Healthy Life Ad
Health Tips

ကလေးငယ်ကို ရိုက်နှက်ပြီး ဆုံးမသင့်ရဲ့လား……

————–၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊————–

အရင်တုန်းက ကလေးတွေကို ဆုံးမတဲ့နေရာမှာ မိဘတွေဟာ အိုးကောင်းလိုချင်ရင် နာနာပုတ်ပေးရတယ်ဆိုတဲ့ ဆိုရိုးစကားအတိုင်း အုပ်ထိန်းကြပါတယ်။ ကလေးတစ်ယောက်ရဲ့ ပြုမူနေထိုင်ပုံမှားနေရင် မိခင် ဒါမှမဟုတ် ဖခင်ဖြစ်သူက လက်/တုတ်နဲ့ ရိုက်ပုတ်ပြီး အပြစ်ပေးလေ့ရှိပါတယ်။ ကလေးဟာ နာကျင်သွားရင် အများရှေ့မှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် ဒီလိုမကောင်းတဲ့ အပြုအမူကို ထပ်မလုပ်တော့ဘူးလို့ မိဘတွေက ယူဆပြီး ဒီလိုဆုံးမကြတာပါ။ အဲဒီနည်းက တကယ်ပဲ ထိရောက်ရဲ့လား၊ ကလေးကို လိမ္မာရေးခြားရှိစေတာထက် စိတ်ပိုင်းဆိုင်ရာထိခိုက်မှု ပိုဖြစ်စေသလား စတာတွေနဲ့ ပတ်သက်ပြီး ဒီနေ့ခေတ်မှာ ကလေးကို ကိုယ်ခန္ဓာပိုင်းဆိုင်ရာ နာကျင်အောင် ရိုက်နှက်ပြီး ဆုံးမသင့်၊ မသင့် စဉ်းစားတွေးတောမှုတွေ ပြုလုပ်လာကြပါပြီ။

alignnone size-medium wp-image-55884
အချိန်နဲ့အတူ အတွေးအခေါ် ပြောင်းလဲသွားပါပြီ

ကလေးကို ရိုက်နှက်ပြီး ဆုံးမမှ လိမ္မာမှာဆိုတဲ့ အတွေးအခေါ်တွေက ဒီနေ့ခေတ်မှာတော့ လုံးဝပြောင်းလဲသွားပါပြီ။ သြစတေးလျ ကလေးသူငယ် ဖောင်ဒေးရှင်းရဲ့ အုပ်ချုပ်မှုအရာရှိ ဂျိုးတက်စီက ကလေးကို ရိုက်နှက်ပြီး ဆုံးမတာက စည်းကမ်းရှိစေတဲ့ နည်းလမ်းတစ်ရပ်အဖြစ် အသုံးမဝင်ပါဘူးလို့ ဆိုပါတယ်။ မိသားစုစိတ်ပညာအကြံပေးသူ ဒေါက်တာဂျဲနက်က “ကလေးကိုရိုက်နှက်ပြီး ဆုံးမတာက ရေရှည်အလုပ်မဖြစ်ဘူး၊ ကလေးကို ပိုမိုဆိုးသွမ်းတဲ့ ပုံစံမျိုး ဖြစ်သွားစေတယ်”လို့ ဆိုထားပါတယ်။ အထူးသဖြင့် အသက်ခြောက်နှစ်ကျော်အရွယ် ကလေးတွေကို ရိုက်နှက်ပြီးဆုံးမတာက အပြုအမူဆိုးတွေနဲ့ ဖွံ့ဖြိုးမှုနဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်စေနိုင်တယ်လို့ ရှင်းပြထားပါတယ်။ ဒီလို ရိုက်နှက်အပြစ်ပေးတာကြောင့် ကလေးတွေက ရန်လိုတဲ့အသွင် ပြောင်းသွားပြီး ကလေးဘဝကနေ မြီးကောင်ပေါက်စအရွယ်အထိ၊ အဲဒီကနေ လူကြီးဘဝရောက်တဲ့အထိ အထီးကျန်ပြီး လူဝင်မဆန့်တဲ့ပုံစံမျိုးကို ပြောင်းလဲသွားစေနိုင်ပါတယ်။

