Healthy Life Ad
Life Style

သားသမီးက စိမ်းကားသွားလျှင်

—၊ ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။ ၊—

Q. ငယ်ငယ်တုန်းက အလုပ်လုပ်ရတော့ ကလေးတွေကို ကိုယ်တိုင်မစောင့်ရှောက်နိုင်ခဲ့ဘူး။ တစ်အိမ်တည်း နေပေမယ့် မိုးလင်း၊ မိုးချုပ် အလုပ်သွားနေရတဲ့အတွက် ကလေးတွေကျောင်းပို့တာ၊ ကလေးတွေစာကျက်တာ၊ ထမင်းဟင်းချက်ကျွေးတာကအစ အဖေအမေ(ကလေးတွေရဲ့ အဘိုးအဘွား) တို့ကပဲ လုပ်ပေးပါတယ်။ အခုချိန်မှာ သူတို့အဘွားက မရှိတော့ဘူး။ အဘိုးပဲရှိပါတယ်။ ကလေးတွေက ကြီးလာချိန်မှာ ကျွန်မတို့အလုပ်ကလည်း အဆင်ပြေလာတော့ တိုက်ကြီးကြီးဝယ်နိုင်လာပါတယ်။ တစ်ယောက်တစ်ခန်းစီ ပေးထားတော့ သူတို့က သူတို့အခန်းမှာပဲ နေကြတယ်။ မိဘပြန်လာလည်း ထွက်မတွေ့တော့ဘူး။ တံခါးကို အလုံပိတ်ထားကြတယ်။ ထမင်းစားချိန်ကျမှ အကူကောင်မလေးကိုပြောပြီး ခူးခိုင်းတယ်။ မုန့်ဖိုးလိုရင် သူတို့အဘိုးကိုသာ ပြောတယ်၊ ကျွန်မကလည်း အရင်ကတည်းက အိမ်စရိတ်၊ ကလေးတွေ ကျောင်းစရိတ်တွေကို အဖေ့ကို ပေးထားလေ့ရှိခဲ့တာပါ။ ကျွန်မစိတ်ထဲမှာ အခုအလုပ်အဆင်ပြေလာတော့ အပြင်ကို သိပ်မထွက်ဖြစ်တော့ဘူး။ အိမ်ကနေ စီမံခန့်ခွဲတာတွေ လုပ်ပါတယ်။ ဒါပေမဲ့ အိမ်မှာ သားသမီးတွေက အနားမကပ်တော့ စိတ်ထဲအလွန်အမင်း ခံစားရပါတယ်။ သူတို့အသက် ၁၉-၂၀ အရွယ်ရောက်မှ မိခင်တစ်ယောက်အနေနဲ့ သားသမီးတွေနဲ့ပြန်ပြီး နွေးနွေးထွေးထွေးနေလို့ ရပါဦးမလား၊ ဒီလိုပဲ အထီးကျန်နေသွားရမှာလား၊ တစ်ခါတစ်ခါတွေးပြီး စိတ်မကောင်းဖြစ်မိပါတယ်။ ခင်ပွန်းက အလုပ်သွားတဲ့အခါ ကျွန်မ တော်တော်အထီးကျန် ဝမ်းနည်းနေရပါတယ်။ သားသမီးတွေက ကျွန်မတို့မေတ္တာကို နားမလည်တာလား၊ ကျွန်မတို့ အပင်ပန်းခံပြီး သူတို့ကို တင့်တောင်းတင့်တယ်ထားနိုင်ဖို့ ကြိုးစားခဲ့တာကို သဘောမပေါက်တာလား မဝေခွဲနိုင်ပါဘူး။ ကျွန်မ ဘယ်လိုစိတ်မျိုးထားသင့်ပါသလဲဆိုတာ အကြံပြုပေးစေချင်ပါတယ်။
TH(FB)

A. သားသမီးက မိဘကို သူစိမ်းဆန်ခြင်း၊ စိမ်းကားသွားခြင်း(Estrangement)ကို မိသားစု ၂၀ ရာခိုင်နှုန်းမှာ တစ်ခါတစ်ရံ ဖြစ်ပေါ်တတ်တယ်လို့ အင်္ဂလန်နိုင်ငံ လေ့လာမှုတစ်ခုမှာ တွေ့ရှိရတယ်။ မိခင် ၁၀ ယောက်မှာ တစ်ယောက်က သားသမီးရဲ့ စိမ်းကားမှုကို ခံကြရပါတယ်။ ဒါကြောင့် အခုလိုဖြစ်ရတဲ့အတွက် ဒေါ်TH ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မနေသင့်ပါဘူး။ အကြောင်းရင်း အမျိုးမျိုးရှိနိုင်ပါတယ်။

