Healthy Life Ad
Health Tips

စိတ်ဓာတ်ခိုင်မာပြီး မိသားစုရဲ့ဖေးမမှုသာရှိရင် ကင်ဆာကို ကျော်လွှားနိုင်ပါတယ်ဆိုတဲ့ အူမကြီးကင်ဆာ အဆင့် (၃) ကုသအောင်မြင်ထားသူ ဒေါ်အေးအေးသန့်

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

၂၀၁၆ ခုနှစ်တွင် စတင်ခံစားခဲ့ရသည့် အူမကြီး ကင်ဆာအဆင့်-၃(stage 3c) ကို ကုသအောင်မြင်ထားသူ ဒေါ်အေးအေးသန့်က အလွန်အမင်းဝမ်းချုပ်ရာမှ စတင်သတိထားမိခဲ့ကြောင်း ရောဂါသိရှိခဲ့ပုံကို ယခုလို ပြန်ပြောင်းပြောပြခဲ့သည်။

“ဒီရောဂါဖြစ်တာကို သိတာက ၁၀-၂- ၂၀၁၆ ခုနှစ်ကပါ။ ဝမ်းတအားချုပ်တာကနေ စတာ။ ဝမ်းက တဖြေးဖြေးနဲ့ လုံးဝကိုမသွားတော့တာ။ အစပိုင်းကတော့ ဝမ်းနုတ်ဆေးသောက်ရင်သွားတယ်။ ဝမ်းနုတ်ဆေးကို တဖြည်းဖြည်း တိုးတိုးသောက်လာရတယ်။ နောက်ပိုင်း ဆေးဘယ်လောက်သောက်သောက် လုံးဝကို မသွားတော့တာ။ ဗိုက်တွေလည်း အရမ်းအောင့်လာတယ်။ မြီးညောင်ရိုးတွေလည်း အရမ်းကိုကိုက်လာတယ်။ နောက်တော့ ဝမ်းသွားရင်း သွေးတွေပါလာတယ်။ အဲ့ဒါနဲ့ ဆရာဝန်နဲ့သွားပြတော့ ဆရာဝန်က သေသေချာချာစမ်းကြည့်ပြီး “ကင်ဆာဖြစ်နေပြီ။ အရမ်းအရေးကြီးနေပြီ။ ချက်ချင်းခွဲမှရမယ်”လို့ပြောပါတယ်။ ရောဂါဖြစ်တာသိသိချင်း ဆရာဝန်နဲ့ သေသေချာချာတိုင်ပင်ပါတယ်။ အစ်မအနာဖြစ်တဲ့ နေရာက အူရဲ့အောက်ဆုံးပိုင်း (မစင်အိမ်) အရမ်းရောက်နေတယ်။ အူကို အပြီး အပြင်ထုတ်ဖို့များတယ်လို့ ပြောပါတယ်။ အူကိုဖြတ်ထုတ်ပြီး အူနဲ့မစင်အိမ်ပြန်ဆက်ဖို့က ဒီမှာဆိုရင် သိပ်အဆင်မပြေနိုင်ဘူးလို့ ပြောတယ်။ အဲ့ဒါနဲ့ ဘန်ကောက်ကို လှမ်းမေးကြည့်တော့ သူတို့ဆီမှာတော့ အနာကိုခွဲထုတ်ပြီး အူကိုခဏပဲ ထုတ်ထားရမယ်။ အထဲက အနာကျက်လောက်တဲ့ အချိန်ကျရင် ပြန်ဆက်ပေးမယ်။ အူကို အပြီး အပြင်မှာထုတ်ထားစရာ မလိုဘူးဆိုလို အစ်မဘန်ကောက်မှာပဲ ခွဲစိတ်ခဲ့ပါတယ်”ကင်ဆာဟု သိသိချင်း အခြားဝေဒနာရှင် အများစုကဲ့သို့ပင် ဒေါ်အေးအေးသန့်လည်း ကြောက်စိတ်ဝင်သွားခဲ့သည်။

