Healthy Life Ad
Q & A

နေ့စဉ် အလုပ်တစ်ခုကို စွဲစွဲမြဲမြဲ ပြုလုပ်ခြင်းကြောင့် ဖြစ်တတ်သည့် ကျန်းမာရေးပြဿနာများ

—၊ ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ် ကုသိုလ်ဖြစ်ဆေးခန်း တာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—

Q. နေ့စဉ်နေ့တိုင်းဆိုသလို ကိုယ်လုပ်နေကျ အလုပ်တစ်ခုခုကို စွဲစွဲမြဲမြဲလုပ်တာကြောင့် နောက်ဆက်တွဲဖြစ်ရတဲ့ ကျန်းမာရေးပြဿနာတွေအကြောင်း သိချင်ပါတယ် ဆရာ။

A. နေ့စဉ်နေ့တိုင်း ကိုယ်လုပ်နေကျ အလုပ်တစ်ခုခုကို မနားမနေ တာရှည်ပြုလုပ်တာကြောင့် အထူးသဖြင့် အဆစ်တွေနာကျင်ကိုက်ခဲတတ်ပါတယ်။ ဥပမာ- ဝက်အူလက်လှည့်တဲ့အလုပ်တွေကို ကြာရှည်လုပ်ရတယ်ဆိုရင် လက်အဆစ်တွေ နာကျင်တတ်တယ်၊ ပခုံးတွေ နာကျင်တတ်ပါတယ်။ နံရံကို တူထုတာပဲဖြစ်ဖြစ်၊ လွှဆွဲတာပဲဖြစ်ဖြစ် အလုပ်တစ်ခုတည်းကိုပဲ ရေရှည်အချိန်ပေးလုပ်ရတဲ့အခါ အဆစ်အမျက် ကိုက်ခဲမှုတွေ ဖြစ်တတ်ပါတယ်။ အခုနောက်ပိုင်းမှာဆိုရင် ကွန်ပျူတာသုံးသူတွေ များလာပါတယ်။ ကွန်ပျူတာကို တစ်နေကုန်အချိန်ပေးပြီး သုံးရတာကြောင့် လက်အဆစ်တွေကိုက်တာ၊ ပခုံးနဲ့ လည်ကုပ်ကြွက်သားတွေ၊ အရွတ်တွေနာကျင်တာတွေ ဖြစ်တတ်ပါတယ်။ နေ့တိုင်း ဒီအလုပ်တစ်ခုတည်းကိုပဲ ထပ်ခါထပ်ခါလုပ်ရင်းနဲ့ အဆစ်တွေ၊ ကြွက်သားတွေကို ဒဏ်ပေးသလိုဖြစ်ပြီး နာကျင်ကိုက်ခဲတတ်ပါတယ်။ တချို့ကျတော့ အလုပ်သဘောအရ အထိုင်များတယ်၊ ထိုင်တဲ့ကိုယ်ဟန်အနေအထားကလည်း မမှန်ဘူး . . ကြာလာတဲ့အခါ ခါးနာလာတတ်ပါတယ်။ တချို့လူတွေ ကားမောင်းတာ အကြာကြီးမောင်းရတာ၊ ကွန်ပျူတာကို အကြာကြီး ထိုင်ရိုက်ရတာ၊ ထိုင်ပြီးစက်ချုပ်ရတာ စတဲ့အလုပ်လုပ်ရသူတွေက နေ့စဉ်ရက်ဆက်လုပ်တဲ့အခါ ကြွက်သား၊ အဆစ်တွေကို ဒဏ်ပေးသလိုဖြစ်ပြီး နာကျင်တတ်ပါတယ်။