(၁) မိသားစုအတွင်း ညှင်းပန်းနှိပ်စက်မှုရှိခြင်း၊ ရိုက်နှက်ညှင်းဆဲတာ ခံရလွန်းရင် အရွယ်ရောက်လာတဲ့အခါ သားသမီးက ပြန်ပြီးကန်တဲ့ အပြုအမူမျိုး ပြတတ်ကြတယ်။ မိဘက လိင်စော်ကားကျူးလွန်တာ မဟုတ်ပေမယ့် တခြားသူကျူးလွန်တာကို အကာအကွယ်မပေးခဲ့ရင် သားသမီးက မိဘအပေါ် စိတ်ကွက်နေတတ်တယ်။ ငယ်ငယ်တုန်းက ခွဲခြားဆက်ဆံတာ၊ သားသမီးလိုအပ်ချက်တွေကို ဖြည့်ဆည်းမပေးနိုင်တာရှိခဲ့ရင် သားသမီးက မိဘအပေါ် အထင်လွဲပြီး ကြေကွဲနေတာမျိုးလည်း ရှိတယ်။ သားသမီးကို စည်းကမ်းတကျ ထိန်းချုပ်ခြင်းမရှိဘဲ မကောင်းမှုပြုတာကို အားပေးခဲ့ရင် အရွယ်ရောက်လာတော့ သားသမီးက မိဘကို အပြစ်တင်မယ်၊ ရန်သူလိုဆက်ဆံမယ်။ ညှင်းပန်းနှိပ်စက်မှု မရှိပေမယ့် အကြောင်းအမျိုးမျိုးကြောင့် သားသမီးကို အနီးကပ်ပြုစုယုယမှု မပေးနိုင်တာလည်း ရှိပါတယ်။ သားသမီးက မေတ္တာငတ်နေတယ်ဆိုပါတော့။ ဒါကြောင့် မေတ္တာကို ပြန်လည်တုံ့ပြန်နိုင်ခြင်းမရှိ ဖြစ်နိုင်ပါတယ်။

(၂) မိဘအိမ်ထောင်ပျက်လို့ သီးခြားနေထိုင်ရရင် အတူမနေရတဲ့ မိခင်/ဖခင်အပေါ်မှာ ဆက်ဆံရေး စိမ်းကားလာနိုင်တယ်။ အတူနေရတဲ့ မိခင်/ဖခင်ကိုလည်း အိမ်ထောင်ရေးပျက်ပြားမှုဖြစ်အောင် ဖန်တီးတဲ့ ပူးတွဲတရားခံလို သဘောထားပြီး အကြည်ညိုပျက်တတ်ပါတယ်။

(၃) မိသားစုထဲမှာ ဘေးအန္တရာယ်တစ်ခုခု ကြုံတွေ့ရပြီးရင်ဖြစ်ဖြစ်၊ ကြီးမားတဲ့ ပြဿနာတစ်ခု ဖြစ်ပေါ်ပြီးရင်ဖြစ်ဖြစ် မိသားစုတစ်ခုလုံး ဖိစီးမှုဒဏ်ခံရမယ်။ အဲဒီဒဏ်ကို ခံနိုင်ရည်မရှိတဲ့ သားသမီးက တလွဲတုံ့ပြန်တတ်တယ်။ အိမ်သားတွေအပေါ်မှာ စိမ်းကားလာနိုင်တယ်။

(၄) သားသမီးအရွယ်ရောက်လာရင် လူကောင်ကြီးလာတာအပြင် စိတ်ခံစားမှု ပြောင်းလဲလာမယ်။ ကိုယ်ပိုင်သီးခြား ကိုယ်ရည်ကိုယ်သွေးလက္ခဏာတွေ ပိုမိုသိသာလာမယ်။ မိဘနဲ့ အသွင်မတူတာ ရှိလာမယ်။ တန်ဖိုးထားတဲ့ အရာတွေ ကွဲပြားမယ်။ ဘဝအမြင်၊ လောကအမြင် အယူအဆချင်း ပဋိပက္ခဖြစ်မယ်။ ဒါကြောင့် သားသမီးက ရှောင်ဖယ်ဖယ် ဆက်ဆံလာမယ်။ “ပြောရင် သူတို့လက်ခံမှာ မဟုတ်ပါဘူး”ဆိုတဲ့ အတွေးနဲ့ ရေငုံနှုတ်ပိတ်နေတာလည်း ရှိပါတယ်။

