Healthy Life Ad
Health Tips

နေထိုင်မှုပုံစံနှင့် ဆီးချိုသွေးချိုရောဂါ အကြောင်း (Lifestyle and Diabetes)

ယခင်တစ်ပတ်မှအဆက်

—၊ ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ၊—

သူ့ခန္ဓာကိုယ်မှာ ဘာတွေမှားနေသလဲ။ ဘယ်လိုပြုပြင်ရမလဲ။

ဆရာဝန်တွေကိုပဲ အားကိုးခဲ့တာ ဘာမျှသိပ်မကောင်းလာတာ ဘာကြောင့်လဲ။ ဒါကြောင့်၂၀၁၀ သြဂုတ်လမှစပြီး သူဖြစ်နေတဲ့ရောဂါကို ဆရာဝန်တွေနားလည်သလိုသိအောင် ကိုယ်တိုင်လေ့လာခဲ့ပါတယ်။ အထွေထွေဆေးပညာ(internal medicine) ဘာသာရပ်မှ သူနဲ့သက်ဆိုင်တဲ့ ရောဂါ ၆ မျိုးကို စတင်လေ့လာခဲ့ပါတယ်။ အဝလွန်ခြင်း၊ ဆီးချိုရောဂါ၊ သွေးအဆီဓာတ်များခြင်း၊ သွေးတိုးရောဂါ၊ လေဖြတ်လေငန်းရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ အစားအစာနှင့် အာဟာရပညာ စတဲ့ ရောဂါ ၆ မျိုးကို သိရှိအောင် စာအုပ်၊ စာပေ မြောက်များစွာကို ဖတ်ရှုပါတယ်။ သုတေသန စာတမ်းပေါင်း တစ်ထောင်ကျော်ကို ဖတ်ရှုလေ့လာခဲ့ပါတယ်။ ဒီဆေးဘက်ဆိုင်ရာ စာပေတွေကို သူဖတ်ခါစမှာ သိပ်နားမလည်ပါဘူး။ သူကျွမ်းကျင်ခဲ့တာက သင်္ချာ၊ ရူပဗေဒ၊ ကွန်ပျူတာ စတာတွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ သူရဲ့ကြိုးစားမှု၊ မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ ဇွဲ၊ will power ဆန္ဒစွမ်းအားကြီးခြင်းနဲ့ သူရဲ့မူလရှိပြီးသား intelligence ဉာဏ်ကောင်းခြင်းတွေကြောင့် သင်ဆရာမရှိ၊ တခြားသူရဲ့ အထောက်အပံ့အကူမရှိဘဲ နောက်ဆုံးမှာ တော်တော်ကျွမ်းကျင် တတ်မြောက်လာခဲ့ပါတယ်။

မိမိရဲ့ရှိရင်းစွဲ IT ပညာနဲ့လည်း အစားအစာ အမျိုးအစားပေါင်း ၈ သန်းကျော်ရဲ့ အချက်အလက် data များစွာကို လေ့လာစုဆောင်း ရရှိထားပါတယ်။ ဒါတွေအပြင် ဘယ်အစားအစာစားရင် သွေးအချိုဘယ်လောက်တက်သလဲ၊ မစားမီ ဘယ်လောက်၊ စားပြီး ၁နာရီ၊၂နာရီ စသဖြင့် တစ်နေ့လုံး သွေးချိုတွေ ဘယ်လိုတက်တယ်၊ ဘယ်လိုဆင်းတယ်၊ လှိုင်းသဖွယ်ဖြစ်နေတာတွေ၊ လေ့ကျင့်ခန်းလုပ်ရင် အထူးသဖြင့် ခြေလှမ်းဘယ်နှစ်လှမ်းလျှောက်ရင် သွေးချိုဘယ်လိုနေသလဲ၊ ဘယ်လိုထိရောက်သလဲဆိုတဲ့ တွေ့ရှိချက်ဟာ စိတ်ဝင်စားစရာကောင်းပါတယ်။ ဒီအချက်အလက်တွေအားလုံးဟာ သူ့ခန္ဓာကိုယ်မှ စစ်ဆေးရရှိတဲ့ အဖြေတွေပဲ ဖြစ်ပါတယ်။ သူရဲ့လေ့လာတွေ့ရှိချက်အရ ဆီးချိုရောဂါ ရင့်နေတဲ့သူတွေ၊ သွေးချိုမြင့်နေသူတွေအဖို့ အစာစစားတဲ့ အချိန်မှ နာရီဝက်အတွင်း ခြေလှမ်းပေါင်း ၃၀ဝ၀ မှ ၄၀ဝ၀ လျှောက်ရင် သွေးချိုပုံမှန် ပြန်ကျနိုင်ပါတယ်။