Q. ဒါဆိုရင် အလုပ်တစ်ခုကိုပဲ နေ့စဉ်စွဲစွဲမြဲမြဲ လုပ်ရသူတွေက နောက်ဆက်တွဲဝေဒနာမဖြစ်အောင် ဘယ်လိုနေထိုင် ပြုမူသင့်ပါသလဲ ဆရာ။

A. အလုပ်တွေကို ထိုင်ပြီးလုပ်ရသူတွေအနေနဲ့ မတ်မတ်ထိုင်ရပါမယ်၊ ပျင်းတွဲထိုင်တာ၊ မှီပြီးထိုင်တာတို့ မလုပ်ဘဲနဲ့ ကားမောင်းတဲ့အခါ၊ ကွန်ပျူတာသုံးတဲ့အခါ တတ်နိုင်သမျှ ခါးကိုမတ်မတ်ထားပြီး ထိုင်သင့်ပါတယ်။ ကွန်ပျူတာသုံးတဲ့အခါ ကွန်ပျူတာ၊ မောက်စ် စတာတွေမှာ လက်အထားအသိုတွေကလည်း မှန်ကန်နေဖို့ လိုပါတယ်။ ကွန်ပျူတာသုံးရင်း မိနစ် ၂၀ လောက်ကြာပြီဆိုရင် မျက်စိကို အနားပေးရပါမယ်။ လက်ကိုလည်း နာရီဝက်ကြာရင် အနားပေးပြီး နှိပ်နယ်ပေးရပါမယ်။ လူကလည်း ထိုင်တာများပြီဆိုတာနဲ့ မတ်တပ်ထရပ်ပြီး လမ်းလျှောက်ပေးတာ၊ အကြောလျှော့ပေးတာတွေ လုပ်ဆောင်ပေးရပါမယ်။ အထူးသဖြင့် ကိုယ်အလေးချိန်ကလည်း မများအောင် နေထိုင်ဂရုစိုက် ဆင်ခြင်သင့်ပါတယ်။

Q. တကယ်လို့ အလုပ်တစ်ခုခု စွဲစွဲမြဲမြဲလုပ်ရာက အဆစ်၊ အရွတ်နဲ့ ကြွက်သားတွေ နာကျင်နေပြီဆိုရင်တော့ သက်သာအောင် ဘယ်လိုလုပ်ဆောင်သင့်ပါသလဲ ဆရာ။

A. နာကျင်နေပြီဆိုရင် ရေနွေးအိတ်လေး ကပ်ပေးလို့ရပါတယ်။ အဆစ်နာတယ်ဆိုရင် အဆစ်ထိန်းတဲ့အစွပ်၊ ခါးနာတယ်ဆိုရင် ခါးပတ် စသဖြင့် ပတ်ထားလို့ရပါတယ်။ မသက်သာရင် လိမ်းဆေးလိမ်းသင့်ပါတယ်၊ အကိုက်အခဲပျောက်ဆေး သောက်သင့်ပါတယ်။ ဒါမှမသက်သာသေးဘူးဆိုရင်တော့ ဆရာဝန်နဲ့ပြဖို့ လိုအပ်ပါတယ်။ လိုအပ်ရင် ဆရာဝန်က ဓာတ်မှန်ရိုက်တာတွေ လုပ်ဆောင်ပေးမှာဖြစ်ပြီး အလုပ်အကိုင်ကြောင့် ဖြစ်နေတယ်ဆိုရင် ဒီအလုပ်အကိုင်နဲ့ပတ်သက်တဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို ဆရာဝန်က ညွှန်ကြားပေးမှာ ဖြစ်ပါတယ်။ လူကလည်း ထိုင်တာများပြီဆိုတာနဲ့ မတ်တပ်ထရပ်ပြီး လမ်းလျှောက်ပေးတာ၊ အကြောလျှော့ပေးတာတွေ လုပ်ဆောင်ပေးရပါမယ်။ အထူးသဖြင့် ကိုယ်အလေးချိန်ကလည်း မများအောင် နေထိုင်ဂရုစိုက် ဆင်ခြင်သင့်ပါတယ်။

Most Popular

Healthy Life Ad
To Top