Healthy Life Ad
Life Style

ပင်ပန်းစေတဲ့ လုပ်ငန်းခွင်မှ လွတ်မြောက်အောင် …

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

အလုပ်ကို အဆက်မပြတ်လုပ်ရင်း အိပ်ငိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ညောင်းညာခြင်းတွေ ခံစားရတာက ပုံမှန်ပါပဲ။ သင့်မှာ စွမ်းအင်နည်းနည်းပဲ ရှိနေတဲ့အချိန်မှာ လွယ်ကူသက်သာတဲ့ အလုပ်တွေ လုပ်ရတာတောင် ပင်ပန်းနေစေနိုင်ပါတယ်။ ပင်ပန်းနေတဲ့ ဝန်ထမ်းတွေရဲ့ ၁၀ရာခိုင်နှုန်းနီးပါးဟာ နာမကျန်းမှုဝေဒနာကို ခံစားနေကြရကြောင်း သိရပါတယ်။ ကျန်တဲ့ ၁၀ ရာခိုင်နှုန်းကတော့ ဘဝနေထိုင်စားသောက်မှုပုံစံ ပြောင်းလဲလိုက်မှသာ ပင်ပန်းမှုပြေပျောက်သွားတတ်ပါတယ်။ ဝန်ထမ်းအများစုအတွက်ကတော့ လုပ်ငန်းခွင်နဲ့ဆက်စပ်ပြီး ပင်ပန်းနွမ်းနယ်မှုကို ခံစားရတတ်ပါတယ်။ လုပ်ငန်းခွင်ကြောင့် ပင်ပန်းနွမ်းနယ်မှုဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့ အောက်ပါတို့ကြောင့် ဖြစ်ပါတယ်။

သဘာဝအလင်းရောင်မရခြင်း

သဘာဝအလင်းရောင်ဟာ သင့်ကို တစ်နေ့တာလုံး နိုးကြားပြီး စွမ်းအင်ရှိစေနိုင်ပါတယ်။ သဘာဝအလင်းရောင် မရတဲ့အခါ ခန္ဓာကိုယ်ဟာ အိပ်စက်လိုတဲ့အခြေအနေကို အသွင်ပြောင်းပြီး အိပ်ငိုက်ခြင်းနဲ့ ပင်ပန်းနွမ်းနယ်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ သဘာဝအလင်းရောင်ဟာ စိတ်ခံစားမှုအပေါ်မှာလည်း သက်ရောက်မှုရှိပါတယ်။ နေ့တာတိုတဲ့ ဆောင်းရာသီမှာ နေ့တာရှည်တဲ့ နွေရာသီမှာထက် စိတ်ဓာတ်ကျနိုင်ခြေ ပိုများပါတယ်။ နေရောင်ခြည်မရရှိရင် စိတ်ထဲလေးလံထိုင်းမှိုင်းကာ ညောင်းညာပင်ပန်းမှုကို ဖြစ်စေနိုင်ပါတယ်။ အလင်းရောင်မှိန်ဖျော့တဲ့ ရုံးလုပ်ငန်းခွင်ဟာ ပင်ပန်းနွမ်းနယ်မှုကို ပိုမိုခံစားရစေနိုင်ပါတယ်။

ပုံမှန်သမားရိုးကျ အလုပ်အကိုင်

သင့်အလုပ်က နေ့စဉ်ပုံမှန်လုပ်ရတဲ့ သမားရိုးကျ ရိုးစင်းတဲ့ အလုပ်အကိုင်မျိုးဆိုရင်လည်း ပင်ပန်းစေနိုင်ပါတယ်။ ဒါဟာ ငြီးငွေ့မှုနဲ့ဆက်စပ်ပြီး ဖြစ်ပေါ်တဲ့ခံစားချက်ပါ။ စားပွဲမှာထိုင်ပြီး တစ်နေကုန် လုပ်ဆောင်ရခြင်း၊ စာစီစာရိုက်လုပ်ရခြင်း စတဲ့ အလုပ်တွေဟာ ကိုယ်လက်လှုပ်ရှားမှုလည်းမရှိ၊ စဉ်းစားတွေးခေါ်ရတာမျိုးလည်း မရှိတာကြောင့် ပျင်းရိငြီးငွေ့ကာ ပင်ပန်းနွမ်းနယ်ရတတ်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း

သင်ဟာထိုင်ပြီး အလုပ်လုပ်ရတာကြောင့် ကိုယ်လက်လှုပ်ရှားမှုနည်းနေရင်လည်း ပင်ပန်းနွမ်းနယ်ရတတ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုလုပ်ရင် သွေးလှည့်ပတ်မှု ကောင်းမွန်စေသလို တက်ကြွလန်းဆန်းကာ စွမ်းအင်ရရှိစေပါတယ်။

လုပ်ငန်းခွင်ကြောင့် ပင်ပန်းနွမ်းနယ်မှု မဖြစ်စေရန်

သင့်အတွက် အလုပ်လုပ်ရတာ အင်မတန်ငြီးငွေ့စရာ ကောင်းတယ်လို့ထင်ရင် ပြောင်းလဲလုပ်ဆောင်သင့်တဲ့ နည်းလမ်းတွေရှိပါတယ်။

• ထိုင်ပြီးအလုပ်လုပ်ရသူဆိုရင် မကြာခဏထပြီး လမ်းလျှောက်ပေးပါ။ ကွန်ပျူတာသုံးရသူဆိုရင် တစ်နာရီကြာသုံးပြီးတိုင်း ရေသောက်ခြင်း၊ ဖုန်းဆက်ခြင်း၊ အိမ်သာသွားခြင်း စတဲ့ ပြောင်းလဲမှုတစ်ခုခုကို လုပ်ဆောင်ပေးပါ။

• တစ်နေ့မှာ တစ်ကြိမ်တော့ အပြင်ထွက်ပါ။ နေ့လယ်စာကို အပြင်ထွက်စားတာမျိုး၊ လက်ဖက်ရည်ထွက်သောက်တာမျိုးအတွက် တစ်နေ့မှာ တစ်ကြိမ်ခန့် အပြင်ထွက်ပေးပါ။ နေရောင်ခြည်နဲ့ ကိုယ်လက်လှုပ်ရှားမှု ရရှိတာကြောင့် စွမ်းအင်ရရှိစေတဲ့အပြင် ငြီးငွေ့မှုပါ ပြေပျောက်စေပါတယ်။

• အလုပ်မှာ ငြီးငွေ့နေရင် သီချင်းနားထောင်ခြင်း၊ ရယ်စရာကောင်းတဲ့ အီးမေးတွေစစ်ခြင်း စတာတွေကို ဆောင်ရွက်ပေးလိုက်ပါ။

Most Popular

Healthy Life Ad
To Top