Healthy Life Ad
Health Tips

အမျိုးသမီး မပြီးနိုင်ရောဂါကုထုံး

ယခင်အပိုင်းမှအဆက်

—၊ ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား) ၊—

စိတ်ကျန်းမာရေး အတွင်းလူနာကုသမှု ဆွေးနွေးပွဲမှာ စိတ်ကျန်းမာရေးဆရာဝန် ဒေါက်တာနီလာက သူကုသပေးနေတဲ့ လူနာမေရဲ့ ရောဂါကို ဆက်လက်ဆွေးနွေးပါတယ်။

“မေက “အမျိုးသမီးမပြီးနိုင်ရောဂါ” (Female Orgasmic Disorder)(FOD) ခံစားနေရတာဆိုတာ ဒေါက်တာတို့အားလုံး သဘောတူကြတယ်မဟုတ်လား”

အမျိုးသားလက်ထောက်ဆရာဝန်က မေးမြန်းပါတယ်။

“ရရှိဖြစ်ပွား-အမျိုးသမီးမပြီးနိုင်ရောဂါ (Acquired FOD) နှစ်မျိုးရှိတယ်လို့ ကျွန်တော်သိထားပါတယ်။ ဘယ်နေရာ၊ ဘယ်လိုအခြေအနေ၊ ဘယ်သူနဲ့ဖြစ်ဖြစ် ကာမဆက်ဆံတိုင်း မပြီးနိုင်ရင် “အထွေထွေအမျိုးသမီး မပြီးနိုင်ရောဂါ” (Generalised FOD)လို့ ခေါ်ပါတယ်။ တချို့အမျိုးသမီးတွေကတော့ ကာမဆက်ဆံတဲ့ အခြေအနေပေါ် မူတည်ပါတယ်။ အဲဒီလိုဖြစ်ပွားရင် “အခြေအနေပေါ်မူတည် အမျိုးသမီးမပြီးနိုင်ရောဂါ” (Situational FOD)လို့ ခေါ်ပါတယ်။ မေရဲ့ရောဂါက ဘယ်အမျိုးအစားထဲမှာ ပါဝင်ပါသလဲ”

ဒေါက်တာနီလာက ဝန်ခံဖြေကြားတယ်။

“အဲသလောက်အထိ ကျွန်မမစစ်ဆေးရသေးပါဘူး။ မေရဲ့ရောဂါကို ကုသဖို့ စတင်တဲ့အချိန်ရောက်မှ အသေးစိတ် မေးမြန်းဖြစ်မှာပါ”

စာရေးသူက စကားလမ်းကြောင်းပြောင်းပြီး မေးမြန်းတယ်။

“ဒေါက်တာနီလာ စဉ်းစားထားတဲ့ ကုသမှုအစီအစဉ်ကို ဆွေးနွေးပေးပါ”

“ကျေးဇူးတင်ပါတယ်။ မေဆေးရုံတက်ရတဲ့ အကြောင်းရင်းဖြစ်တဲ့ စိတ်ကျရောဂါ ကုသမှုကိုတော့ ဒေါက်တာတို့ သိပြီးဖြစ်မှာပါ။ FOD ရောဂါအတွက် ကျွန်မစဉ်းစားထားတဲ့ ကုသမှုအစီအစဉ်ကို ပြောပြပါမယ်။ နံပါတ် (၁) က ဖိုမသဘာဝပညာပေး (Education)ခြင်းပါ။ ဖိုမသဘာဝနဲ့ ပတ်သက်ပြီး မေဘယ်လောက်သိရှိထားသလဲ။ မသိရှိသေးတဲ့ အချက်အလက်တွေက ဘာလဲ။ မှားယွင်းတဲ့ ဖိုမသဘာဝ အသိပညာတွေ ရရှိထားသလား။ ဖိုမသဘာဝနဲ့ ပတ်သက်ပြီး အယူသည်းမှုတွေရှိသလား။ ကာမဆက်ဆံရမှာကို ရွံရှာစိတ်၊ ကြောက်စိတ်၊ ရှက်စိတ်တွေရှိနေသလား။ အဲဒီလို ရှာဖွေစစ်ဆေး ပညာပေးရမှာပါ”

