Healthy Life Ad
Health Tips

အတက်ရောဂါနှင့် စိတ်ကျန်းမာရေး

—–၊ ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား) ၊—–

ကမ္ဘာတစ်ဝန်းလုံးမှာ အတက်ရောဂါ ခံစားနေရသူ သန်းပေါင်း ၅၀ ကျော်ရှိပါတယ်။ လူဦးရေ ၁၀ဝ မှာ အတက်ရောဂါ ခံစားနေရသူ တစ်ယောက်နှုန်း ရှိပါတယ်။ လူဦးရေတစ်သိန်းမှာ တစ်နှစ်အတွင်း အတက်ရောဂါ စတင်ခံစားရသူ “ဝေဒနာရှင်အသစ်” က ၃၀ မှ ၅၀ အထိ ရှိပါတယ်။ အတက်ရောဂါရှိသူ ၄၀ရာခိုင်နှုန်းက ကလေးသူငယ်တွေ ဖြစ်တယ်။ ၃၀ ရာခိုင်နှုန်းက အရွယ်ရောက်ပြီးသူ လူကြီးတွေဖြစ်ပြီး ၂၀ မှ ၃၀ ရာခိုင်နှုန်းက သက်ကြီးရွယ်အိုတွေ ဖြစ်ပါတယ်။ အတက်ရောဂါရှိသူတွေ အားလုံးရဲ့ ၈၀ ရာခိုင်နှုန်းကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်စ နိုင်ငံတွေမှာ တွေ့ရှိရပါတယ်။ (WHO 2018)။ စီးပွားရေးမဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေမှာ အတက်ရောဂါရှိသူ ၇၅ ရာခိုင်နှုန်းက ကုသမှုမခံယူရဘူးလို့ သိရတယ်။ မြန်မာနိုင်ငံမှာ အတက်ရောဂါ ခံစားနေရသူ ၅ သိန်းကျော် ရှိပါတယ်။ အတက်ရောဂါရှင် ၉၅ ရာခိုင်နှုန်းက လိုအပ်တဲ့ ကုသမှု မရရှိသေးကြောင်း တွေ့ရှိရပါတယ်။ (WHO Myanmar 2018)။ ဒါကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ပူးပေါင်းပြီး အတက်ရောဂါကုသမှု တိုးတက်မြင့်မားရေး အစီအစဉ်ကို ၂၀၁၃ ခုနှစ်မှ စတင်ပြီး မြို့နယ်အလိုက် ချမှတ်ဆောင်ရွက်နေပါတယ်။ (Myanmar Times 24-09-2018)။

အတက်ရောဂါကို ထိထိရောက်ရောက် ကုသပေးရင် ၇၀ ရာခိုင်နှုန်းကျော် သက်သာပျောက်ကင်းနိုင်ပါတယ်။ အတက်ရောဂါကို ကုသမှုမပေးရင်၊ တက်တဲ့အကြိမ်ကို ထိန်းချုပ်မပေးနိုင်ရင် ဦးနှောက်ပျက်စီးလာနိုင်တယ်။ စိတ်ကျန်းမာရေး ချို့ယွင်းလာနိုင်ပါတယ်။ အတက်ရောဂါရှင်တွေထဲမှာ စိတ်ကျန်းမာရေးချို့ယွင်းသူ၊ စိတ်ရောဂါရရှိလာသူ ၃၀ ရာခိုင်နှုန်းကျော်ရှိကြောင်း လေ့လာတွေ့ရှိရတယ်။ ဒါကြောင့် အခုဆောင်းပါးထဲမှာ အတက်ရောဂါနဲ့ ဆက်စပ်နေတဲ့ စိတ်ကျန်းမာရေး ချို့ယွင်းမှုတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံရှိ တောင်ဘက်ပိုင်း ဘုရင်မပြည်နယ်တက္ကသိုလ် (USQ)က နောက်ဆုံးနှစ် ဆေးကျောင်းသားတွေကို “ကျူတိုရီယယ်” ပေးနေပါတယ်။

“ဒီနေ့ အတက်ရောဂါနဲ့ စိတ်ကျန်းမာရေးအကြောင်းကို ဆွေးနွေးကြမယ်”

ဆေးကျောင်းသားအေက စတင်မေးမြန်းပါတယ်။

“အတက်ရောဂါအမျိုးမျိုးကို ခွဲခြားထားပုံက နားရှုပ်စရာကြီးပါ ဒေါက်တာအုန်း။ အတက်ရောဂါအကြောင်း နည်းနည်းရှင်းပြပါ”

