Healthy Life Ad
Health Tips

မိခင်နှင့် သမီးနှစ်ဦးပေါင်း၍ ပျော်ရွှင်စွာကခုန်ရင်း ပေါင် ၂၀ဝ နီးပါး လျှော့ချနိုင်ခဲ့

——————၊ ZKO ၊——————

ဝိတ်များနေသူတွေအနေနဲ့ ကိုယ်အလေးချိန် လျော့ကျချင်တဲ့အခါ မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေဆီက အားပေးမှု၊ ပံ့ပိုးမှုသာရရင် ပိုအောင်မြင်တယ်မဟုတ်လား။ ဂျေမီအယ်လီစန်နဲ့ သူ့သမီး ကယ်လီစတာတို့က ဒီလိုပါပဲ။ တစ်ဦးနဲ့တစ်ဦး အားပေးထောက်ပံ့ ကူညီပံ့ပိုးမှုတွေ အပြန်အလှန်ပေးတဲ့နည်းနဲ့ သူတို့နှစ်ဦးဟာ ပျော်ပျော်ရွှင်ရွှင်ကခုန်ရင်း ၁၉၅ ပေါင်လောက် လျှော့ချနိုင်ခဲ့ပါတယ်။

♦ ဘဝနေထိုင်စားသောက်မှု ပုံစံပြောင်းလဲဖို့ စတင်ကြိုးစား

အသက် ၄၀ အရွယ်ရှိတဲ့ ဂျေမီနဲ့ အသက် ၁၈ နှစ်အရွယ် ကယ်လီစတာတို့က ၂၀၁၆ ခုနှစ်မှာ ဝိတ်အလွန်အမင်းများနေကြောင်း သတိထားမိခဲ့တဲ့အတွက် နှစ်အစမှာကတည်းက သူတိုရဲ့ကျန်းမာရေးနဲ့ ခန္ဓာကိုယ်အနေအထားကို တိုးတက်အောင် ပြုပြင်ပြောင်းလဲဖို့ စတင်ကြိုးစားခဲ့ကြပါတယ်။ အဲဒါနဲ့ ကခုန်တဲ့ ’80s dance သင်တန်းမှာ ပါဝင်ခဲ့ကြတယ်။

♦ အကသင်တန်းက သုံးနှစ်တာအတွင်း သူတို့ဘဝကို ပိုကောင်းမွန်စွာ ပြောင်းလဲပေးနိုင်ခဲ့

ဂျေမီနဲ့ ကယ်လီတို့တက်တဲ့ ’80s dance သင်တန်းက ယောဂကျင့်ခြင်း၊ လက်ဝှေ့ထိုးခြင်း စတဲ့ လှုပ်ရှားမှုတွေနဲ့ တေးဂီတကိုရောပြီး လုပ်ဆောင်ရတာဖြစ်တယ်။
အမေနဲ့သမီးဟာ ကိုယ်အလေးချိန်လျော့ကျဖို့ အတူတူအားပေးတဲ့အနေနဲ့ ဈေ းကိုအတူတူသွားတယ်၊ အတူတူချက်ပြုတ်စားသောက်တယ်၊ အတူတူအကသင်တန်းသွားတက်တယ်၊ ကျန်းမာရေးနဲ့ညီညွတ်အောင် နေထိုင်တဲ့ဘဝမှာ အတူတူနေထိုင်ကြတယ်ဆိုပြီး တစ်ယောက်နဲ့တစ်ယောက် အားပေးခဲ့ကြတယ်။

♦ အဝလွန်ခြင်းက ကျန်းမာရေးပြဿနာ

၂၀၁၇ အမေရိကန်ပြည်ထောင်စုစင်တာရဲ့ ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာတွေက ရရှိတဲ့ အချက်အလက်တွေအရ အမေရိကန်လူမျိုး ၄၀ ရာခိုင်နှုန်းက အဝလွန်ရောဂါ ခံစားနေရတယ်လို့ ဆိုထားတာပါ။ အဲဒီအထဲမှာ ပါဝင်ခဲ့တဲ့ ဂျေမီနဲ့ ကယ်လီတို့ကတော့ တစ်ယောက်နဲ့တစ်ယောက် အားပေးရင်း၊ စိတ်ခွန်အားပေးရင်း နှစ်ဦးပေါင်း ၁၉၅ ပေါင်ကို လျှော့ချနိုင်ခဲ့ပါတယ်။ ဒီလို ကိုယ်အလေးချိန်လျော့ကျပြီးချိန်မှာ “လုပ်နိုင်စွမ်းရှိခြင်းနဲ့ ကိုယ့်ကိုယ်ကိုယ် လေးစားစိတ်တိုးခြင်း”ဆိုတဲ့ စိတ်ခွန်အားကို ရရှိခဲ့တယ်လို့ ကယ်လီက ဆိုပါတယ်။

“အခုချိန်မှာ မှန်ကြည့်ရတာကို ကျွန်မပျော်နေပြီ။ ကိုယ့်ကိုယ်ကိုယ် ဝတယ်ဆိုပြီး ဝမ်းနည်းမနေပါနဲ့၊ တခြားသူနဲ့ မယှဉ်ပါနဲ့။ ကိုယ့်ကိုယ်ကိုယ်ရှာဖွေပါ။ ကိုယ်လုပ်နိုင်တဲ့ လှုပ်ရှားမှုလုပ်ပါ။ ကိုယ်စားသောက်တဲ့ တစ်လုတ်ချင်း၊ တစ်ကိုက်ချင်း၊ တစ်ငုံချင်းကို အာရုံစိုက်ပြီး ကြိုးစားမယ်ဆိုရင် ကိုယ်အလေးချိန်က လျော့ကျသွားမှာပါ”လို့ ကယ်လီက တခြားအဝလွန်သူတွေကိုလည်း အကြံပေးထားပါတယ်။

Most Popular

Healthy Life Ad
To Top