အမျိုးသမီး လက်ထောက်ဆရာဝန်က ကြားဖြတ်မေးပါတယ်။

“ဖိုမသဘာဝ ပညာပေးစာအုပ်၊ စာတမ်းတွေကို ဖတ်ခိုင်းရမှာလား”

“မှန်ပါတယ်။ ပညာပေးစာအုပ်၊ စာစောင်ကို အိမ်စာပေးသလို ဖတ်ခိုင်းတယ်။ ဒေါက်တာနဲ့ နောက်တစ်ကြိမ်တွေ့ဆုံတဲ့အခါ ဆွေးနွေးဖို့ ဖြစ်ပါတယ်။ အဲဒီလို ဆွေးနွေးခြင်းအားဖြင့် မေရဲ့စိတ်ထဲမှာ စွဲမြဲနေတဲ့ ဖိုမသဘာဝ ဗဟုသုတအမှား၊ ယုံကြည်မှုတွေ၊ အယူသည်းတာတွေကို တွေ့ရှိလာနိုင်ပါတယ်။ အဲဒီတော့ နံပါတ် (၂) အတွေးအမြင်ပြောင်းလဲကုထုံး (Cognitive Therapy)ကို အသုံးပြုမှာ ဖြစ်ပါတယ်။ ဖိုမဆက်ဆံခြင်းကို တားဆီးချုပ်ကိုင်ထားတဲ့ အယူမှား (Taboo)၊ မိမိခန္ဓာကိုယ်ကို မနှစ်မြို့တဲ့ သဘောထား၊ ကာမဆက်ဆံလို့ “ပြီး”တဲ့ အဆင့်ရောက်ရင် အန္တရာယ်ရှိတယ်လို့ ထင်မြင်နေတဲ့စိတ်ထား စတဲ့ အတွေးအခေါ် အယူအဆမှားတွေကို ပြုပြင်ပေးဖို့ ဖြစ်ပါတယ်”

အမျိုးသားလက်ထောက်ဆရာဝန်က ဖြည့်စွက်ပြောပါတယ်။

“မေရဲ့ခင်ပွန်းကိုပါ ပညာပေးရင် မကောင်းဘူးလား”

“လင်မယားဖိုမဆက်ဆံတဲ့အခါ တစ်ဦးနဲ့တစ်ဦး ရှက်ကြောက်မနေဘဲ ပွင့်ပွင့်လင်းလင်းရင်ဖွင့်နိုင်ဖို့ လိုအပ်ပါတယ်။ အဲဒီအချိန်မှာ စိတ်ရှုပ်စရာကိစ္စတွေကို မပြောနဲ့။ မစဉ်းစားနဲ့။ စိတ်ကိုဖြေလျှော့ထားရမယ်။ လိင်တုံ့ပြန်မှုကို တားဆီးချုပ်တီးထားနိုင်တဲ့ အတွေးတွေ၊ အပြုအမူတွေ၊ အပြောအဆိုတွေကို လျော့နည်း စေရမယ်” . . .

“လိုအပ်ပါတယ်။ နံပါတ် (၃) “စုံတွဲအကြံဉာဏ်ပေးကုထုံး”( Couple Counselling)ကို ဆောင်ရွက်ဖို့ ကျွန်မစီစဉ်ထားပြီးပါပြီ။ ဒီကုထုံးမှာ နှစ်ပိုင်းရှိပါတယ်။ လင်နဲ့မယား ပေါင်းသင်းဆက်ဆံရေး ချောမွေ့ပြေပြစ်ဖို့ အကြံဉာဏ်ပေးတဲ့ အပိုင်းနဲ့ ကာမဆက်ဆံခြင်းနဲ့ ပတ်သက်ပြီး အကြံပေးဆွေးနွေးတဲ့ အပိုင်းတို့ဖြစ်တယ်”