“အတက်ရောဂါဆိုတာ ဦးနှောက်ထဲမှာ မူမမှန်တဲ့ လှုံ့ဆော်မှုကြောင့် ဖြစ်ပွားတဲ့ ရောဂါပါ။ အတက်ရောဂါ အမျိုးအစား စုစုပေါင်း ၄၀ ကျော်ရှိတယ်လို့ ဖတ်ရဖူးတယ်။ ဒါပေမဲ့ နားရှုပ်မသွားပါနဲ့။ အဓိကအားဖြင့် အတက်ရောဂါနှစ်မျိုးပဲ ရှိပါတယ်။

“အတက်ရောဂါကို ထိထိရောက်ရောက် ကုသပေးရင် ၇၀ ရာခိုင်နှုန်းကျော် သက်သာပျောက်ကင်းနိုင်ပါတယ်။ အတက်ရောဂါကို ကုသမှုမပေးရင်၊ တက်တဲ့အကြိမ်ကို ထိန်းချုပ်မပေးနိုင်ရင် ဦးနှောက်ပျက်စီးလာနိုင်တယ်။ စိတ်ကျန်းမာရေး ချို့ယွင်းလာနိုင်ပါတယ်။ အတက်ရောဂါရှင်တွေထဲမှာ” . . .

(၁) ဆုံမှတ်အတက်ရောဂါ Focal Epilepsy၊ (တချို့စာအုပ်တွေထဲမှာ ‘တစ်စိတ်တစ်ပိုင်း Partial Epilepsy လို့ခေါ်တာ တွေ့ရမယ်)နဲ့၊

(၂) အထွေထွေအတက်ရောဂါ (Generalised Epilepsy)တို့ ဖြစ်ပါတယ်”

“ ဆက်ပြီးရှင်းပြပါ”

“ဆုံမှတ်အတက်ရောဂါမှာ ဦးနှောက်အင်္ဂါတစ်နေရာက မူမမှန်တဲ့ လှုံ့ဆော်မှုတစ်ခု စတင်ဖြစ်ပေါ်တယ်။ ဒါပေမဲ့ တခြားဦးနှောက်ပိုင်းတွေကို ပျံ့နှံ့မသွားဘူး။ အဲဒီဦးနှောက်ပိုင်းရဲ့လုပ်ငန်းနဲ့သက်ဆိုင်တဲ့ လက္ခဏာတွေကိုသာ ဖော်ပြပါတယ်။

“အထွေထွေအတက်ရောဂါ’မှာတော့ မူမမှန်တဲ့ လှုံ့ဆော်မှုက ဦးနှောက်နှစ်ခြမ်းစလုံးကို ပျံ့နှံ့သွားတယ်။ ဒါကြောင့် ဦးနှောက်လုပ်ငန်းအားလုံး ချို့ယွင်းတဲ့ လက္ခဏာတွေ ဖြစ်ပေါ်လာနိုင်တယ်။ လူအများ သိရှိနားလည်နေတဲ့ အတက်ရောဂါ(ဝက်ရူးပြန်ရောဂါ)က “အထွေထွေအတက်ရောဂါ”တစ်မျိုး ဖြစ်ပါတယ်။ ဆေးပညာမှာ အဲဒီလို အထွေထွေအတက်ရောဂါကို “အကြီးစားအတက်ရောဂါ”( Grandmal Epilepsy)လို့ ခေါ်ပါတယ်။ တခြားအထွေထွေ အတက်ရောဂါတွေလည်း ရှိသေးတယ်။ ကြုံတော့မှရှင်းပြမယ်”

ဆေးကျောင်းသူဘီက ကြားဖြတ်မေးမြန်းတယ်။

“ဘယ်လိုအတက်ရောဂါမျိုးကို အများဆုံး တွေ့ရှိသလဲ”

“အတက်ရောဂါရှင်အားလုံးထဲမှာ ၆၂ ရာခိုင်နှုန်းက ဆုံမှတ်အတက်ရောဂါနဲ့ ၃၈ ရာခိုင်နှုန်းက အထွေထွေအတက်ရောဂါ ခံစားရတာကို တွေ့ရှိရတယ်။ ဒါပေမဲ့ ၁၅ နှစ်အောက် ကလေးသူငယ်တွေထဲမှာတော့ အထွေထွေအတက်ရောဂါက ၅၅ ရာခိုင်နှုန်းရှိပြီး ဆုံမှတ်အတက်ရောဂါက ၄၅ ရာခိုင်နှုန်းပဲ ရှိပါတယ်။