“ကင်ဆာရောဂါ စဖြစ်ပြီလို့ သိသိချင်း အရမ်းကို ကြောက်သွားခဲ့ပါတယ်။ ငါသေရတော့မှာပါလားဆိုပြီး ဘဝမှာ လုံးဝကိုမထင်ထား၊ မတွေးထားတဲ့ ရောဂါကြီး ကိုယ့်ခန္ဓာကိုယ်ထဲမှာ ရှိနေတယ်ဆိုတာ သိလိုက်ရတော့ အသက်ရှူမိလား၊ မရှူမိလားဆိုတာကိုတောင် မသိတော့ပါဘူး။ အစ်မအမျိုးသားက သတိပေးလိုက်တော့မှ အသိပြန်ဝင်လာပါတယ်။ ပထမဆုံး သတိရလိုက်တာကတော့ ဘုရားပါ။ “ဘုရားကယ်ပါ၊ ဘုရားကယ်ပါ” ဆိုပြီးပဲ ရွတ်နေမိပါတယ်။ နောက်တော့မှ ငါသေလို့ လုံးဝမရသေးဘူး၊ ငါဒီရောဂါကြီး ကုမှမကုသေးတာ၊ ရောဂါရှိရင် ဆေးရှိတယ်၊ ရအောင်ကိုကုကြည့်မယ်၊ သူနိုင်ကိုယ်နိုင်ကို တိုက်မယ်။ လုံးဝကိုအရှုံးမပေးဘူး။ ငါ့မိသားစုအတွက် ငါအသက်ရှင်အောင် လုပ်မယ်ဆိုတဲ့စိတ်ကို မွေးပြီး အားတင်ခဲ့တာပါ။

“အူမကြီးကင်ဆာ ဘာလို့ဖြစ်တာလဲဆိုရင် အဓိကက အစ်မ အစားအရမ်းသောင်းကျန်းလို့ပါ။ ဝက်သားတုတ်ထိုးက အဓိကတရားခံပါ။ တစ်ရက်မစားရရင် မနေနိုင်ပါဘူး။ နေ့တိုင်းစားပါတယ်။ ဒုတိယတစ်ချက်က ဝမ်းချုပ်ခံတာပါ။”

အဲဒီလို ဆုံးဖြတ်ချက်ချပြီးတာနဲ့ အစ်မရောဂါဖြစ်တာကို သိပြီး ၃ ရက်လောက် လုပ်စရာရှိတာတွေလုပ်ပြီး ဘန်ကောက်က Bumrungrad ဆေးရုံကို တန်းသွားပါတယ်။ ဆေးရုံရောက်တော့ လိုအပ်တာတွေ စစ်ပါတယ်။ အဖြေကတော့ အူမကြီးကင်ဆာ အဆင့် 3 c ပါ”ဟု ဒေါ်အေးအေးသန့်က ကင်ဆာကုသမှု ခရီးလမ်းအစကို ပြောပြခဲ့သည်။ ၁၆-၂-၂၀၁၆ ရက်နေ့တွင် ဘန်ကောက်ရှိ ဘန်ရွမ်ဂရက်ဆေးရုံတက်ပြီး ၁၈ ရက်နေ့တွင် ခွဲစိတ်ကုသမှုခံယူခဲ့ကာ အနာဖြစ်နေသည့်အူကို ၈ လက်မ ဖြတ်ထုတ်ခဲ့ကြောင်း၊ အူကိုအပြင်ထုတ်ပြီး ဝမ်းအိတ်နှင့် နေရကြောင်းနှင့် ဆေးရုံတွင် တစ်ပတ်နေရကြောင်း သိရသည်။“ခွဲပီးတစ်လနေတော့ ကင်ဆာဆေးစသွင်းပါတယ်။ ကင်ဆာဆေးကို နှစ်ပတ်တစ်ကြိမ်နဲ့ စုစုပေါင်း ၁၂ ကြိမ်သွင်းရပါတယ်။ ကင်ဆာဆေး ပထမဆုံးတစ်ကြိမ်ကိုတော့ ဘန်ကောက်မှာ သွင်းပါတယ်။ နောက်ပိုင်းတော့ မြန်မာပြည်မှာပဲ သွင်းပါတယ်။ ဝိတိုရိယဆေးရုံက MCOC ကင်ဆာဌာနမှာ သွင်းပါတယ်။ ကင်ဆာအထူးကု ဒေါက်တာစန်းရီမြင့်နဲ့ ပြပါတယ်။ ကင်ဆာဆေးသွင်းနေရင်းနဲ့ ပင်လုံဆေးရုံမှာ ဓာတ်ရောင်ခြည် ၂၅ ကြိမ်ပေးပါတယ်”

alignnone size-medium wp-image-56606

ဒေါ်အေးအေးသန့်အတွက် ကင်ဆာဆေးသွင်းကုထုံးနှင့် ဓာတ်ရောင်ခြည်ကုထုံး စုစုပေါင်းကုသချိန်က ၁၁ လကြာမြင့်ခဲ့ပြီး ကုသမှုအားလုံးပြီးချိန်တွင် ဘန်ကောက်၌ အူကိုပြန်ထည့်ခဲ့သဖြင့် နောက်ပိုင်းတွင် ပုံမှန်အတိုင်း ဝမ်းသွား၍ ရပြီဖြစ်ကြောင်း သိရသည်။