“သူ့ခန္ဓာကိုယ်မှာ(chemical free) ဓာတုဆေးဝါးကင်းစင်တဲ့ သဘာဝခန္ဓာကိုယ်အဖြစ်ကို ပြန်လည်ရရှိနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီ Lifestyle နေထိုင်မှုပုံစံကို ဆက်လက်လုပ်နေမှသာ ဒီအခြေအနေကို ထိန်းသိမ်းထားနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် သူရဲ့ခန္ဓာကိုယ်ဟာ ဆီးချိုပျောက်ကင်းသွားတာ မဟုတ်ပါဘူး။ သက်သာတာ၊ သဘာဝနည်းဖြစ်တဲ့ Lifestyle ပြုပြင်နည်းနဲ့ ထိန်းထားခြင်းပဲ ဖြစ်ပါတယ်” . . .

ဆီးချိုသိပ်မဆိုးတဲ့သူတွေကတော့ ခြေလှမ်းပေါင်း ၁၀ဝ၀ မှ ၂၀ဝ၀ ထိလျှောက်ရင် သွေးချိုကျပါမယ်။ စားပြီးလမ်းလျှောက်တာက နံနက်စောစော လျှောက်တာထက် ပိုထိရောက်တာတွေ့ ရှိရပါတယ်။ စားပြီးတက်တဲ့ သွေးချိုအတွက် လေ့ကျင့်ခန်းလုပ်တာက ကစီဓာတ်လျှော့စားတာထက်ပိုပြီး ထိရောက်တဲ့အကြောင်းလည်း သိရှိရပါတယ်။ (စားပြီးတက်တဲ့ သွေးချိုကို လျှော့ပေးရာမှာ လေ့ကျင့်ခန်းက ၄၁% နဲ့ ကစီဓာတ်လျှော့စားတာက ၃၈% ပါဝင်ကြောင်း သိရှိရပါတယ်။ လမ်းလျှောက်ခြင်းသည် အင်နာဂျီခွန်အားတွေကို လောင်ကျွမ်းစေပြီး ပြင်ပသို့ ပြန်ထုတ်ပစ်နိုင်တဲ့ တစ်ခုတည်းသော ထွက်ပေါက်ဖြစ်ပါတယ်။