အမျိုးသားလက်ထောက်ဆရာဝန်က တောင်းဆိုပါတယ်။

“အသေးစိတ်ရှင်းပြပါ ဒေါက်တာနီလာ”

“လင်မယားဖိုမဆက်ဆံတဲ့အခါ တစ်ဦးနဲ့တစ်ဦး ရှက်ကြောက်မနေဘဲ ပွင့်ပွင့်လင်းလင်း ရင်ဖွင့်နိုင်ဖို့ လိုအပ်ပါတယ်။ အဲဒီအချိန်မှာ စိတ်ရှုပ်စရာကိစ္စတွေကို မပြောနဲ့။ မစဉ်းစားနဲ့။ စိတ်ကို ဖြေလျှော့ထားရမယ်။ လိင်တုံ့ပြန်မှုကို တားဆီးချုပ်တီးထားနိုင်တဲ့ အတွေးတွေ၊ အပြုအမူတွေ၊ အပြောအဆိုတွေကို လျော့နည်းစေရမယ်။ ကာမဆန္ဒတုံ့ပြန်မှု တက်ကြွစေတဲ့ နည်းပရိယာယ်အမျိုးမျိုးကို နှစ်ဦးသဘောတူ ရှာဖွေရမယ်”

အမျိုးသားဆရာဝန်က ထပ်မံတောင်းဆိုပါတယ်။

“အသေးစိတ်ရှင်းပြပါ ဒေါက်တာ”

ဒေါက်တာနီလာက ပြုံးစိစိမျက်နှာထားနဲ့ ဖြေကြားပါတယ်။

“အသေးစိတ်တော့ ရှင်းမပြနိုင်ဘူး။ ဆေးပညာဆွေးနွေးပွဲမဟုတ်ဘဲ “အပြာစာပေ” ဟောပြောပွဲ ဖြစ်သွားမှာကို စိုးရိမ်လို့ပါ”

တပြိုင်တည်းပေါ်ထွက်လာတဲ့ ရယ်မောသံတွေ ရပ်ဆိုင်းသွားတော့ ဒေါက်တာနီလာက ဆက်လက်ရှင်းပြပါတယ်။

“အဲဒါက နံပါတ်(၄) “ဖိုမသဘာဝရောဂါကုထုံး”( Sex Therapy)နဲ့ သက်ဆိုင်ပါတယ်။ အမျိုးသမီးမပြီးနိုင်ရောဂါ ကုသဖို့ အသုံးပြုတဲ့ ဖိုမသဘာဝ ရောဂါကုထုံးနှစ်မျိုးရှိတယ်။ (က) “ထိတွေ့မှုအာရုံ ဗဟိုပြုကုထုံး”( Sensate Focus Therapy)ဆိုတာ ရှိတယ်။ အဲဒီကုထုံးမှာ ဒေါက်တာသိချင်တဲ့ လှုံ့ဆော်နှိုးဆွနည်းတွေကို သင်ကြားလေ့ကျင့်စေပါတယ်။ လက်ချင်းထိရာကအစ ကိစ္စပြီးတဲ့အထိ စိတ်မလောဘဲ တဖြည်းဖြည်း တဆင့်ပြီးတဆင့် လေ့ကျင့်ရပါတယ်။ အဲဒီကုထုံးမှာ အသုံးပြုတဲ့ နည်းတစ်မျိုးကို “အနေအထား ညှိနှိုင်းကာမဆက်ဆံခြင်းကုထုံး” (Coital Alignment Therapy) လို့ခေါ်ဆိုတယ်။ အမျိုးသမီးအတွက် ထိရောက်မှုရှိအောင် အသုံးပြုတဲ့ အနေအထားဖြစ်ပါတယ်”

အမျိုးသားလက်ထောက်ဆရာဝန် ပါးစပ်မဟခင် ဒေါက်တာနီလာက သူ့ကိုစူးစိုက်ကြည့်ပြီး နှုတ်ပိတ်စကားပြောတယ်။