alignnone size-medium wp-image-55885
ရိုက်နှက်ဆုံးမခြင်းရဲ့ နောက်ဆက်တွဲ

ကလေးတွေ ထိခိုက်အနာတရဖြစ်မှာစိုးလို့၊ အပူလောင်မှာစိုးလို့၊ ပြေးလွှားတာကြောင့် လဲကျမှာစိုးလို့၊ ဆိုးသွမ်းမှာစိုးလို့ . . စတဲ့အကြောင်းပြချက်တွေကြောင့် မိဘတွေနဲ့အုပ်ထိန်းသူတွေက ကလေးတွေမလုပ်သင့်၊ မလုပ်ထိုက်တဲ့ အပြုအမူမျိုး ပြုလုပ်တဲ့အခါ နောင်ကြဉ်သွားအောင် ရိုက်နှက်ပြီး ဆုံးမတတ်ကြပါတယ်။ လေ့လာမှုတချို့အရ ကလေးအသက် နှစ်နှစ်နဲ့ ခြောက်နှစ်အတွင်းမှာ တိကျတဲ့စည်းကမ်းကို လိုက်နာတတ်အောင် (ရိုက်နှက်ခြင်းမရှိဘဲ) သေချာစနစ်တကျ ဆုံးမအုပ်ထိန်းတာကြောင့် ကလေးတွေက အောင်မြင်ပြီး ယုံကြည်မှုရှိတဲ့ပုံစံအဖြစ် ကြီးပြင်းလာတတ်ကြောင်း သိရပါတယ်။

“ကျွန်မကတော့ ကလေးကို မျက်နှာထားခပ်တင်းတင်းနဲ့ စည်းကမ်းချမှတ်ပေးထားပါတယ်။ အရုပ်တွေကိုကစားပြီး ပြန်မသိမ်းရင် နောက်ထပ်အရုပ်တွေ ဝယ်မပေးတော့ဘူး ဆိုတာမျိုးပေါ့။ သူ့အနေနဲ့ အရုပ်တွေမသိမ်းတဲ့အခါမှာ”. . .

ကလေးကို လိမ္မာရေးခြားရှိလာအောင် စည်းကမ်းချမှတ်ပြီး ဆုံးမတာကြောင့် ကလေးငယ်ရဲ့ အပြုအမူ ပြောင်းလဲသွားတာကို မိခင်တစ်ဦးက အခုလိုပြောပြပါတယ်။

“ကျွန်မကတော့ ကလေးကို မျက်နှာထားခပ်တင်းတင်းနဲ့ စည်းကမ်းချမှတ်ပေးထားပါတယ်။ အရုပ်တွေကို ကစားပြီး ပြန်မသိမ်းရင် နောက်ထပ်အရုပ်တွေ ဝယ်မပေးတော့ဘူးဆိုတာမျိုးပေါ့။ သူ့အနေနဲ့ အရုပ်တွေမသိမ်းတဲ့အခါမှာ ကျွန်မပြောထားတဲ့စကားကို ပြန်ပြောပြီး အရုပ်မပူဆာဖို့ ပြောလိုက်ပါတယ်။ အရုပ်ကိုလိုချင်လွန်းလို့ ဘယ်လောက်ပူဆာပါစေ ကျွန်မလွှတ်ထားလိုက်တာပါပဲ။ နောက်ပိုင်းမှာတော့ စည်းကမ်းမလိုက်နာရင် သူလိုချင်တာမရဘူးဆိုတာ သိသွားတဲ့အတွက် ကျွန်မချမှတ်ထားတဲ့ စည်းကမ်းနဲ့အညီ နေတတ်သွားတဲ့ကလေး ဖြစ်လာပါတယ်”

alignnone size-medium wp-image-55886
ရိုက်နှက်ဆုံးမပြီး အပြစ်ပေးမှ ကလေးကသိတတ်မှု ရှိလာလိမ့်မယ်လို့ အထင်ရှိနေသူတွေအတွက် ငယ်စဉ်က အပြစ်ပေးခံခဲ့ရသူတစ်ဦးက အခုလိုရင်ဖွင့်စကား ဆိုထားပါတယ်။

