Healthy Life Ad
Health Tips

ဆံပင်ရေစိုကြီးနဲ့အိပ်ရင် ဖြစ်တတ်တဲ့ အချက် (၇) ရပ်

………………..၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊………………..

ကျွန်မဆိုရင် တစ်ခါတလေ ဖြစ်တတ်တယ်။ ခေါင်းလျှော်ထားတာက မခြောက်သေးဘူး၊ လူကအိပ်ငိုက်နေပြီ၊ ခဏလေး မှေးလိုက်ဦးမယ်ဆိုပြီး အိပ်ပစ်လိုက်တယ်။ အဲဒီလို ဆံပင်ရေစိုကြီးနဲ့ အိပ်တဲ့အခါမှာ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ဖြစ်တတ်တဲ့ အချက် (၇) ရပ်ကို ဆေးပညာရှင်တွေက အခုလို ပြောပြထားပါတယ်။

(၁) ဦးရေပြား စပ်ဖျဉ်းဖျဉ်းဖြစ်စေနိုင်ပါတယ်

ဦးရေပြားယားယံပြီး စပ်ဖျဉ်းဖျဉ်းဖြစ်နေပါသလား။ ဒါဆိုရင် လူအများစုက ခေါင်းလျှော်ရင်ကို အပြစ်တင်လေ့ရှိကြပေမယ့် တကယ်က ဆံပင်ရေစိုနဲ့ အိပ်တဲ့အကျင့်ကြောင့် ဖြစ်တတ်ပါတယ်။ ဗောက်ထတာလိုမျိုး ဦးရေပြားရောဂါဝေဒနာတွေက စိုစွတ်တဲ့ ခေါင်းအုံးစွပ်ပေါ်မှာ အိပ်စက်တဲ့အခါ ဖြစ်စေနိုင်ပါတယ်။ ဆံပင်ရေစိုနဲ့ အိပ်တဲ့အခါ စိုစွတ်နွေးထွေးတဲ့ ပတ်ဝန်းကျင်က ဘက်တီးရီးယားပေါက်ပွားမှုကို တိုးစေနိုင်လို့ပါ။

(၂) ဆံပင်လုံးထွေးပျက်စီးနိုင်ပါတယ်

ဆံပင်မခြောက်ခင် အိပ်ရာဝင်တာက အိပ်စက်ချိန်အတွင်း ဆံပင်တွေ လုံးထွေးသွားနိုင်ပါတယ်။ မနက်မိုးလင်းလာတဲ့အခါ ဆံပင်တွေက ရှင်းဖို့ခက်ခဲသွားတာကြောင့် မနက်ခင်းမှာ ဆံပင်ရှုပ်လေ၊ စိတ်ရှုပ်လေ ဖြစ်စေနိုင်ပါတယ်။

(၃) ခေါင်းကိုက်စေနိုင်ပါတယ်

ခေါင်းရေစိုနဲ့ အိပ်တဲ့အခါ နိုးလာရင် ခေါင်းကိုက်တတ်ပါတယ်။ တချို့ကျွမ်းကျင်သူတွေက ဘာပြောသလဲဆိုတော့ ဆံပင်ရေစိုနဲ့ အိပ်တဲ့အခါ ခန္ဓာကိုယ်အပူချိန် ကျသွားတာကြောင့် ခန္ဓာကိုယ်က သူ့အလိုလို ပြန်နွေးအောင် ကြိုးစားတွန်းလှန်ရင်း ခေါင်းကိုက်ဝေဒနာ ဖြစ်ရတာလို့ ဆိုပါတယ်။ ဆံပင်ရေစိုနဲ့ အိပ်ရာဝင်တာက ခေါင်းကိုက်စေနိုင်တဲ့အပြင် အိပ်စက်မှုစနစ်ကိုတောင် အဟန့်အတားဖြစ်စေနိုင်ပါသေးတယ်။

(၄) ဆံပင်နွမ်းခြောက်တတ်ပါတယ်

ဆံပင်ရေစိုနဲ့ အိပ်ရာဝင်တာက ပြင်းထန်တဲ့ကျန်းမာရေးပြဿနာတွေကို မဖြစ်စေပေမယ့် ဆံပင်သားကိုတော့ ထိခိုက်စေတာ အမှန်ပါ။ ဆံပင်စိုစိုတွေက ခေါင်းအုံးစွပ်နဲ့ ပိုပြီး ပွတ်တိုက်မှုဖြစ်တာကြောင့် ဆံပင်နွမ်းခြောက်တတ်ပါတယ်။ အိပ်ရာမဝင်ခင် ဆံပင်ခြောက်အောင်လုပ်ဖို့ အချိန်ပိုပေးရတာက ဆံပင်ထိန်းသိမ်းဖို့ ငွေအပိုမကုန်စေပါဘူး။

(၅) ဆံပင်အုံပါးသွားနိုင်ပါတယ်

ဆံပင်ရေစိုနဲ့အိပ်ရင် ဆံပင်သားအမျိုးအစားကို ထိခိုက်စေနိုင်သလို ကြာလာရင် ဆံပင်အုံပါးသွားစေနိုင်ပါတယ်။

(၆) ဆံပင်အဖျားနှစ်ခွကွဲတာ ဖြစ်နိုင်ပါတယ်

ဆံပင်ရေစိုနဲ့ အိပ်တဲ့အကျင့်ရှိရင်တော့ ဆံပင်အဖျားတွေကို မကြာခဏ ဖြတ်ထုတ်ပေးမှ ရတော့မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ စိုနေတဲ့ဆံပင်တွေ ပွတ်တိုက်ဖန်များရင် ဆံပင်အဖျားနှစ်ခွကွဲတာ ဖြစ်တတ်လို့ပါပဲ။

(၇) မျက်နှာအသားအရေ ထိခိုက်စေနိုင်ပါတယ်

ဆံပင်ရေစိုနဲ့ အိပ်စက်တာက ဦးရေပြားကိုသာမက အသားအရေကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဆံပင်ရေစိုနဲ့ အိပ်ခန်းထဲကအပူချိန် ပေါင်းစပ်မှုဟာ အသားအရေထိခိုက်စေတဲ့ ဘက်တီးရီးယားပေါက်ပွားမှု အခြေအနေ ဖြစ်နေလို့ပါပဲ။

Most Popular

Healthy Life Ad
To Top