆီးအရောင်ပြောင်းလဲတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်တာကြောင့် ဆီးအရောင်ပြောင်းရင် အောက်ပါလက္ခဏာတွေလည်း ခံစားရတတ်ပါတယ်။

• ဆီးသွားချင်စိတ် ပြင်းပြလွန်းခြင်း၊

• မကြာခဏ ဆီးသွားခြင်း၊

• ဆီးသွားရင်း ပူစပ်ပူလောင်ခံစားရခြင်း၊

• ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ချွေးထွက်ခြင်း၊

• ဗိုက်အောင့်ခြင်း၊

• ဆီးအနံ့ပြင်းလွန်းခြင်း

ဆရာဝန်နှင့် ပြသသင့်သည့်အချိန်

ဆရာဝန်နဲ့ ချက်ချင်းတွေ့ဆုံသင့်တဲ့ လက္ခဏာရပ်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ဆီးထဲ သွေးပါတာကို မြင်နေရရင်

အစားအသောက်၊ ဆေးဝါး၊ အားဖြည့်ဆေးနဲ့ ဆိုးဆေးစတာတွေနဲ့ ဆက်စပ်မှုမရှိဘဲ ဆီးအရောင်ပြောင်းလဲနေရင်

ဆီးအရောင်က အညိုရင့်ရောင်ဖြစ်နေရင်၊ အထူးသဖြင့် ဝမ်းအရောင်ဖျော့ပြီး အသားအရေနဲ့ မျက်စိပါဝါနေရင်

ဆီးအရောင်ပြောင်းလဲရသော အကြောင်းရင်းများ

ဆီးဆိုတာ ကျောက်ကပ်ရှိ သွေးကနေ စစ်ထုတ်လိုက်တဲ့ စွန့်ပစ်ပစ္စည်းတွေနဲ့ အပိုရေတွေနဲ့ လုပ်ထားတာ ဖြစ်ပါတယ်။ ပုံမှန်မဟုတ်တဲ့ ဆီးအရောင်တွေဟာ အောက်ပါအခြေအနေတွေနဲ့ ဆက်စပ်နေနိုင်ပါတယ်။

ဆီးက အနီရောင် သို့မဟုတ် ပန်းရောင်သမ်းနေလျှင်

ဆီးအရောင်က နီနေရင် ဒါမှမဟုတ် ပန်းရောင်ဖြစ်နေရင် အောက်ပါတို့ကြောင့် ဖြစ်နိုင်ပါတယ်။

သွေး – သွေးနီဆဲလ်တွေ ပါရှိတာကြောင့် ဆီးအရောင်က နီတတ်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်တာ၊ ဆီးကျိတ်ကြီးတာ၊ ဆီးကျောက်တည်တာ၊ ကျောက်ကပ်ရောဂါ၊ ကျောက်ကပ်ကင်ဆာနဲ့ ဆီးအိတ်ကင်ဆာ စတာတွေကြောင့် ဆီးအရောင်နီတတ်ပါတယ်။ အစားအစာ – ဘလက်ဘယ်ရီသီး၊ ဥနီ (Beetroot) စတာတွေ အစားများတာကြောင့်လည်း ဆီးအရောင်နီတာ၊ ပန်းရောင်သမ်းတာတွေ ဖြစ်တတ်ပါတယ်။ ဆေးဝါးများ – တချို့ဝမ်းနုတ်ဆေးတွေနဲ့ ဆရာဝန်ညွှန်ကြားတဲ့ ဆေးဝါးတွေကြောင့်လည်း ဆီးအရောင်နီနိုင်ပါတယ်။ အဆိပ်များ- ခဲ၊ ပြဒါးစတာတွေနဲ့ တာရှည်ထိတွေ့ရကာ အဆိပ်သင့်တာကြောင့် ဆီးအရောင်နီတတ်ပါတယ်။

ဆီးက အပြာရောင် သို့မဟုတ် အစိမ်းရောင် သမ်းနေလျှင်

အစားအစာ – ရေကညွတ်လို အစားအစာကြောင့် ဆီးအရောင်စိမ်းနိုင်သလို အနံ့လည်း စူးရှတတ်ပါတယ်။

ဆေးဝါး- မာလ်တီဗီတာမင်လို အားဆေးနဲ့ တခြားဆေးတွေကြောင့် ဆီးအရောင်ဟာ ပြာတတ်၊ စိမ်းတတ်ပါတယ်။

ကျန်းမာရေးအခြေအနေ – မျိုးရိုးလိုက်တဲ့ သွေးတွင်းကယ်လ်စီယမ်များတဲ့ အခြေအနေကြောင့် ကလေးတွေမှာ ဆီးအရောင်ပြာတတ်ပါတယ်။

ဆီးက လိမ္မော်ရောင်သမ်းနေလျှင်

အစားအသောက်နှင့် ဖြည့်စွက်ဆေး – ဗီတာမင်စီ ပါဝင်တဲ့ အစားအစာ၊ မုန်လာဥနီနဲ့ မုန်လာဥနီဖျော်ရည်တွေကြောင့် ဆီးအရောင်ဟာ လိမ္မော်ရောင် ပြောင်းတတ်ပါတယ်။ လက်ဖဝါးတွေ၊ ခြေဖဝါးတွေပါလိုက်ပြီး ဝါနေတတ်ပါတယ်။