(၅) မိဘနဲ့ သားသမီးအကြား တစ်ဦးနဲ့တစ်ဦး မျှော်လင့်ထားတာတွေ၊ တာဝန်ယူစေချင်တာတွေ ကွာခြားမှု၊ နားမလည်မှုလည်း ရှိနိုင်ပါတယ်။ “ငါမျှော်လင့်ထားသလို သူတာဝန်မယူနိုင်ရင် ငါ့ကိစ္စ ငါ့ဘာသာ ငါလုပ်တာ့မယ်”ဆိုတဲ့ သဘောနဲ့ စိမ်းကားသွားတတ်ပါတယ်။

(၆) သားသမီးစိတ်ကျန်းမာရေး ချို့ယွင်းလာလို့ တစ်ဦးတည်း အထီးကျန်နေတတ်တာ၊ စကားပြောနည်းလာတာလည်း ရှိနိုင်ပါတယ်။ အဲဒါ သားသမီးက မိဘကို သူစိမ်းဆန်သွားခြင်း ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေပါ။ တချို့အကြောင်းရင်းတွေကို ပြုပြင်လို့ မရတော့ဘူး။ မိသားစုရာဇဝင်ကို နောက်ကြောင်းပြန်ဖို့ မဖြစ်နိုင်တော့ဘူး။ ရှေ့ဆက်ပြီး ဘာတွေလုပ်သင့်သလဲ။ အမေရိကန်နိုင်ငံ၊ စိတ်ကျန်းမာရေးအဖွဲ့ (Mental Health American)က အကြံပြုချက်တချို့ကို ဖော်ပြလိုက်ပါတယ်။

(၁) အကြောင်းရင်းကို ရှာကြည့်ပါ။

အတိတ်က အကြောင်းရင်းတွေကို ပြောတာမဟုတ်ပါဘူး။ လတ်တလော မြင်လို့ရတဲ့ အကြောင်းရင်းတွေကို ဦးစားပေး ရှာဖွေကြည့်ပါ။ သူတို့ဘာကြောင့် ဒီလိုစိမ်းကားနေကြတာလဲ။ သူတို့စိတ်ခံစား၊ အတွေးအခေါ်အယူအဆ၊ ယုံကြည်မှုသဘောထား၊ ဖြစ်ချင်တဲ့ဆန္ဒ စတာတွေကို သိရှိအောင် လေ့လာရမယ်။ ဒေါ်THရဲ့ မိသားစုထဲမှာ သူတို့အဘိုးက အောင်သွယ်လုပ်နိုင်ပါတယ်။ လူကိုယ်တိုင်မမေးဘဲ စာနဲ့ရေးပြီး မေးမြန်းကြည့်နိုင်ပါတယ်။ ခေတ်မီချင်ရင် အီးမေးလ်ရိုက်ကြည့်နိုင်ပါတယ်။

(၂) မိမိကိုယ်မိမိ ပြန်လည်သုံးသပ်ပါ

ကိုယ့်အကြောင်း ကိုယ်သိတာပေါ့လို့ ထင်မြင်ယူဆတတ်ကြပါတယ်။ ဒါပေမဲ့ ကိုယ့်အားနည်းချက်၊ ကိုယ့်ချို့ယွင်းချက်နဲ့ ကိုယ့်အမှားကို သိရှိနားလည်ဖို့ ခက်ပါတယ်။ သိရှိထားရင်လည်း လက်မခံချင်ကြဘူး။ ကြိတ်မှိတ်ပြီး လက်ခံရပေမယ့် ပြုပြင်ဖို့ ဝန်လေးတတ်ပြန်တယ်။ ဒါကြောင့် စိမ်းကားနေတဲ့ သားသမီးနဲ့ ရင်ဆိုင်မဆွေးနွေးခင် ကိုယ့်အကြောင်းကိုယ် သိရမယ်။ လိုချင်တာ၊ ပေးနိုင်တာနဲ့ ဖြတ်ကျော်ဖို့ မလိုရတဲ့ အနီစည်းလိုင်းတွေကို သိရှိထားရမယ်။