ဆေးကျောင်းသားအေက ‘ဆုံမှတ်အတက်ရောဂါ’(Focal/Partial Epilepsy)ကို နည်းနည်းရှင်းပြပါဦးတဲ့။

“ဆုံမှတ်အတက်ရောဂါ နှစ်မျိုးရှိပါတယ်။

(က) အသိစိတ်ကင်းကွာလစ်ဟင်းခြင်း “မရှိ” တဲ့ ဆုံမှတ်အတက်ရောဂါနဲ့

(ခ) အသိစိတ်ကင်းကွာလစ်ဟင်းခြင်း “ရှိ”တဲ့ ဆုံမှတ်အတက်ရောဂါ ဖြစ်တယ်။ အသိစိတ်ကင်းကွာ လစ်ဟင်းတယ်ဆိုတာက သတိမေ့မြောသွားတာ မဟုတ်ဘူး။ ကယောင်ကတမ်းဖြစ်သွားတဲ့ အခြေအနေကို ပြောတာပါ။

(က) အသိစိတ်ကင်းကွာ လစ်ဟင်းခြင်းမရှိတဲ့ ဆုံမှတ်အတက်ရောဂါရဲ့ လက္ခဏာတွေကို ပြောပြမယ်။ လူနာက အလိုလိုနေရင်း ဗြုန်းကနဲ ခန္ဓာကိုယ်လက္ခဏာနဲ့ စိတ်အပြောင်းအလဲ လက္ခဏာတွေကို ခံစားရတယ်။ ထုံကျဉ်ခြင်း၊ ခန္ဓာကိုယ်တစ်ခုလုံး ပူလောင်သလို ခံစားရခြင်း၊ မျက်နှာအကြောဆွဲခြင်း၊ ခြေလက်တုန်ခါခြင်း၊ မျက်နှာနီလာခြင်း ဒါမှမဟုတ် ဖြူဖပ်ဖြူရော်ဖြစ်သွားခြင်း၊ မိမိရောက်ရှိနေတဲ့ နေရာက ထူးဆန်းနေသလို ခံစားရခြင်း၊ နားထဲမှာ အသံကြားခြင်း၊ ကြောက်စိတ်ဝင်လာခြင်း၊ တစ်စုံတစ်ခုကို မြင်ယောင်ခြင်း၊ မထူးဆန်းတဲ့ အနံ့အရသာ ခံစားရခြင်း စတဲ့လက္ခဏာတွေ ဖြစ်ပါတယ်။ ဒါကြောင့် လူနာက အတက်ရောဂါလို့ မယူဆဘဲ ခန္ဓာကိုယ်ရောဂါ၊ စိတ်ရောဂါလို့ အထင်မှားနိုင်တယ်။ တစ်မိနစ်လောက်ကြာတော့ အဲဒီအတက်ရောဂါ လက္ခဏာတွေ အလိုအလျောက် ပျောက်ကင်းသွားပါတယ်”
စိတ်ရောဂါနဲ့ ပိုပြီး ဆင်တူတဲ့ အတက်ရောဂါ ရှိတယ်။

“ပြောပြပါ”

“(ခ) အသိစိတ်ကင်းကွာတဲ့ ဆုံမှတ်အတက်ရောဂါ ဖြစ်ပါတယ်။ ဆေးပညာမှာ အသိစိတ်ကင်းကွာသွားတဲ့ (Altered Awareness) ဆုံမှတ်အတက်ရောဂါကို “ထူးထွေဆန်းပြား တစိတ်တပိုင်း အတက်ရောဂါ”( Complex Partial Seizure)လို့ ခေါ်ပါတယ်။ ထူးထွေဆန်းပြား ဆုံမှတ်အတက်ရောဂါတွေထဲမှာ ဖြစ်ပွားမှုနှုန်း အများဆုံးရောဂါက “ဦးနှောက်နားထင်ပိုင်း အတက်ရောဂါ”( Temporal Lobe Epilepsy) ဖြစ်ပါတယ်”