ဆေးဝါးများ- ပဋိဇီဝပိုးသတ်ဆေးတချို့၊ သွေးကျဲဆေးစတာတွေကြောင့် ဆီးအရောင်က လိမ္မော်ရောင် ပြောင်းတတ်ပါတယ်။

ရေဓာတ်ခမ်းခြောက်ခြင်း – အရည်ကို နည်းနည်းပဲသောက်တာကြောင့် ဆီးအရောင်ရင့်နိုင်ပါတယ်။

ဆီးက အနက်ရင့်ရောင် သို့မဟုတ် လက်ဖက်ရည်ကြမ်းရောင် သမ်းနေလျှင်

အစားအစာ – ရှားစောင်းလို အစားအသောက်တွေကို ပမာဏအများကြီး စားတာကြောင့် ဆီးအရောင် ညိုမည်းနေနိုင်ပါတယ်။

ဆေးဝါး – ငှက်ဖျားရောဂါကုသဆေး၊ ပဋိဇီဝပိုးသတ်ဆေးတချို့ စတာတွေကြောင့် ဆီးအရောင်မည်းနိုင်ပါတယ်။

ကျန်းမာရေးအခြေအနေ – အသည်းရောဂါတချို့၊ အထူးသဖြင့် အသည်းရောင်တာ၊ အသည်းခြောက်တာ စတာတွေကြောင့် ဆီးအရောင် ရင့်နိုင်ပါတယ်။ ကျောက်ကပ်တွင်း သွေးကြောအစုရောင်ရမ်းတဲ့ ရောဂါရှိတာကြောင့် ကျောက်ကပ်ရဲ့ အရည်နဲ့ အညစ်အကြေးစွန့်ထုတ်နိုင်စွမ်း လျော့နည်းကာ ဆီးအရောင် ရင့်တတ်ပါတယ်။

ဆီးအရောင် နောက်ကျိရင်

ဆီးလမ်းကြောင်းပိုးဝင်တာနဲ့ ဆီးကျောက်တည်တာတွေကြောင့် ဆီးအရောင်က နောက်ကျိတာမျိုး ဖြစ်တတ်ပါတယ်။

ဆီးအရောင် ပြောင်းလဲနိုင်ခြေများသူများ

ဆီးအရောင် ပြောင်းလဲမှုကိုဖြစ်စေတဲ့ ကျန်းမာရေးအခြေအနေတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

အသက်အရွယ် – အသက် ၅၀ ကျော်သူ အမျိုးသားအများစုဟာ ဆီးကျိတ်ကြီးတာကြောင့် ဆီးထဲသွေးပါနိုင်ပါတယ်။

လိင်အမျိုးအစား – အမျိုးသမီးတစ်ဝက်ကျော်က တစ်ချိန်မှာ ဆီးလမ်းကြောင်းပိုးဝင်တတ်ကာ ဆီးအရောင် ပြောင်းတတ်ပါတယ်။ အမျိုးသားတွေကတော့ ဆီးကျောက်တည်တာ အဖြစ်ပိုများပါတယ်။

လတ်တလော ကူးစက်ပိုးဝင်ခြင်း- ဘက်တီးရီးယား ဒါမှမဟုတ် ဗိုင်းရပ်စ်ပိုးဝင်ပြီးနောက် ကျောက်ကပ်ရောင်ရမ်းတာဟာ ကလေးတွေမှာ ဆီးထဲသွေးပါစေနိုင်ပါတယ်။

မျိုးရိုး – ကျောက်ကပ်ရောဂါနဲ့ ကျောက်ကပ်ကျောက်တည်တဲ့ မျိုးရိုးရှိသူတွေမှာ ဆီးထဲသွေးပါတာ အဖြစ်များပါတယ်။

ကာကွယ်မှု

ဆီးလမ်းကြောင်းပိုးဝင်ခြင်း ကင်းဝေးစေရန်

ရေများများသောက်ပါ။

ဆီးသွားချင်စိတ်ရှိတိုင်း ဆီးသွားပါ၊ Sex ကိစ္စပြီးတိုင်း ဆီးသွားပါ။

ဆီးသွားပြီးတဲ့အခါ အရှေ့ဘက်မှ အနောက်ဘက်ကို သုတ်ပါ။

အလွန်အနံ့မွှေးလွန်းတဲ့ မိန်းမကိုယ်သုံး သန့်ရှင်းရေးပစ္စည်းတွေကို ရှောင်ပါ

ကျောက်ကပ်ကျောက်တည်ခြင်း ကင်းဝေးစေရန်

ရေများများသောက်ပါ။

ဆား၊ အသားဓာတ်နဲ့ ဟင်းနုနယ်ရွက် စတာတွေကို ထိန်းချုပ်ပြီးစားပါ။

ဆီးအိတ်ကင်ဆာ သို့မဟုတ် ကျောက်ကပ်ကင်ဆာ ကင်းဝေးစေရန်

ဆေးလိပ်မသောက်ပါနဲ့။

အဆိပ်ရှိဓာတုပစ္စည်းတွေနဲ့ ထိတွေ့မှုမရှိအောင် ရှောင်ပါ။

ရေများများသောက်ပါ။

ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းပါ။ ကျန်းမာရေးနဲ့အညီစားပါ။ လေ့ကျင့်ခန်းလုပ်ပါ။

Most Popular

Healthy Life Ad
To Top