“ကင်ဆာဆေးသွင်းတဲ့အချိန်မှာတော့ ခံစားရတာ ဗြောင်းဆန်နေတာပါပဲ။ ပထမဆုံးအကြိမ် စသွင်းတာတော့ အခံရဆုံးပါပဲ။ အရမ်းအန်တာ ဘာမှကို မစားချင်တာပါ။ အထူးသဖြင့် အနံ့တွေဆို ဘာမှမခံနိုင်ဘူး။ Prosure တော့ သောက်လို့ရတယ်။ အသီးအနှံတွေ စားလို့ရတယ်။ အဲဒီနှစ်မျိုးပဲ တောက်လျှောက်စားတယ်။ ကြက်ဥပြုတ် အရမ်းစားတယ်။ အဲ့ဒါတွေကြောင့်လားတော့မသိဘူး။ ဆေးသွင်းတဲ့တောက်လျှောက် သွေးဖြူဥ၊ သွေးနီဥ လုံးဝမကျဘူး။ နောက်ပြီး ဆေးသွင်းနေတဲ့အချိန် မြန်မာဆေးတွေ၊ အရွက်ကြိတ်ရည်တွေ လုံးဝမသောက်ခဲ့ဘူး။ အသီးအရွက်များများ၊ အသားနည်းနည်း စားတယ်။ ပါးစပ်က စားချင်တာမှန်သမျှ အားလုံးစားတယ်။ အဓိကကတော့ သန့်ရှင်းလတ်ဆတ်တဲ့ အစာဖြစ်မယ်၊ စားချင်စိတ်ရှိမယ်ဆိုရင် အကုန်စားတာပဲ၊ ဆေးသွင်းနေတုန်း အားရှိဖို့လိုတယ်လေ။ တချို့ကင်ဆာလူနာတွေ အစားအရမ်းရှောင်ကြတယ်။ အစ်မအကြံပေးချင်တာကတော့ မသန့်ရှင်းတဲ့ အစားအသောက်တွေပဲ ရှောင်ပါ၊ သန့်ရှင်းလတ်ဆတ်တဲ့ အစာမှန်သမျှ စားလို့ရပါတယ်လို့ ပြောချင်ပါတယ်”ဟု ဒေါ်အေးအေးသန့်က ကင်ဆာဆေးသွင်းကုသစဉ် အတွေ့အကြုံများကို ပြောပြခဲ့သည်။

အူမကြီးကင်ဆာ ဖြစ်ရခြင်းမှာ အစားအသောက် မဆင်ခြင်ခြင်း၊ ဝမ်းမသွားဘဲ အောင့်ထားခြင်းနှင့် မျိုးရိုးရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း သူကဆိုသည်။ “အစ်မ အူမကြီးကင်ဆာ ဘာလို့ဖြစ်တာလဲဆိုရင် အဓိကက အစ်မအစားအရမ်းသောင်းကျန်းလို့ပါ။ ဝက်သားတုတ်ထိုးက အဓိကတရားခံပါ။ တစ်ရက်မစားရရင် မနေနိုင်ပါဘူး။ နေ့တိုင်းစားပါတယ်။ ဒုတိယတစ်ချက်က ဝမ်းချုပ်ခံတာပါ။ အစ်မက အိမ်သာအရမ်းကြောက်တဲ့ ရောဂါရှိပြီး ကိုယ့်အိမ်သာမဟုတ်ရင် ဘယ်နှစ်ရက်ဖြစ်ဖြစ် လုံးဝ၀မ်းမသွားပါဘူး။ အောင့်ရင်းအောင့်ရင်း ဝမ်းချုပ်တဲ့အကျင့်ကြီးကို ဖြစ်သွားတာပါ။ နောက်တစ်ချက်က မျိုးရိုးကြောင့်ပါ။ အစ်မအဖေဘက်ကအဒေါ်က ရင်သားကင်ဆာ၊ အမေဘက်ကအဒေါ်က အူမကြီးကင်ဆာ ဖြစ်ဖူးပါတယ်။ ကင်ဆာက မျိုးရိုးလိုက်တယ်လို့ ပြောပါတယ်”