“ဒေါက်တာ အသေးစိတ်သိချင်ရင် အင်တာနက်ထဲမှာ ရှာကြည့်ပါ။ ကျွန်မဆက်ပြီး ပြောချင်တာက အမျိုးသမီး မပြီးနိုင်ရောဂါမှာ အသုံးပြုတဲ့ နောက်ကုထုံးတစ်ခုအကြောင်းပါ။ (ခ) အညွှန်းအတိုင်း မိမိဘာသာ ကာမစိတ်ဖြေဖျောက်ခြင်းကုထုံး (Directed MasturbationTherapy) ဖြစ်တယ်။ ဒီကုထုံးကို ၁၉၇၀ ပြည့်နှစ်ကထဲက တီထွင်အသုံးပြုခဲ့ကြပါတယ်။ ထိရောက်တဲ့ ကုထုံးဖြစ်လို့ အခုခေတ်အထိ အသုံးများပါတယ်”

အမျိုးသမီး လက်ထောက်ဆရာဝန်က စောဒကတက်တယ်။

“အမျိုးသမီးတွေထဲမှာ ၅၀ ရာခိုင်နှုန်းလောက်က မိမိဘာသာ ကာမစိတ်ဖြေဖျောက်တဲ့ အလေ့အထမရှိဘူးလို့ သိရပါတယ်။ အဲဒီလိုလူနာမျိုးက ဒေါက်တာပြောတဲ့ ကုသနည်းကို လိုက်နာဆောင်ရွက်ပါ့မလား”
ဒေါက်တာနီလာက ဖြေရှင်းချက်ပေးတယ်။

“ဖိုမသဘာဝရောဂါကုထုံးကို အသုံးပြုတဲ့အခါ လူနာရဲ့ ရိုးရာထုံးတမ်းစဉ်လာအယူအဆနဲ့ ဘာသာရေး ယုံကြည်လိုက်နာမှုတွေကို သိရှိနားလည်ထားသင့်ပါတယ်။ လေးစားရမယ်၊ ထည့်သွင်းစဉ်းစားရမယ်၊ လူနာမနှစ်ခြိုက်တဲ့ အလုပ်ကို အတင်းအဓမ္မ ပြုလုပ်ခိုင်းသလိုတော့ မဖြစ်သင့်ဘူးပေါ့။ ဒါပေမဲ့ ရောဂါသက်သာပျောက်ကင်းနိုင်တဲ့ ကုထုံးရှိရင် ညွှန်ကြားပြသပေးရမယ့်တာဝန်တော့ ရှိပါတယ်။ အမျိုးသမီးတွေ မိမိဘာသာ ကာမစိတ်ဖြေဖျောက်ရင် အထွတ်အထိပ်အဆင့်အထိ “ပြီး”ဖို့ ဖြစ်နိုင်ခြေ ပိုမိုများပြားပါတယ်။ ကုထုံးကြောင့် မိမိခန္ဓာကိုယ်ရဲ့ လိုအပ်ချက်ကို ပိုမိုသိရှိနားလည်လာနိုင်တယ်။ ဒီကုထုံးကို အသုံးပြုရင် အမျိုးသမီးမပြီးနိုင်ရောဂါရှိသူ ၇၅ ရာခိုင်နှုန်းကျော် ရောဂါသက်သာပျောက်ကင်းတာ တွေ့ရှိရတယ်။ ဒီကုထုံးမှာ အထောက်အကူပစ္စည်းအဖြစ် အသုံးပြုတဲ့ တုန်ခါစက်ကိရိယာတွေ ရှိပါတယ်။ ဥပမာ-အမေရိကန်နိုင်ငံ FDA ဌာနက ခွင့်ပြုထားတဲ့ EROS Clitoris Therapy Device (EROSCTD) ကိရိယာမျိုး ဖြစ်ပါတယ်”

စာရေးသူက စကားလမ်းကြောင်း ပြောင်းပေးတယ်။

“ဆွေးနွေးပွဲ အချိန်သိပ်မရှိတော့ဘူး။ ကျွန်တော်နောက်ဆုံးမေးချင်တာက အမျိုးသမီး မပြီးနိုင်ရောဂါမှာ အသုံးပြုတဲ့ဆေးတွေအကြောင်းပါ။ ဒေါက်တာနီလာရဲ့ ထင်မြင်ချက်ကို ရှင်းပြပါ”

