Healthy Life Ad
Health Tips

အစာအိမ်ကင်ဆာ နောက်ဆုံးအဆင့် ခံစားနေရသူ၏ ဖခင်က အစားအသောက်သင်ခန်းစာများ မျှဝေ

———၊ ကိုထက် ၊———

ကွမ်ဇူးမှ အသက် ၂၇ နှစ်အရွယ် ဇိုဂျန်အမည်ရှိ မိန်းကလေးဟာ တစ်လကျော်ကြာ အဆက်မပြတ် ဝမ်းဗိုက်နာကျင်မှုဝေဒနာကို ခံစားနေခဲ့ရတယ်လို့ ဖူဂျင်းသတင်းအရ သိရပါတယ်။ ဒါကြောင့် အစာအိမ်အူလမ်းကြောင်းစင်တာကို သွားရောက်ခဲ့ပြီး စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

“အစာအိမ်မှန်ပြောင်းကြည့် စစ်ဆေးမှုကို ပြုလုပ်ခဲ့တဲ့အခါ သူ့မှာ နောက်ဆုံးအဆင့် အစာအိမ်ကင်ဆာ ခံစားနေရပြီး အစာအိမ်တစ်ခုလုံး ထိခိုက်နေကြောင်း တွေ့လိုက်ရလို့ စိုးရိမ်သွားခဲ့ပါတယ်။ ဖြစ်တဲ့အစာအိမ်ကင်ဆာကလည်း အလွန်အဆင့်မြင့်နေပါတယ်”လို့ ဒေါက်တာချမ်းက ဆိုပါတယ်။

ဇိုဂျန်ရဲ့ ဖခင်ဖြစ်သူက အလွန်အမင်း ဝမ်းနည်းကာ နောင်တရတယ်လို့ ဆိုပါတယ်။ သူ့သမီး ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေ မစားအောင် အကြံမပေးနိုင်ခဲ့ကြောင်း သူကဆိုပါတယ်။ ညတိုင်းလိုလို ဇိုဂျန်ဟာ ကွန်ပျူတာကို ညဘက်ညဉ့်နက်တဲ့အထိ သုံးခဲ့ပြီး အပြင်စာတွေကို ပုံမှန်မှာစားကြောင်း၊ အထူးသဖြင့် အကင်စာနဲ့ ခေါက်ဆွဲခြောက်တွေ အများအပြား စားလေ့ရှိကြောင်း ဖခင်ဖြစ်သူက ပြောပြခဲ့ပါတယ်။

“ဇိုဂျန်လို အစာစားတဲ့ အကျင့်ရှိသူ မိန်းကလေးအတော်များများကို ကျွန်တော်တို့ တွေ့ဖူးပါတယ်။ ဒီအကျင့်ဆိုးတွေက အစာအိမ်ကင်ဆာဖြစ်စေတဲ့ အဓိကအကြောင်းရင်း မဟုတ်ပေမယ့် ဒါတွေက အစာအိမ်ရောဂါဝေဒနာ ဖြစ်စေတဲ့ အဓိကအချက်တော့ ဟုတ်ပါတယ်”လို့ ဒေါက်တာချမ်းက ဆိုပါတယ်။

တိုကျိုတက္ကသိုလ်မှ အစာအိမ်ကင်ဆာရှိသူ လူနာတွေကို လေ့လာမှုအရ လူဦးရေ ၃၈ ဦးကျော်ဟာ အလွန်နောက်ကျစွာ အစာစားလေ့ရှိကြောင်း ဒါမှမဟုတ် အချိန်မှန်စားလေ့မရှိကြောင်း လေ့လာသိရှိရပါတယ်။ ညဘက် အစာစားတာက ညဉ့်နက်တဲ့အထိ မအိပ်ဘဲနေတဲ့အချက်လည်း ဖြစ်နေပါတယ်။

မကြာခဏဆိုသလို ညဉ့်နက်တဲ့အထိ မအိပ်ဘဲနေတာ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်မှု အကျင့်ရှိတာတွေက အစာအိမ်ကင်ဆာဖြစ်နိုင်ခြေ များစေတဲ့ အချက်တွေပါ။

ရေရှည်အစာအိမ်ရောဂါရှိသူတွေမှာ အကင်စာစားခြင်း၊ ပူစပ်လွန်းတဲ့ အစားအသောက်တွေကို စားသောက်ခြင်း၊ ကော်ဖီ၊ လက်ဖက်ရည်လို လှုံ့ဆော်ပေးတဲ့ အရည်တွေသောက်ခြင်း၊ ဟင်းသီးဟင်းရွက် မစားခြင်း/အစားနည်းခြင်း စတဲ့အကျင့်ရှိသူတွေ ဖြစ်နေတတ်ပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်တာနဲ့ အရက်သောက်တာ၊ အချဉ်တည်ထားတဲ့ သနပ်တွေ၊ ဆီကြော်စာတွေလို အစားအသောက်တွေ စားသောက်တာကလည်း အစာအိမ်ကင်ဆာဖြစ်နှုန်းကို မြင့်တက်စေနိုင်ပါတယ်။

(Ref;freedy.com 4-3-19)

Most Popular

Healthy Life Ad
To Top