Healthy Life Ad
Health Tips

မကြာခဏ မျက်နှာသစ်တာက ကောင်းပါသလား

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

မျက်နှာခဏခဏသစ်ရင် အဆီတွေပြောင်တယ်၊ မျက်နှာပိုကြည်လင်ရှင်းသန့်တယ်လို့ထင်ပြီး တချို့လူတွေက မကြာခဏဆိုသလို မျက်နှာသစ်တတ်ကြပါတယ်။ တကယ်တော့ မကြာခဏ မျက်နှာသစ်တာက အရေပြားမှာ အကောင်းထက် အဆိုးကို ဖြစ်စေနိုင်ပါတယ်။ ဘာတွေဖြစ်စေနိုင်သလဲဆိုတာ ဆန်းစစ်ကြည့်ရအောင်။

အရေပြားရဲ့ စံအဆင့်ကို ပြောင်းလဲစေပါတယ်

မျက်နှာကို တစ်ကြိမ်တည်းသစ်တာက အရေပြားရဲ့ စံအဆင့်ကို ဟန်ချက်ညီအောင် ထိန်းပေးပါတယ်။ ဒါပေမဲ့ နာရီအနည်းငယ်အတွင်း တစ်ကြိမ်ပဲ သစ်ပေးသင့်တာပါ။ တစ်နေ့တာအတွင်း မျက်နှာအကြိမ်ကြိမ်သစ်ပေးရင် အရေပြားခြောက်သွေ့မှု အဖြစ်များစေနိုင်ပါတယ်။

အရေပြားအစိုဓာတ်ပြည့်ဝခြင်းကို ဟန့်တားပါတယ်

အရေပြားရဲ့ အပေါ်ယံအလွှာကို အဆီတွေနဲ့ ကာကွယ်ထားပြီး ရေဓာတ်ပြည့်ဝဖို့ လိုအပ်ပါတယ်။ မျက်နှာကို မကြာခဏဆိုသလို သန့်စင်နေတဲ့အခါ အရေပြားအပေါ်ယံက အကာအကွယ်ပေးထားတဲ့ အဆီတွေကို ဖယ်ရှားလိုက်ရာကျပြီး အသားအရေ ခြောက်သွေ့လွယ်စေပါတယ်။ ကံမကောင်းတာက အသားအရေခြောက်ပြီး ဝက်ခြံဖြစ်လွယ်တတ်ပါတယ်။

အရေပြားကို စပ်ဖျဉ်းဖျဉ်းဖြစ်လွယ်စေပါတယ်

မျက်နှာကို တစ်ချိန်လုံးသစ်နေတာက အရေပြားရဲ့ သဘာဝအဆီတွေကို ကင်းစင်စေရုံသာမက ချွေးပေါက်တွေကိုလည်း ကျယ်စေနိုင်တာကြောင့် အရေပြားစပ်ဖျဉ်းဖျဉ်း ဖြစ်လွယ်စေပါတယ်။ အရေပြားရဲ့ အစိုဓာတ်ထိန်းနိုင်စွမ်း မရှိတော့တဲ့အခါ အရေပြားခြောက်သွေ့ပြီး စပ်ဖျဉ်းဖျဉ်းဖြစ်လွယ်တတ်ပါတယ်။

အရေပြားရဲ့ ဘက်တီးရီးယားမျှခြေကို ထိခိုက်စေပါတယ်

အူကျန်းမာရေးကောင်းဖို့ရာ ကောင်းတဲ့ဘက်တီးရီးယားနဲ့ မကောင်းတဲ့ဘက်တီးရီးယားကြား ဟန်ချက်ညီတဲ့ မျှခြေဖြစ်နေဖို့လိုသလို အရေပြားကလည်း ဒီအတိုင်းပါပဲ။ မျက်နှာခဏခဏသစ်လို့ အရေပြားရဲ့ ဘက်တီးရီးယားမျှခြေ ထိခိုက်တဲ့အခါ ဝက်ခြံပေါက်တာ၊ ဆားဝက်ခြံပေါက်တာတို့လို အရေပြားအပြစ်အနာအဆာတွေ ဖြစ်လွယ်စေပါတယ်။

အသားအရေကို ဘယ်လိုထိန်းသိမ်းသင့်သလဲ

(၁) အကျိုးပြုဘက်တီးရီးယားပါတဲ့ အစာစားပါ

အူကျန်းမာရေးကောင်းအာင် အကျိုးပြုဘက်တီးရီးယားပါတဲ့ ဒိန်ချဉ်၊ ကင်မ်ချီ၊ ဂေါ်ဖီချဉ်တို့စားပေးတာက အရေပြားကျန်းမာရေးကိုလည်း ကောင်းစေပါတယ်။

(၂) အဆင်သင့်အစားအသောက် ရှောင်ပါ

အရေပြားကျန်းမာစေဖို့ အဆင်သင့်အစားအသောက်တွေကို တတ်နိုင်သမျှ ရှောင်ပါ။

(၃) စိတ်ဖိစီးမှုကို တွန်းလှန်ပါ

စိတ်ဖိစီးမှုကလည်း အရေပြားရောင်ရမ်းမှုဖြစ်စေတဲ့အချက်ပါ။ စိတ်ဖိစီးမှုလျော့ကျစေဖို့ တရားထိုင်ပါ၊ ခပ်နွေးနွေးရေနဲ့ ရေချိုးပါ၊ စာအုပ်ကောင်းတစ်အုပ်ဖတ်ပါ။

(၄) လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းလုပ်တာက သွေးလှည့်ပတ်မှုကောင်းစေပြီး အသားအရေကို ကျန်းမာစေပါတယ်။

(၅) ဆေးလိပ်ရှောင်ပါ

ဆေးလိပ်နဲ့ ဆေးလိပ်ငွေ့က အသားအရေလှပနုပျိုခြင်းအတွက် ရန်သူပါပဲ။ ဆေးလိပ်ငွေ့ကင်းလေ၊ ကျန်းမာလှပလေ။

Most Popular

Healthy Life Ad
To Top