“အမျိုးသမီး မပြီးနိုင်ရောဂါကို ကုသဖို့ စမ်းသပ်အသုံးပြုနေတဲ့ ဆေးရှိပါတယ်။ Flibanserin( ADDY) ဆေးက ဦးနှောက်ထဲမှာ အာနိသင်ရှိတယ်။ အမျိုးသမီးကာမဆန္ဒကို တိုးပွားစေတယ်။ လိင်တုံ့ပြန်မှုကို အားပေးတယ်။ အမျိုးသမီးလိင် ဆန္ဒကျဆင်းရောဂါ ကုသမှုအတွက် Flibanserin ဆေးကို အမေရိကန်နိုင်ငံ FDA အဖွဲ့က ခွင့်ပြုထားပါတယ်။ ဝိုင်အရက်နဲ့အတူ သုံးစွဲရင်း အလွန်အမင်း သွေးပေါင်ကျပြီး အသက်အန္တရာယ်ရှိနိုင်တယ်လို့ သတိပေးထားပါတယ်။ တချို့ဆရာဝန်တွေက (တရားဝင်မဟုတ်ဘဲ) အမျိုးသမီးမပြီးနိုင်ရောဂါမှာ စမ်းသပ်သုံးစွဲကြည့်ကြတယ်။ အောင်မြင်မှုရရှိတဲ့ လူနာတွေရှိပါတယ်။ သြစတြေးလျနိုင်ငံမှာ ဒီဆေးကို တရားဝင်သုံးစွဲခွင့် မရှိသေးပါဘူး။

ယောကျာ်းပန်းသေပန်းညှိုးရောဂါမှာ အသုံးပြုတဲ့ Tadalafil (Cialis) နဲ့ Sildenafil( Viagra) ဆေးကို အမျိုးသမီးမပြီးနိုင်ရောဂါ ကုသဖို့ စမ်းသပ်သုံးစွဲတာ တွေ့ရပါတယ်။ ဆရာဝန်နဲ့ လူနာသဘောတူညီမှုရယူပြီး ကုသကြည့်တာမျိုး၊ လူနာကိုယ်တိုင် ပြင်ပဈေးကွက်က ဝယ်ယူပြီး စမ်းသပ်ကြည့်တာမျိုး၊ လူနာရဲ့ခင်ပွန်း ဒါမှမဟုတ် ချစ်သူရီးစားက ခိုးတိုက်ကြည့်တာမျိုး စတဲ့အတွေ့အကြုံမှတ်တမ်းတွေ ရှိပါတယ်။ သေသေချာချာ လေ့လာထားတာတော့ မရှိသေးပါဘူး။ ဒီရောဂါအတွက် တရားဝင်သုံးစွဲခွင့်လည်း မရှိသေးဘူး။

ပြင်ပဈေးကွက်မှာ ရောင်းချနေတဲ့ သုတ်လိမ်းဆေးတစ်မျိုးလည်း ရှိပါတယ်။ Zestra Oil အဆီ သုတ်လိမ်းဆေးပါ။ အဲဒီဆေးအဆီရည်ထဲမှာ Boraga Seed Oils ၊ Evening Primose ၊ Angelica Root စတဲ့ ပရဆေးပင်ထွက်ပစ္စည်းတွေ ပါဝင်ပါတယ်။ မအင်္ဂါ အာရုံကြောတုံ့ပြန်မှုနဲ့ သွေးကြောတုံ့ပြန်မှုကို အားပေးတယ်လို့ ဆိုပါတယ်”

ဒေါက်တာနီလာက နိဂုံးချုပ်စကားပြောတယ်။

“ဒီလိုဆေးမျိုးတွေတော့ ရှိတယ်လို့ ကျွန်မကမေကို ရှင်းပြနိုင်ပါတယ်။ မေရဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်ပါတယ်”

Most Popular

Healthy Life Ad
To Top