alignnone size-medium wp-image-56607

ကင်ဆာကုသအောင်မြင်သည်မှာ ၃ နှစ်ကျော်ရှိခဲ့ပြီဖြစ်သည့် ဒေါ်အေးအေးသန့်က သူ၏ စိတ်ဓာတ်ခိုင်မာခြင်းနှင့် မိသားစု၏ ပံ့ပိုးဖေးမ စောင့်ရှောက်မှုတို့ကြောင့် တွန်းလှန်နိုင်ခဲ့ကြောင်း ယခုလို ပြောပြထားသည်။ “အစ်မအခုလို ကင်ဆာဆိုတဲ့ ရောဂါကြီးက အနိုင်တိုက်နိုင်တာ အစ်မရဲ့မိသားစုလေးကြောင့်ပါ။ ကင်ဆာလူနာတွေဟာ အဓိက စိတ်ဓာတ်အရမ်းကျသွားကြပါတယ်။ ငါလူမမာကြီးဖြစ်ပြီ၊ ငါလူပိုကြီးဖြစ်ပြီ၊ ငါ့ကို ပစ်ထားကြတော့မယ်ဆိုပြီး အရမ်းအားငယ်တတ်ကြတယ်။ အစ်မကိုယ်တိုင်လည်း အဲ့လိုပဲ ခံစားခဲ့ရပါတယ်။ ကိုယ့်ကိုကိုယ်တောင် သတ်သေဖို့ ကြိုးစားမိတဲ့အထိ ဖြစ်ဖူးတယ်။ ဒါပေမဲ့ အစ်မမိသားစုလေးက အစ်မကို ဘေးကနေ အားတွေပေးကြတယ် လိုလေးသေးမရှိအောင် ပြုစုပေးကြတယ်။ အစ်မဆေးသွင်းနေတဲ့အချိန် ဟင်းနံ့မခံနိုင်လို့ တစ်အိမ်လုံး ဘာဟင်းမှမချက်၊ တစ်အိမ်လုံးမီးခိုးတိတ်။ ဆေးသွင်းနေတဲ့အချိန် အရမ်းခံရခက်လို့ ဒေါသတွေထွက်ပြီး အရူးတစ်ယောက်လို သောင်းကျန်းရင်လည်း တစ်ချက်ကလေးမှ မငြိုငြင်ကြပါဘူး။ နောက်ဆုံး ကင်ဆာဆေးသွင်းလို့ ကတုံးဖြစ်သွားရင် အစ်မအမျိုးသားနဲ့ သမီးကပါ ကတုံးတုံးပေးကြဖို့ စီစဉ်ထားတာ။ ကံကောင်းတာက အစ်မဆံပင် လုံးဝမကျွတ်လိုက်ဘူး။ ဒီလို မိသားစုလေးရဲ့ အားပေးမှုကြောင့် အစ်မဒီရောဂါကြီးကို အသာလေး အနိုင်ယူလိုက်နိုင်တာပါ”

“အဓိကကတော့ သန့်ရှင်းလတ်ဆတ်တဲ့ အစာဖြစ်မယ်၊ စားချင်စိတ်ရှိမယ်ဆိုရင် အကုန်စားတာပဲ၊ ဆေးသွင်းနေတုန်း အားရှိဖို့လိုတယ်လေ။ တချို့ကင်ဆာလူနာတွေ အစားအရမ်းရှောင်ကြတယ်။ အစ်မအကြံပေးချင်တာကတော့ မသန့်ရှင်းတဲ့ အစားအသောက်တွေပဲ ရှောင်ပါ၊ သန့်ရှင်းလတ်ဆတ်တဲ့ အစာမှန်သမျှ စားလို့ရပါတယ်လို့ ပြောချင်ပါတယ်” . . .

ယခုနောက်ပိုင်းတွင် ဆရာဝန်ညွှန်ကြားချက်၊ ချိန်းဆိုချက်များအတိုင်း ပြန်ပြပြီး ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိရာ ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်း သိရသည်။ “အခုဆိုရင် ခြောက်လတစ်ကြိမ် ဆရာဝန်နဲ့ ပြန်ပြရပါတယ်။ သွေးစစ်တာနဲ့ အာထရာဆောင်း ဓာတ်မှန်ရိုက်တာတွေ လုပ်ရပါတယ်။ တစ်နှစ်တစ်ကြိမ် PET CT ရိုက်ရပါတယ်။