“ကျွန်တော်ကငယ်ငယ်က ဆိုးသွမ်းတဲ့ကလေးမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်နေ့မှာ အစ်ကိုဝမ်းကွဲတွေနဲ့အတူ သူများခြံထဲက မာလကာသီးကို တံခြူနဲ့ဆွတ်ပြီး စားမိပါတယ်။ အိမ်ရောက်တော့ ကျွန်တော့်အဖေက ဝါးလုံးကျိုးတဲ့အထိ ရိုက်ပါတယ်။ ကျွန်တော့်အဲဒီတုန်းက အသက်ခုနစ်နှစ်ပဲ ရှိပါသေးတယ်။ ကျွန်တော့်အဖေကို ကျွန်တော်နားမလည်နိုင်အောင် ဖြစ်ခဲ့ရပါတယ်။ ကျွန်တော်ဘာများမှားခဲ့လို့လဲ၊ ကျွန်တော်လုပ်မိတဲ့အပြစ်က ဒီလောက်အထိ ကြီးကျယ်ခဲ့လို့လား၊ ကျွန်တော့်တင်ပါးနဲ့ ခြေသလုံးတွေမှာ အရှိုးရာတွေထင်ပြီး နှစ်ရက်လောက် အိပ်ရာကမထနိုင်တဲ့အထိ ရိုက်စရာလိုလို့လား။ ကျွန်တော့်စိတ်ထဲမှာ အဲဒီနေ့ကစပြီး အိမ်နဲ့ဝေးရာကိုပြေးဖို့ပဲ ကြိုးစားနေမိပါတယ်”

alignnone size-medium wp-image-55887
ရိုက်နှက်ဆုံးမတာက သင့်တော်တဲ့ ဆုံးမနည်းလား

ကလေးတစ်ယောက်ကို ပြုပြင်ချင်လို့ အပြစ်ပေးတယ်ဆိုပြီး ဆုံးမတာက နည်းလမ်းကောင်းတစ်ခုလို့ ဆိုနိုင်ပေမယ့် ခန္ဓာကိုယ်ကို နာကျင်အောင်ရိုက်နှက်ပြီး အပြစ်ပေးတာက ကောင်းတဲ့လက္ခဏာ မရှိပါဘူး။ ရိုက်လိုက်ရင် ကလေးငယ်ရဲ့ ဆိုးသွမ်းတဲ့အပြုအမူက ခဏတာရပ်ရင်ရပ်သွားမယ်၊ ဒါပေမဲ့ ရေရှည်မခံပါဘူး၊ ဒီလိုရိုက်နှက်ဆုံးမတာရဲ့ နောက်ဆက်တွဲအနေနဲ့ ကလေးကရန်လိုလာမယ်၊ သူလုပ်လိုက်တဲ့အပြုအမူကို အပြစ်ပေးတယ်လို့မထင်ဘဲ လူကိုအပြစ်ပေးတယ်လို့ထင်ပြီး မိဘကိုစိတ်ခုနိုင်တယ် . . ရိုက်နှက်ဆုံးမတာက ကလေးနဲ့မိဘကြား ယုံကြည်မှုတွေ ပျက်သုဉ်းသွားတယ်၊ ကလေးက မလုံခြုံသလို ခံစားရတယ်၊ ကလေးနဲ့ မိဘကြား ဆက်သွယ်မှုက ပျက်ပြားသွားတယ်၊ နောက်ဆုံး ကလေးနဲ့မိဘကြား ထိတွေ့ဆက်ဆံမှုက ရိုက်နှက်ဆုံးမတာ တစ်မျိုးပဲရှိသလို ဖြစ်သွားပါတယ်။ ဒါကြောင့် ရိုက်နှက်ဆုံးမတယ်ဆိုတာ ကလေးရဲ့စိတ်ပိုင်းဆိုင်ရာကို နာကျင်ထိခိုက်စေနိုင်လို့ မကောင်းပါဘူးလို့ စိတ်ပညာရှင်တွေကလည်း ထောက်ပြပြောဆိုထားပါတယ်။<\p>