ဂျယ်ရီရဲ့ သုတေသနအရ လူတွေအတွက် အိပ်ပျော်နေစဉ် ဘယ်အချိန်မှာ သွေးချိုအနိမ့်ကျဆုံးဖြစ်တတ်သလဲ၊ အိပ်ပျော်ခြင်းနဲ့ သွေးချိုဆက်စပ်ပုံ၊ ရာသီဥတုပူခြင်း/အေးခြင်းနဲ့ သွေးချိုတက်ကျ ဆက်စပ်ပုံ၊ ခရီးထွက်ခြင်းနဲ့ သွေးချိုပြောင်းလဲပုံ အားလုံးကို မိမိကိုယ်ခန္ဓာပေါ်မှာ လေ့လာခဲ့ပါတယ်။ သွေးချိုကို တစ်နေ့မှာ အကြိမ်ပေါင်းများစွာ ဖောက်ကြည့်ပြီး အားလုံးကို data ဒေတာအဖြစ် မှတ်တမ်းတင်ကာ သူရဲ့ statistic နဲ့ IT အိုင်တီနည်းပညာတို့ ပေါင်းစပ်လေ့လာကြည့်ပြီး မိမိကိုယ်မိမိ ပြုပြင်စားသောက်ခြင်း၊ နေထိုင်ခြင်း၊ လှုပ်ရှားမှုပြုလုပ်ခြင်း၊ လမ်းလျှောက်ခြင်းတွေကို ပြုလုပ်ခဲ့ပါတယ်။ သူ့ခန္ဓာကိုယ်တစ်ဦးတည်းကို လေ့လာထားတဲ့ ဒေတာ (data) အချက်အလက်တွေကိုသုံးပြီး AI tools ကို တီထွင်ခဲ့ပါတယ်။ အေအိုင် AI ဆိုတာက ကွန်ပျုတာနည်းပညာနဲ့ လူတွေရဲ့ဦးနောက်ကဲ့သို့ စဉ်းစားပေးနိုင်တဲ့ ဉာဏ်ရည်ရှိတဲ့ ဦးနှောက်အတုလို့ဆိုရင် မမှားပါဘူး။

ဂျယ်ရီဟာ သူရဲ့ကျွမ်းကျင်လှတဲ့ သင်္ချာနည်းပညာတွေ၊ ရူပဗေဒနည်းပညာတွေ၊ ကွန်ပျူတာအင်ဂျင်နီယာ နည်းပညာတွေနဲ့ သူစုဆောင်းထားတဲ့ (data) ဒေတာ အချက်အလက်ပေါင်းမြောက်များစွာတို့နဲ့ AI အေအိုင်တွေကို တီထွင်နိုင်ခဲ့ပါတယ်။ ကွန်ပျူတာစက်က လူဦးနောက်ကဲ့သို့ သိရှိလာပြီး မိမိတို့လိုချင်တဲ့ သွေးချိုအဖြေ၊ အေဝမ်းစီခေါ် ၃ လ သွေးချိုတွေ၊ ကိုယ်အလေးချိန်တွေ စတဲ့ အဖြေတွေကို ကြိုတင်ပြောနိုင်တာ ဖြစ်ပါတယ်။ မိမိစားမယ့်အစာကို AI က သွေးမစစ်ရဘဲ ကြိုတင်ခန့်မှန်းပေးနိုင်တဲ့အတွက် သွေးချိုတက်နှုန်းမများအောင် ထပ်လျှော့ပြီးစားခြင်း၊ သွေးချိုတက်နှုန်းမမြန်တဲ့ အစားအစာပြောင်းပြီး စားနိုင်တဲ့အပြင် လက်ထိပ်မနာဘဲ မိမိရဲ့သွေးချို ဘယ်လောက်တက်မလဲဆိုတာ အစာမစားခင်ကထဲက သိနိုင်ပါတယ်။