အခုဆိုရင် ကင်ဆာကုသပြီးတာ ၃ နှစ်ကျော်သွားပါပြီ။ အစ်မက ရောဂါကုနေတုန်းရော ကုသပြီးချိန်ရော အစားကို အရမ်းကြီးရှောင်တာမျိုး မရှိပါဘူး။ အခုနောက်ပိုင်း အဓိကရှောင်ဖြစ်တာကတော့ လမ်းဘေးစာနဲ့ လက်လုပ်ချဉ်ပါပဲ။ အဲ့ဒါတွေတော့ လုံးဝကိုမစားတော့ပါဘူး။ အသီးအရွက် များများစားတယ်။ အသားလျှော့စားတယ်။ ဥနီ၊ ပန်းသီးစိမ်း၊ ခရမ်းချဉ်သီး၊ တရုတ်နံနံ အဲ့လေးမျိုးကိုတော့ အခုအချိန်အထိ သုံးရက်ခြားတစ်ခါ ကြိတ်သောက်ဖြစ်ပါတယ်။ အဲဒီဖျော်ရည်ကို အရမ်းလည်းကြိုက်လို့ မသောက်ရရင် မနေနိုင်လို့ကို အခုအချိန်အထိ သောက်ဖြစ်နေတာပါ။ တချို့ကတော့ သင်္ဘောရွက် ကြိတ်သောက်ကြပါတယ်။ အစ်မကတော့ ဒီလောက်ခါးတာကြီး မသောက်ချင်ဘူး။ အသီးပဲ အရသာရှိရှိ စားပစ်လိုက်တယ်။ မင်းဂွတ်သီးအခွံလည်း တစ်ခါမှ ကြိတ်မသောက်ဖြစ်ဘူး။ မင်ဂွတ်သီးအထဲက အသားကတော့ တစ်ခါစား အလုံး ၂၀-၃၀ အသာလေး။ ကင်ဆာဝေဒနာရှင်တွေကို ကောင်းတာတွေ၊ အားရှိတာတွေပဲ စားပါလို့ ပြောချင်ပါတယ်”ဟု ကင်ဆာကုသပြီးနောက်ပိုင်း နေထိုင်စားသောက်ပုံကို ပြောပြခဲ့သည်။ ယခုအခါ ခင်ပွန်းဖြစ်သူ ဦးအောင်ကျော်၊ သမီးဖြစ်သူ ခင်ပုလဲဖြူတို့နှင့်အတူ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၌ ကျန်းမာပျော်ရွှင်စွာ နေထိုင်လျက်ရှိသည့် အသက် ၄၉ နှစ်အရွယ် ဒေါ်အေးအေးသန့်က သူ၏ကင်ဆာကျော်လွှားနိုင်ခဲ့ခြင်း အတွေ့အကြုံကို အခြေခံ၍ အခြားဝေဒနာရှင်များကို ယခုလို အားပေးစကား ပြောကြားလိုက်ပါသည်။

“ကင်ဆာအဆင့် (၃) Stage3c ဆိုတာကြီးကို အနိုင်တိုက်နိုင်ခဲ့တာဟာ အစ်မစိတ်ထင်တော့ အဓိကက အစ်မရဲ့စိတ်ဓာတ်ကြောင့်လို့ပဲ ထင်ပါတယ်။ အစ်မသူ့ကို အရမ်းမုန်းတယ်။ သူ့ကို ငါ့ကိုယ်ထဲကနေ ရအောင်တိုက်ထုတ်မယ်ဆိုတဲ့ စိတ်ကိုမွေးပြီး တိုက်ခဲ့တာ။ နောက်ဆုံးသေမယ်ဆိုရင်တောင် တိုက်ရင်းနဲ့ပဲသေမယ်လို့ အမြဲတွေးထားတာ။ ဒီလိုစိတ်တွေ မွေးနိုင်တာကလည်း နောက်ကအစ်မကို အမြဲအားပေးတဲ့ မိသားစုကြောင့်ပါ။ မိသားစုပေးတဲ့ အားမပါရင်လည်း အစ်မတိုက်နိုင်မှာ မဟုတ်လောက်ပါဘူး။ ကင်ဆာတိုက်ပွဲဝင်မယ့်သူများ လုံးဝစိတ်ဓာတ်မကျဘဲနဲ့ အနိုင်တိုက်ပစ်လိုက်ကြပါနော်”

(မှတ်ချက်။ ။ဓာတ်ပုံများကို ဒေါ်အေးအေးသန့်၏ ခွင့်ပြုချက်အရ ဖော်ပြခြင်းဖြစ်ပါသည်။ အယ်ဒီတာ)

Most Popular

Healthy Life Ad
To Top