“ရိုက်နှက်ဆုံးမတယ်ဆိုတာက အပြစ်လုပ်တိုင်း ငြိမ်ငြိမ်သက်သက်နေစေခြင်း၊ သူလိုချင်တာကို ဝယ်မပေးတဲ့နည်းနဲ့ အပြစ်ပေးခြင်း အစရှိတဲ့ တခြားအပြစ်ပေးတဲ့ နည်းလမ်းတွေ အကုန်သုံးပြီး မအောင်မြင်တော့မှ၊ အင်မတန်ဆိုးတဲ့ ကလေးဆိုမှသာ နောက်ဆုံးလက်နက်အနေနဲ့ပဲ သုံးသင့်ပါတယ်။”

“ကလေးက ပြောစကားနားမထောင်တော့ စိတ်တိုတာပေါ့၊ ကလေးကို စိုးရိမ်လို့ ဒေါသထွက်တာပေါ့”လို့ မိဘတွေက ပြောတတ်ကြပါတယ်။ တစ်ခါတလေ မိဘဒေါသထွက်တာက ပုံမှန်မဟုတ်ဘဲ ကလေးလုပ်လိုက်တဲ့ အပြုအမူထက် ပိုပြီး ဒေါသထွက်နေတတ်ကြပါတယ်။ ရိုက်နှက်အပြစ်ပေးတဲ့ မိဘတွေက ကလေးကို အန္တရာယ်မဖြစ်စေချင်လို့၊ ကောင်းစေချင်လို့ ရိုက်နှက်အပြစ်ပေးတာလို့ ဆိုပေမယ့် သုတေသနပညာရှင်တွေက လေ့လာထားတာတော့ မိဘအတော်များများက ကလေးကို ရိုက်နှက်တယ်ဆိုရင် ကလေးလိမ္မာသွားတာထက် သူဖြစ်စေချင်တာကို လိုက်မလုပ်လို့ သူ့လိုဘမပြည့်တဲ့အတွက် သူခံစားရတဲ့ စိတ်ဝေဒနာ လျော့သွားစေဖို့ ရိုက်နှက်တာက များတယ်လို့ ဆိုထားပါတယ်။

alignnone size-medium wp-image-55888

ရိုက်နှက်ဆုံးမတယ်ဆိုတာက အပြစ်လုပ်တိုင်း ငြိမ်ငြိမ်သက်သက်နေစေခြင်း၊ သူလိုချင်တာကို ဝယ်မပေးတဲ့နည်းနဲ့ အပြစ်ပေးခြင်း အစရှိတဲ့ တခြားအပြစ်ပေးတဲ့ နည်းလမ်းတွေ အကုန်သုံးပြီး မအောင်မြင်တော့မှ၊ အင်မတန်ဆိုးတဲ့ ကလေးဆိုမှသာ နောက်ဆုံးလက်နက်အနေနဲ့ပဲ သုံးသင့်ပါတယ်။ ဒါတောင်မှ အသားပိုများတဲ့နေရာ (ဥပမာ တင်ပါး၊ ပေါင်) တို့ကိုပဲ ရိုက်သင့်ပါတယ်။

ကလေးကို ရိုက်နှက်ပြီး ဆုံးမလိုက်ရင် လိမ္မာသွားမယ်လို့ ထင်နေပါသလား။ တကယ်တမ်းက အကောင်းနဲ့အဆိုး ခွဲခြားတတ်ပြီး အကြောင်းအကျိုး ဆင်ခြင်တတ်အောင် စိတ်ရှည်ရှည်နဲ့ သွန်သင်ဆုံးမပေးဖို့က ပိုအရေးကြီးတယ်လို့ ကလေးသူငယ်ပြုစုရေးဆိုင်ရာ ကျွမ်းကျင်သူတွေက လမ်းညွှန်ထားပါတယ်။

Most Popular

Healthy Life Ad
To Top