သွေးချိုတက်နှုန်းကို ကြိုတင်သိမြင်နိုင်လို့ ဆီးချိုလူနာများအတွက် များစွာအထောက်အကူ ဖြစ်စေနိုင်ပါတယ်။ ဒီနည်းပညာတွေသုံးပြီး AI တီထွင်ထားပေမယ့် တကယ်တော့ ဂျယ်ရီဟာ မှတ်ဉာဏ်ကောင်းလွန်းတဲ့အတွက် သူရဲ့သဘာဝမှတ်ဉာဏ်နဲ့ သူနေ့စဉ်မှတ်သားထားတဲ့ အတွေအကြုံအရ ဘာစားရင် သွေးချိုဘယ်လောက်တက်မလဲဆိုတာ သွေးချိုတိုင်းစက်မှ အဖြေနဲ့ထပ်တူနီးပါး ခန့်မှန်းနိုင်လာပါတယ်။ သူတီထွင်တဲ့ AI ကလည်း ဒီလိုဘဲ သွေးချိုတိုင်းစက်နဲ့ ထပ်တူနီးပါးတူတဲ့အဖြေကို ပြနိုင်ပါတယ်။ ဒီအေအိုင်က တခြားလူတွေအတွက်လည်း အသုံးပြုနိုင်ပါတယ်။ ဒီလိုသွေးချိုတွေ၊ ကိုယ်အလေးချိန်တွေ ခန့်မှန်းတာထက် အဆင့်မြင့်တဲ့ (metabolism mathematical model) မက်တာဘော်လဇင်အပေါ် အခြေခံပြီး သင်္ချာနည်းနဲ့ တွက်ချက်တဲ့နည်း ဖော်မျူလာတွေ ဖော်ထုတ်နိုင်လို့ ကျန်းမာရေး ကြိုတင်ခန့်မှန်းချက်တွေ (ဥပမာ-လေဖြတ်မယ့်အလားအလာ၊ နှလုံးရောဂါဖြစ်မယ့်အလားအလာ၊ အသက်ရှည်ကိန်း) တွက်ချက်ပေးနိုင်တဲ့ AI tools တွေကိုလည်း ပြုလုပ်ထားကြောင်း သိရပါတယ်။ ဒါက သူရဲ့တီထွင်မှုတွေကို ရှင်းပြထားတာ ဖြစ်ပါတယ်။

ဒီလိုနဲ့ ဂျယ်ရီဟာ သူ့ရဲ့နေထိုင်မှုပုံစံကို ပြုပြင်ခဲ့ရာမှ အခြေအနေတွေများစွာ တိုးတက်လာတဲ့အတွက် သူသောက်နေတဲ့ ဆေးတွေကို တဖြည်းဖြည်းလျှော့လို့ရပြီး နောက်ဆုံး ၂၀၁၅ ခု (၅နှစ်အကြာ)မှာတော့ ဆီးချိုဆေးနဲ့ သွေးကျဆေးနဲ့ သွေးအဆီချဆေးတွေအားလုံးကို ဖြတ်လိုက်ပါတယ်။ သူ့ခန္ဓာကိုယ်မှာ (chemical free) ဓာတုဆေးဝါးကင်းစင်တဲ့ သဘာဝခန္ဓာကိုယ်အဖြစ်ကို ပြန်လည်ရရှိနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီ lifestyle နေထိုင်မှုပုံစံကို ဆက်လက်လုပ်နေမှသာ ဒီအခြေအနေကို ထိန်းသိမ်းထားနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် သူရဲ့ခန္ဓာကိုယ်ဟာ ဆီးချိုပျောက်ကင်းသွားတာ မဟုတ်ပါဘူး။ သက်သာတာ၊ သဘာဝနည်းဖြစ်တဲ့ lifestyle ပြုပြင်နည်းနဲ့ ထိန်းထားခြင်းပဲ ဖြစ်ပါတယ်။

၂၀၁၆ ခုနောက်ပိုင်းမှာ ဂျယ်ရီဟာ သူ့ရဲ့ဆရာဝန်ထံ ပြန်သွားပြတဲ့အခါ သူရဲ့သွေးအဖြေတွေက အားလုံးပြန်ကောင်းသွားလို့ ကျန်းမာရေးကောင်းလာကြောင်း ချီးကျူးလိုက်ပါတယ်။ ဂျယ်ရီရဲ့ ၂၀၁၀ ပြည့်နှစ် အဖြေတွေနဲ့ ၂၀၁၇ ခုနှစ်မှာရရှိတဲ့ အဖြေတွေ နှိုင်းယှဉ်ပြထားပါတယ်။ (ဇယား) သူက ဘာဆေးမျှမသောက်တော့ဘဲ ရရှိတဲ့ အဖြေတွေဖြစ်ကြောင်း ပြောလိုက်တော့ ပို၍ပင် အံ့သြသွားကြပါတယ်။

နောက်တစ်ပတ် ဆက်လက်ဖတ်ရှုပါရန်

Most Popular

Healthy Life Ad
To Top