(၃) မိဘက စတင်ဆက်သွယ်ပါ

ငါကလူကြီးမိဘပဲဆိုတဲ့ အသိကို ဘေးဖယ်ထား။ ငါ့မှာ ဘာအပြစ်ရှိလို့လဲ၊ ငါဘာမှားလို့လဲ၊ ငါကဘာကြောင့် အလျှော့ပေးရမှာလဲ စတဲ့အတွေးမျိုးကို အသာထား။ ကိုယ်ကစတင် ဆက်သွယ်ပြောကြားဖို့ ဆုံးဖြတ်ရမယ်။ သူတို့ကို စိတ်ဆိုးနေတာ မရှိဘူး။ အပြစ်မတင်ဘူး။ သူတို့ကို မိခင်စိတ်နဲ့ ချစ်တယ်။ သူတို့ကို တန်ဖိုးထားတယ် စတဲ့ အချက်တွေကို သိရှိစေရမယ်။ အဲဒီလိုသဘောထား (Attitude) မျိုးနဲ့ ဆက်သွယ်ရမယ်။

(၄) နားထောင်တတ်အောင် ကြိုးစားပါ

သားသမီးက ဆက်သွယ်ဖို့ သဘောတူလက်ခံရင် ဘာတွေပြောရမလဲ၊ သူတို့ပြောချင်တာကို (နားလည်အောင်) နားထောင်ပါ။ ဝေဖန်ချက်ပေးတာ၊ အပြစ်တင်တာတွေ မလုပ်နဲ့။ သူတို့က စိမ်းကားနေလို့ အမေဘယ်လိုခံစားနေရတယ်၊ ပူပင်သောကရောက်နေတယ်၊ စိတ်ဒုက္ခရောက်နေရတယ် စတဲ့ ကိုယ့်ဝေဒနာကို ရင်ဖွင့် “မပြ”သင့်ဘူးလို့ ဆိုပါတယ်။ အမှန်တကယ် မှားခဲ့တာရှိရင် အခွင့်အရေးရတုန်း ဝန်ခံလိုက်ဖို့လည်း တိုက်တွန်းထားတယ်။ ငယ်ငယ်တုန်းက မိဘက သားသမီးကို ဆုံးမသလို ဆုံးမဖို့လည်း မကြိုးစားရဘူး။ သူတို့လိုအင်ဆန္ဒနဲ့ ကိုယ်ဖြစ်စေချင်တဲ့ အချက်အလက်တွေကို ညှိနှိုင်းပေးဖို့ ကြိုးစားရမယ်။

(၅) ရေခဲပြင်ကို ဘယ်လိုခွဲမလဲ

သားသမီးက ဆက်သွယ်ဖို့ ငြင်းဆန်နေရင် ဘာလုပ်နိုင်သလဲ၊ တောရွာမှာ နေထိုင်ရင်တော့ ရွာဦးကျောင်းက ဘုန်းကြီးကို အကူအညီတောင်းရင်ရပါတယ်။ အနောက်တိုင်းနိုင်ငံတွေမှာတော့ မိသားစုအကြံဉာဏ်ပေးကုထုံး (Family Counselling)ပေါ့။ ဒေါ်TH အနေနဲ့ ခင်ပွန်းနဲ့ဖခင်ကို တိုင်ပင်ကြည့်နိုင်ပါတယ်။ သုံးဦးအတူ တွေ့ဆုံဆွေးနွေးပြီး အစီအစဉ် ချမှတ်ကြည့်နိုင်ပါတယ်။ ဒေါ်TH ရဲ့ ဖခင်က စတင်ပြီး သားသမီးတွေ ဆက်ဆံရေးတင်းမာနေတာကို ဖြိုခွဲပေးဖို့ ကြိုးစားကြည့်နိုင်ပါတယ်။ မိသားစုအတွင်း သူစိမ်းဆန်ခြင်းက ပျမ်းမျှ ၅ နှစ်မှ ၆ နှစ်အထိ ကြာရှည်ကြောင်း တွေ့ရှိရတယ်။ ဒါပေမဲ့ တင်းမာနေတဲ့ ရေခဲပြင်အောက်မှာ မေတ္တာရေကြည်က စီးဆင်းလျက်ပါပဲ။ ဖော်ထုတ်ကြည့်ပါ။

Most Popular

Healthy Life Ad
To Top