ဆေးကျောင်းသူဘီက ကြားဖြတ်မေးမြန်းပါတယ်။

“ဦးနှောက်နားထင်ပိုင်း အတက်ရောဂါနဲ့ စိတ်ရောဂါက ဘယ်လိုဆက်စပ်မှုရှိလို့လဲ ဒေါက်တာအုန်း”

“ဦးနှောက်နားထင်ပိုင်း အတက်ရောဂါရနေတဲ့အချိန် (Seizure Episode) မှာ ဖြစ်ပျက်တဲ့ အပိုင်း ၃ ပိုင်းရှိတယ်။ တက်တော့မယ့် အရိပ်အယောင်ပြနေတဲ့အချိန် (Aura) မှာ အကြောင်းမဲ့ အလိုအလျောက် ကြောက်စိတ်ဝင်လာခြင်း ဒါမှမဟုတ် ပျော်ရွှင်မြူးထူးစိတ် ခံစားရခြင်း၊ မိမိလတ်တလော တွေ့ကြုံနေရတဲ့ အခြေအနေကို အရင်က ဒီပုံစံအတိုင်း တွေ့ကြုံဖူးသလို ခံစားရခြင်း (deja-vu)၊ ထူးဆန်းတဲ့ အနံ့၊ အရသာကို ဗြုန်းကနဲ ခံစားရခြင်း၊ ဝမ်းဗိုက်ထဲမှာ မအီမသာခံစားရခြင်း စတဲ့ လက္ခဏာတွေကို တွေ့ရှိရတယ်။ အဲဒီအဖြစ်အပျက်ကို လူနာက မှတ်မိနေရင် စိတ်ရောဂါလက္ခဏာလို့ ထင်ယောင်ထင်မှား ဖြစ်နိုင်တယ်။

အတက်ရရှိနေတဲ့အချိန် (ICTAL)မှာ တွေ့ရှိ ရတဲ့ လက္ခဏာတွေကတော့-အသိစိတ်ကင်းကွာသွားပြီး ပတ်ဝန်းကျင်ကို ပုံမှန်တုံ့ပြန်နိုင်မှု မရှိဘူး။ ကြောက်တက်တက်ဖြစ်နေမယ်၊ တစ်နေရာကို စိုက်ကြည့်နေမယ်၊ ထူးဆန်းတဲ့ အပြုအမူတွေကို ထပ်တလဲလဲ ပြုလုပ်နေတာ တွေ့ရှိရမယ်။ ဥပမာ-တစ်ခုခုကို ဝါးစားနေသလို၊ မျိုချနေသလို ပါးစပ်ကို လှုပ်ရှားနေခြင်း၊ ပစ္စည်းတစ်ခုခုကို ကောက်ယူနေသလို အကြိမ်ကြိမ်ပြုလုပ်ခြင်း၊ နှုတ်ခမ်းလှုပ်ရှားပြီး တတွတ်တွတ်ရွတ်ဆိုနေတတ်ခြင်း စတဲ့ အပြုအမူတွေဖြစ်တယ်။ အဲဒီလို ဖြစ်နေတာကို လူနာက သတိမထားမိဘူး။

တက်တဲ့အဖြစ်အပျက် ပြီးဆုံးသွားတဲ့အချိန် (Post Ictal)မှာ လူနာကကယောင်ကတမ်း ဖြစ်နေမယ်။ စကားပြောလို့ မရဘူး။ အသိစိတ်ကင်းကွာပြီး ဟိုဟိုဒီဒီ လျှောက်သွားနေမယ် (Fugue)။ အားလုံးပြီးလို့ ပြန်ပြီးအသိပြန်ဝင်လာရင် လူနာက တက်တဲ့အဖြစ်အပျက်ကို မမှတ်မိဘူး။ အရမ်းအိပ်ချင်စိတ် ရှိနေမယ်။

တက်တဲ့အချိန်က မိနစ်ဝက်မှ နှစ်မိနစ်အထိ ကြာနိုင်တယ်။

ဒါကြောင့် ဦးနှောက်နားထင်ပိုင်း အတက်ရောဂါကြောင့် ဒေါက်တာအုန်းတို့ ဆေးကုဆောင်ကို ရောက်လာတဲ့ လူနာရှိဖူးလား”

“ကြုံကြိုက်ဖူးပါတယ်။ အဲဒီလူနာက . . .”

ရှေ့တစ်ပတ် ဆက်လက်ဖတ်ရှုပါရန်

Most Popular

Healthy Life Ad
To Top